Justice For Myanmar ၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် ရွေးချယ်ခံရ

1 October 2025

Justice For Myanmar ၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် ရွေးချယ်ခံရ

Justice For Myanmar သည် ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပါသည်။ Right Livelihood Award သည် လူသားအားလုံးအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့မှုတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြသော ကမ္ဘာတဝန်းမှ အပြောင်းအလဲ ဖော်ဆောင်နိုင်သူများအား အသိအမှတ်ပြု ပေးအပ်ခြင်းဖြစ်ပါသည်။

ကျွန်ုပ်တို့အား စေ့ဆော်မှုများဖြစ်စေသည့် ပစိဖိတ်ကျွန်းစု၊ ထိုင်ဝမ်နှင့် ဆူဒန်တို့မှ ဆုရှင်များနှင့်အတူ အသိအမှတ်ပြုခံရခြင်းအတွက် ကျွန်ုပ်တို့ များစွာဂုဏ်ယူပါသည်။

Justice For Myanmar သည် စစ်တပ်၏ အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှု စတင်ခဲ့ပြီး ငါးနှစ်နီးပါးကြာမြင့်သည်အထိ ကြီးစွာသော ကိုယ်ကျိုးစွန့်ပေးဆပ်မှုများနှင့် စစ်အုပ်စုအား ဂုဏ်ရောင်ပြောင်မြောက်စွာ ဆန့်ကျင်တော်လှန်လျက်ရှိသည့် မြန်မာပြည်သူများ၏ အံမခန်းသတ္တိဗျတ္တိကို ဂုဏ်ပြုသည့်အနေဖြင့် ဤဆုကို လက်ခံရယူပါသည်။

ဤဆုသည် ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် မြန်မာပြည်သူများ၏ ရုန်းကန်ကြိုးပမ်းမှုများကို ကမ္ဘာကြီးက မေ့လျော့ထားခြင်းမရှိကြောင်းပြသသည့် ခွန်အားပါသော အသိပေးနှိုးဆော်ချက်တစ်ရပ်လည်း ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်သည် လူအစုအပြုံလိုက် သတ်ဖြတ်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများ၊ အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ၊ မုဒိန်းကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ကျေးရွာများအား အစီအစဉ်ချ မီးရှို့ဖျက်ဆီးမှုများဖြင့် နိုင်ငံတဝန်းအကြမ်းဖက်စစ်ဆင်ရေးကို လုပ်ဆောင်လျက်ရှိသည်။

လူသတ်စစ်တပ်အား ဘဏ္ဍာငွေနှင့် စစ်လက်နက်များ ထောက်ပံ့ခြင်း၊ လိုအပ်သည့်စွမ်းဆောင်ရည်များ တပ်ဆင်ပေးခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေကြသော အစိုးရများ၊ နိုင်ငံတကာကော်ပိုရေးရှင်းများ၊ နိုင်ငံတကာဘဏ်များနှင့် မြန်မာခရိုနီများကြောင့်လည်း စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးသည် သက်ဆိုးရှည်နေခြင်းဖြစ်သည်။

စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများကပင် ကျူးလွန်နေခြင်းဖြစ်သည်။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏ စုံစမ်းစစ်ဆေးမှုအောက်သို့ ရောက်ရှိနေပြီး၊ ယင်းကျူးလွန်သူများကို အာဂျင်တီးနားနိုင်ငံ၏ ဖက်ဒရယ်ရာဇဝတ်ခုံရုံးကလည်း ဖမ်းဝရမ်းများ ထုတ်ထားသည်။

စစ်အုပ်စုသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အတုအယောင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် ပြင်ဆင်နေသည့်အလျောက် ခုခံတော်လှန်မှုများကို ဖြိုခွဲနှိမ်နှင်းရန်အတွက် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်လာသော်လည်း ၎င်းတို့၏ အချီးနှီးကြိုးပမ်းမှုသည် ကျရှုံးမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အနာဂတ်သည်လည်း အတိမ်းအစောင်းမခံသည့် အခြေအနေတွင် ရောက်ရှိနေသည်။

  မြန်မာနှင့် ကမ္ဘာတဝန်းမှ တရားမျှတမှုအတွက်တိုက်ပွဲ

Justice For Myanmar အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများသည် တရားမဝင်စစ်အုပ်စုအား ကျားကန်ထောက်ကူပေးထားသည့် ကွန်ရက်များအား ဖော်ထုတ်ဟန့်တားရန်နှင့် အရေးယူတာဝန်ခံစေရေး ကြိုးပမ်းလျက်ရှိပါသည်။

နိုင်ငံစုံကော်ပိုရေးရှင်းကြီးများနှင့် ကမ္ဘာ့စစ်လက်နက်ရောင်းဝယ်ရေးလုပ်ငန်းကြီးများ အပါအဝင် စစ်အုပ်စု၏ အသက်သွေးကြောလုပ်ငန်းများအပေါ် ဆန့်ကျင်သည့် လှုပ်ရှားတောင်းဆိုမှုများသည် စစ်အုပ်စုဆက်နွှယ် ထုတ်ကုန်များအား သပိတ်မှောက်ခဲ့ကြသည့် သာမာန်နိုင်ငံသားများ၊ ခြိမ်းခြောက်မှုများကိုမမှုဘဲ ဆန္ဒဖော်ထုတ်သူများ၊ အမှန်တရားဖော်ထုတ်ရန်အတွက်  အရာရာကိုစွန့်စားရင်းနှီးခဲ့ကြသည့် သူ့လူကိုယ့်ဘက်သား သတင်းပေးဖော်ထုတ်သူများ၊ ထိုထိုသော မြန်မာပြည်သူများ၏ ပြောင်မြောက်လှသည့် ရဲစွမ်းသတ္တိတို့မှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာပြည်သူများနှင့်အတူ ကမ္ဘာတဝန်းမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကလည်း ပူးပေါင်းခဲ့ကြပြီး၊ စစ်ရာဇဝတ်ဂိုဏ်းအား အပြီးတိုင်ဖျက်သိမ်းရေး မြန်မာပြည်သူများ၏ ခိုင်မာပြတ်သားသည့် အားထုတ်မှုများတွင် သွေးစည်းညီညွတ်စွာ ရပ်တည်ခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် အဖိနှိပ်ခံလူထုအသီးသီး၏ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားရုန်းကန်မှုများတွင် သွေးစည်းညီညွတ်စွာ ရပ်တည်ကြပါသည်။

မြန်မာပြည်သူတို့၏ လှုပ်ရှားရုန်းကန်မှုသည် ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲတစ်ခု၏ အစိတ်အပိုင်းဖြစ်ကြောင်း Right Livelihood Award က ထပ်လောင်းအတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။

မြန်မာစစ်ရာဇဝတ်ဂိုဏ်းအား အပြီးတိုင်ဖျက်သိမ်းရေးအတွက် ကမ္ဘာတဝန်းမှ လူပုဂ္ဂိုလ်များ၊ လှုပ်ရှားမှုများနှင့် အစိုးရများထံမှ ပံ့ပိုးကူညီမှုများ ပိုမိုလိုအပ်နေပါသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို အံ့မခန်း သတ္တိ၊ ဂုဏ်သိက္ခာ၊ ခွန်အားတွေနဲ့ ဂုဏ်ရောင်ပြောင်မြောက်စွာ ဆက်လက်ခုခံတော်လှန်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ကျွန်မတို့ လက်ခံရယူပါတယ်။

ဒီဆုဟာ စစ်တပ်ရဲ့ အကြမ်းဖက်ရက်စက်မှုတွေ ကင်းစင်တဲ့ အနာဂတ်တစ်ခု ရရှိရေးအတွက် မိမိတို့ အသက်ခန္ဓာကို ပေးဆပ်ခဲ့ကြတဲ့ မြောက်များစွာသော မြန်မာပြည်သူပြည်သားတွေအတွက် ဖြစ်ပါတယ်။ ဒီဆုဟာ နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်မှုတွေကြားက မယိမ်းမယိုင် ရပ်တည်နေကြသူတွေ၊    စစ်အုပ်စုရဲ့ နိုင်လိုမင်းထက်ပြု အုပ်ချုပ်မှုတွေကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ဘယ်အရာကိုမှမမှုဘဲ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ သတင်းပေးထုတ်ဖော်သူတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွက်လည်း ဖြစ်ပါတယ်။

ဒီဆုက ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်မာလာစေပါတယ်။ ဒါဟာ မြန်မာပြည်သူတွေကို ကမ္ဘာကြီးက စောင့်ကြည့်လျက်ရှိကြောင်းနဲ့ မေ့လျော့ထားလိမ့်မှာမဟုတ်ကြောင်းကို စစ်အုပ်စုနဲ့ သူ့ရဲ့အားပေးကူညီသူတွေထံ ရှင်းလင်းတဲ့ သတင်းစကား ပါးလိုက်တာလည်း ဖြစ်ပါတယ်။

“လက်တွေ့အရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်ဖို့က အခုအချိန်မှာ အရေးကြီဆုံးပါပဲ”

ကမ္ဘာတဝန်းက အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့၊ ပြည်သူအပေါ် ကျူးလွန်တဲ့ စစ်အုပ်စုရဲ့အကြမ်းဖက်စစ်ဆင်ရေးကို သက်ဆိုးရှည်စေတဲ့ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီစီးဝင်မှုလမ်းကြောင်းတွေကိုရပ်တန့်ရေး ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကို ညှိနှိုင်းချမှတ်ကြဖို့ တောင်းဆိုပါတယ်။

ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ် ဆီရရှိနေမှုတွေကို ဖြတ်တောက်ဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပိုမိုသိရှိရန်

ယခုနှစ်အတွက် အခြားသော Right Livelihood ဆုရှင်များမှာ Emergency Response Rooms (ဆူဒန်နိုင်ငံ)၊ Pacific Islands Students Fighting Climate Change (International)၊ Julian Aguon (ဂူအမ်) နှင့် Audrey Tang (ထိုင်ဝမ်) တို့ ဖြစ်ပါသည်။

၁၉၈၀ ခုနှစ်မှစ၍ Right Livelihood Award သည် ကမ္ဘာလုံးဆိုင်ရာပြဿနာများအား လက်တွေ့ကျသော ဖြေရှင်းနည်းများဖြင့် ဖြေရှင်းဆောင်ရွက်နိုင်သူများအား ချီးမြှင့်ပေးအပ်ခဲ့သည်။ နှစ်စဥ် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအတွက် ဆုလေးဆုပေးအပ်သည်။ ယနေ့အချိန်အထိ နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ဆုရရှိသူပေါင်း ၂၀၃ ဦးရှိပြီဖြစ်သည်။


pdf ဖိုင် ရယူရန် in English | Myanmar

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia