(၈၀) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး Body မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်မှ ထုတ်ပြန်ချက်

(၈၀) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး Body မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်မှ ထုတ်ပြန်ချက်

ဥက္ကဌကြီးနှင့်

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား …

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားရဲ့ လုပ်ငန်းတိုးတက်မှုတွေအကြောင်း လာရောက်တင်ပြရတဲ့အတွက် ဂုဏ်ယူပါတယ်။

ပြီးခဲ့တဲ့တစ်ခေါက်က ဒီကော်မတီမှာ ကျွန်တော်လာရောက်ပြောကြားပြီးကတည်းက မြန်မာနိုင်ငံမှာ နိုင်ငံတကာရာဇဝတ်မှု ဖြစ်ပွားတဲ့အကြိမ်ရေနဲ့ ပြင်းထန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒီရာဇဝတ်မှုတွေကို မှတ်တမ်းတင်ဖို့ အထောက်အထားများစုဆောင်းရာမှာ တိုးတက်မှုတွေရှိနေပါတယ်။ ဒီနေ့အထိ ကျွန်တော်တို့ဟာ သက်သေထွက်ဆိုချက်ပေါင်း ၆၀၀ ကျော်အပါအဝင် အထောက်အထားရင်းမြစ်ပေါင်း ၁,၃၀၀ ကျော်နဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။

စစ်အာဏာပိုင်တွေက ဖမ်းဆီးထားသူတွေကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအမျိုးမျိုး ကျူးလွန်နေကြောင်း အထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းထားပါတယ်။ ဒါ့အပြင် ကျူးလွန်သူတွေနဲ့ တပ်မှူးတွေရဲ့ ကိုယ်ရေးအချက်အလက်အထောက်အထားတွေကိုလည်း စုဆောင်းနေပါတယ်။ စစ်တပ်နှင့် အတိုက်အခံအဖွဲ့နှစ်ဖက်စလုံးက သူတို့တို့ဖမ်းဆီးထားတဲ့ တိုက်ခိုက်ရေးသမားတွေ ဒါမှမဟုတ် အရပ်သားတွေကို အကျဥ်းချုံး ကွပ်မျက်နေတာတွေကိုလည်း  ကျွန်တော်တို့ မှတ်တမ်းတင်ထားပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကို ပိုပြီးအားထားလာပါတယ်။ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ နေအိမ်တွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို တိုက်ခိုက်နေတာကို ကျွန်တော်တို့ ဦးစားပေးပြီး စုံစမ်းစစ်ဆေးနေပါတယ်။

၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာတွေရဲ့ပိုင်ဆိုင်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းနဲ့ သိမ်းယူခြင်းအကြောင်း စိစစ်သုံးသပ်ချက်အစီရင်ခံစာရဲ့ အကျဥ်းချုပ်ကို ပြီးခဲ့တဲ့လက ကျွန်တော်တို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ ရိုဟင်ဂျာတွေရဲ့ နေအိမ်၊ စီးပွားရေးလုပ်ငန်းနဲ့ ဘာသာရေးအဆောက်အဦးတွေ ဖျက်ဆီးခံခဲ့ရပုံ၊ အဲဒီနေရာတွေမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့အခြေစိုက်စခန်းတွေ အစားထိုးတည်ဆောက်ထားပုံတွေကို စုံစမ်းစစ်ဆေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ပိုပြီးပြင်းထန်နေပါတယ်။ ရက္ခိုင့်တပ်တော်က ပြည်နယ်အတွင်း နယ်မြေအများစုကို သိမ်းပိုက်ထားပြီး စစ်တပ်ဘက်ကလည်း ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပြန်လည်တုံ့ပြန်နေပါတယ်။ လူမျိုးစုပေါင်းစုံက အရပ်သားတွေဟာ ဆင်းရဲဒုက္ခရောက်နေကြပါတယ်။ ရိုဟင်ဂျာတွေကို စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်နှစ်ဖက်စလုံးက စစ်သားအဖြစ်စုဆောင်းနေပြီး ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကလည်း လက်ရှိတိုက်ပွဲတွေမှာ ပါဝင်နေပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဒရုန်းတိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ မုဒိန်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုကြုံနေရသူတွေဆီပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို တားဆီးဟန့်တားတဲ့ဖြစ်ရပ်တွေနဲ့ဆိုင်တဲ့ သက်သေအထောက်အထားတွေကို ယန္တရားက စုဆောင်းနေပါတယ်။ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို မှတ်တမ်းပြုစုဖို့ ယန္တရားက ဒီဖြစ်ရပ်တွေကို မျက်မြင်တွေ့ခဲ့သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံတွေနဲ့ ပွင့်လင်းရင်းမြစ်မှာရရှိနိုင်တဲ့ အထောက်အထားတွေကို စိစစ်ခြင်းနဲ့ အတည်ပြုခြင်းတွေ လုပ်ဆောင်နေပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အချက်အလက်တွေကို မျှဝေပေးလိုသူတွေအနေနဲ့လည်း ကျွန်တော်တို့ဆီဆက်သွယ်ပေးဖို့ ကြိုဆိုပါတယ်။ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် နှစ်ဖက်စလုံးဆီက အချက်အလက်တွေရရှိဖို့ ယန္တရားက ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့အထိ နှစ်ဖက်လုံးက ပူးပေါင်းဆောင်ရွက်မှုမရှိသေးတာကိုလည်း အသိပေးလိုပါတယ်။

ယန္တရားက မျှဝေပေးတဲ့အထောက်အထားတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးက တရားလိုရှေ့နေရုံးနဲ့ အာဂျင်တီးနားဖက်ဒရယ်ရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးရေးတရားသူကြီးတို့က အသုံးပြုပါတယ်။ မြန်မာနိုင်ငံက လူမျိုးပြုန်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ချမှတ်ရန် သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားတွေကို ပျက်ကွက်ခဲ့တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားတဲ့ နိုင်ငံတကာတရားရုံးကအမှုမှာ အသုံးပြုဖို့ အချက်အလက်တွေကိုလည်း ယန္တရားက မျှဝေပေးနေပါတယ်။

မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အသုံးပြုခဲ့တဲ့ လက်နက်နဲ့ စစ်ရေးသုံးကိရိယာတွေကို ရောင်းချပေးတဲ့ လူပုဂ္ဂိုလ်တွေ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်နေခြင်းရှိမရှိ စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတွေနဲ့လည်း ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ဥက္ကဌကြီးခင်ဗျား

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ယန္တရားကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အရင်းအမြစ်တွေ စီစဥ်ချထားပေးခဲ့တာပါ၊ အခုအချိန်မှာ စုံစမ်းစစ်ဆေးရမယ့် ရာဇဝတ်မှုအရေအတွက်ဟာ နဂိုမျှော်မှန်းထားတာထက် တော်တော်လေး ကျော်လွန်နေပါတယ်။

ကံမကောင်းစွာပဲ၊ လက်ရှိဖြစ်နေတဲ့ ပုံမှန်ဘတ်ဂျက်အခက်အခဲနဲ့ အလှူရှင်တွေရဲ့ စေတနာအလျောက်ထည့်ဝင်မယ့် ရန်ပုံငွေကတိပြုမှုတွေ လျော့နည်းလာတာကြောင့် လာမယ့်နှစ်အစောပိုင်းမှာ  ယန္တရားရဲ့ ဝန်ထမ်းအင်အား သုံးပုံတစ်ပုံကျော် ဆုံးရှုံးရမယ့် အန္တရာယ်ရှိနေပါတယ်။ ဒီထဲမှာ လိင်ပိုင်းဆိုင်ရာနဲ့ ဂျင်ဒါအခြေပြုရာဇဝတ်မှုတွေ၊ ကလေးတွေကို ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အထူးပြုစုံစမ်းစစ်ဆေးတဲ့ ကျွမ်းကျင်ပညာရှင်တွေအပြင် အများပြည်သူ အလွယ်တကူရရှိနိုင်တဲ့ အချက်အလက်တွေကို မှုခင်းပညာနည်းနဲ့အတည်ပြုပြီး တန်ဖိုးရှိတဲ့ အထောက်အထားတွေအဖြစ် အသုံးပြုနိုင်စေတဲ့ ပွင့်လင်းရင်းမြစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေလည်း ပါဝင်ပါတယ်။

တာဝန်ခံမှုနဲ့ နိုင်ငံတကာတရားမျှတမှုဟာ အရေးကြီးတဲ့လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ရာဇ၀တ်မှုတွေအတွက် တရားမျှတမှုရရှိအောင် ကြိုးပမ်းခြင်းက မြန်မာနိုင်ငံက ရာဇဝတ်မှုကျူးလွန်သူတွေကိုသာမက ပြစ်မှုကျူးလွန်သူအားလုံးကို အရေးကြီးတဲ့သတင်းစကားတစ်ခု ပေးပို့နိုင်ပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အခါ၊ နိုင်ငံတကာဥပဒေကိုလျစ်လျူရှုတဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းက  လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစီရင်နိုင်ဖို့ ဒီအခန်းထဲမှာရှိနေကြတဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်တော်တို့  အသင့်ရှိနေပါတယ်။

 ကျေးဇူးတင်ပါတယ်။


မူရင်းပို့စ်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia