အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး၊ အတုအယောင်ရွေးကောက်ပွဲအား ငြင်းပယ်ရမည်

23 October 2025

အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး၊ အတုအယောင်ရွေးကောက်ပွဲအား ငြင်းပယ်ရမည်

မြန်မာစစ်အုပ်စု ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေမှုအား အဆုံးသတ်ရန်နှင့် မှားယွင်းသောနိုင်ငံရေးတရားဝင်မှု ဖန်တီးရန်အတွက် တရားမဝင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေး စစ်အုပ်စု၏ ကြိုးပမ်းနေမှုအား ဆန့်ကျင်ရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို Justice For Myanmar က တောင်းဆိုလိုက်သည်။

ယခုတောင်းဆိုမှုသည် ကွာလာလမ်ပူမြို့တော်တွင် မလေးရှားနိုင်ငံက လက်ခံကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီ ယံထိပ်သီးအစည်းအဝေး မကျင်းပမီ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အာဆီယံက ၎င်းတို့၏ မအောင်မြင်သော ဘုံသဘောထားငါးရပ်ကို ပြဌာန်းခဲ့ပြီး လေးနှစ်ကျော်ကာလသို့ ရောက်ရှိလာသည့်တိုင် မြန်မာစစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးနှင့် နိုင်ငံ ဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကိုသာ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး၊ ယင်းသို့လုပ်ဆောင်နိုင်အောင် အာဆီယံ၊ ၎င်း၏အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ၏ ကြံရာပါပတ်သက်မှုများက အားပေးကူညီခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်လျက်ရှိရာ နိုင်ငံတဝန်း အရပ်ဘက် စစ်ဘက်မခွဲခြားသော အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာပြီး၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ မုဒိန်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ညှဉ်းပမ်းနှိပ်စက်မှုများ၊ လူနေကျေးရွာများအား ရည်ရွက်ချက်ရှိရှိ စနစ်တကျဖျက်ဆီးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ စစ်အုပ်စုကြောင့် ထိခိုက်ခံစားရသူများတွင် ကလေးသူငယ်များ ပါဝင်မှုသည်လည်း မြင့်တက်လာသည်။

လူပေါင်း ၂၂,၀၀၀ ကျော်သည် တရားဥပဒေမဲ့ ထိန်းသိမ်းခံထားရပြီး၊ စစ်အုပ်စု၏ ညှဉ်းပမ်းနှိပ်စက်မှုများကို ခံစား နေကြရဆဲဖြစ်သည်။ တစ်ချိန်တည်းတွင် စောင့်ကြည့်ထောက်လှမ်းမှုများနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်မှု ကိုလည်း အင်တိုက်အားတိုက် လုပ်ဆောင်လာသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများသည် အဆိုပါနိုင်ငံတကာရာဇဝတ်မှုများကို လောင်စာဖြည့် အားပေးကူညီသည့်အပြင် ဘဏ္ဍာငွေအရလည်း ထောက်ပံ့နေသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင် အခြေစိုက်သည့် အနည်းဆုံး ကုမ္ပဏီ ၅၄ ခုသည် စစ်အုပ်စုနှင့် ၎င်းတို့၏ ဆက်စပ်ကုမ္ပဏီ များနှင့် စီးပွားရေးဆက်နွှယ်မှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။ ယင်းစီးပွားရေးဆက်နွှယ်မှုများတွင် လေယာဉ်ဆီ ရောင်းချပေးအပ်မှုများအပါအဝင် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊ သစ်လုပ်ငန်း၊ မြေငှားရမ်းလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ ပါဝင်ပြီး၊ ယင်းတို့သည် စစ်အုပ်စု၏ နိုင်ငံတဝန်း အကြမ်းဖက်စစ်ဆင်ရေးအား အသက်ဆက်ပေးနေသည့် အသက်သွေးကြောများလည်း ဖြစ်သည်။

စစ်အုပ်စုသည် ကမ္ဘာလုံးဆိုင်ရာထိခိုက်မှုများနှင့် ဒေသတွင်း မတည်ငြိမ်မှုများကို ဖြစ်စေခဲ့သည့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများနှင့် အခြားသော နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများမှတဆင့် ၎င်းတို့၏ နိုင်ငံတကာရာဇဝတ်မှုများကို ဘဏ္ဍာငွေ ဖြည့်တင်းလုပ်ဆောင်နေသည်။

အာဆီယံ၏ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မူဘောင်များသည် မြန်မာစစ်တပ်အား အစည်းအဝေးများတွင် တက်ရောက်ခွင့်၊ ထောက်လှမ်းရေးသတင်းအချက်အလက်နှင့် လေ့ကျင့်သင်တန်းများ တက်ရောက်ခွင့်တို့ကို ပေးအပ်ထားသည်။ အာဆီယံတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှုသည် စစ်အုပ်စုအတွက် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုကြီးများ ဆက်လက်ကျူးလွန်ရန်၊ ၎င်းတို့၏ စွမ်းဆောင်ရည်များကို တိုးချဲ့မြှင့်တင်ရန်၊ ဝါဒဖြန့်ချိမှုရည်ရွယ်ချက်များအတွက် ဇာတ်ကြောင်းဖန်တီးရန်၊ မှားယွင်းသော နိုင်ငံရေးတရားဝင်မှုရှာဖွေရန်၊ ဒေသတွင်းအင်အာကြီးနိုင်ငံများနှင့် နှစ်နိုင်ငံစစ်ရေးဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ရန်တို့ကို ခွင့်ပြုပေးခဲ့သည်။

ယခုထိပ်သီးအစည်းအဝေးတွင် အာဆီယံအနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ငြင်းဆန်ခြင်း၊ အာဆီယံနှင့် လက်အောက်ခံအဖွဲ့အစည်းများတွင် စစ်အုပ်စုနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား တားမြစ် ပိတ်ပင်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် မြန်မာပြည်သူများ၏ လှုပ်ရှားရုန်းကန်မှုနှင့်အတူ ရပ်တည်ပေးခြင်း တို့ဖြင့် ၎င်းတို့၏ ကြံရာပါပတ်သက်နေမှုအား အဆုံးသတ်နိုင်မည့် အခွင့်အရေး ရှိနေသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်း ကိရိယာ၊ နည်းပညာနှင့် လေယဉ်ဆီလမ်းကြောင်းများကို ချက်ချင်း ဖြတ်တောက်ရမည်ဖြစ်သည်။

စစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားရေးအဖွဲ့အစည်းဖြစ်သည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)” မှ အမည်ခံ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအက)” အဖြစ် အမည်ပြောင်းလဲခဲ့သည်။ ထိုသို့ တွက်ချက်ပြင်ဆင်ထားသည့် အရွေ့သည် စစ်အုပ်စုအတွက် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားနိုင်ရန်နှင့် ၎င်းတို့ ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံမှုကို မှေးမှိန်စေရန် ကူညီပေးနိုင်ကြောင်း Justice For Myanmar က သတိပေးလိုသည်။

နလအက အဖြစ် အမည်ပြောင်းလဲမှုသည် တရားဝင်မှုရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းအား လှည့်စားရန် ပရိယာယ်တစ်ရပ်သာဖြစ်ကြောင်းကို အာဆီယံအနေဖြင့် ရှင်းလင်းစွာ ရှုမြင်သဘောပေါက်ရန် ကျွန်ုပ်တို့ တောင်းဆိုသည်။

နစကအား ဒဏ်ခတ်ပိတ်ဆို့ထားသည့် အာဆီယံမိတ်ဖက်နိုင်ငံများဖြစ်ကြသော ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့အနေဖြင့် နလအကအား ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထည့်သွင်းရန် အရေးတကြီး ဖြည့်စွက်သင့်ပြီး၊ မိမိတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများအား ရှောင်ရှားခြင်းမှ ကာကွယ်သင့်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်အုပ်စုရဲ့ အမည်ခံရွေးကောက်ပွဲက ဒီမိုကရေစီကိုဦးတည်တဲ့ လမ်းကြောင်းတစ်ရပ် မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုကို မှားယွင်းစွာ တရားဝင်မှုပေးနိုင်ဖို့အတွက် စစ်အုပ်စုက ဒီဇိုင်းဆွဲထားတဲ့ လှည့်ကွက်တစ်ခုသာဖြစ်ပါတယ်။

အာဆီယံခေါင်းဆောင်တွေ စုစည်းတွေ့ဆုံချိန်မှာ သူတို့အနေနဲ့ တရားမဝင်စစ်အုပ်စုက ကျင်းပပေးတဲ့ လွတ်လပ် မျှတပြီး ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲဆိုတာဟာ ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း သိမြင်ရပါမယ်။

မြန်မာပြည်သူတွေက ပြတ်ပြတ်သားသား ငြင်းပယ်ထားပြီးဖြစ်တဲ့ တရားမဝင်စစ်အုပ်စုက သေနတ်ထောက်ကျင်းပတဲ့ ရေးကောက်ပွဲတစ်ရပ်ဟာ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ ဒီအတုအယောင်လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ရမှာဖြစ်ပြီး၊ ရွေးကောက်ပွဲစောင့်ကြည့်သူများ စေလွှတ်ခြင်း မပြုရမယ့်အပြင်၊ စစ်အုပ်စုကို  တရားဝင်မှုဖြစ်စေမယ့် ဘယ်နည်းလမ်းကိုမဆို ငြင်းဆန်ရမှာ ဖြစ်ပါတယ်။

ကော်ပိုရိတ်ကြံရာပါမှုတွေကို ဖြေရှင်းဖို့ အာဆီယံရဲ့ ပျက်ကွက်မှုက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီခဲ့တာဖြစ်ပါတယ်။ အာဆီယံအနေနဲ့ စစ်အုပ်စုကို ငွေကြေး၊ လေယာဉ်ဆီနဲ့ နည်းပညာစီးဝင်မှုလမ်းကြောင်းတွေ ဖြတ်တောက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တွန်းအားပေးခြင်းနဲ့ ဖြေရှင်းရမှာလည်း ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကနေ မြန်မာပြည်သူတွေသာမက ဒေသတွင်းနဲ့ဒေသပြင်ပက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့ သားကောင်တွေကိုပါ ကာကွယ်နိုင်ဖို့အတွက် မိမိတို့တာဝန်ဝတ္တရားများကို ဖြည့်ဆည်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။


pdf ဖိုင် ရယူရန် in English | Myanmar

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia