မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားသော လူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့် ကွန်းဖရင့်၏ မျက်နှာစုံညီကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ သတင်းစကား

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားသော လူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့် ကွန်းဖရင့်၏ မျက်နှာစုံညီကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ သတင်းစကား

၁။        နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားသော လူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့် ကွန်းဖရင့် (High-level Conference on the Situation of Rohingya Muslims and Other Minorities) ကို ၃၀-၉-၂၀၂၅ ရက် (အင်္ဂါနေ့) တွင် ကျင်းပခဲ့ပါသည်။

၂။         ကွန်းဖရင့်တွင် အဖွင့်၊ မျက်နှာစုံညီနှင့် အပိတ် ကဏ္ဍ (၃) ခုဖြင့် ကျင်းပခဲ့ပြီး အဖွင့်ကဏ္ဍတွင် (၈၀) ကြိမ် မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးမှ Chef de Cabinet၊ Women Peace Network-Myanmar တည်ထောင်သူနှင့် အမှုဆောင်ညွှန်ကြားရေးမှူး မဝေဝေနု၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ Arakan Youth Peace Network တည်ထောင်သူ Mr. Rofik Husson၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi၊ Refugee Women for Peace and Justice ၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Lucky Karim၊ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Mr. Volker Türk၊ Rohingya Students Network တည်ထောင်သူ Mr. Maung Sawyeddollah နှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စာလှယ် H.E. Mr. Othman Hashim တို့က မြန်မာနိုင်ငံနှင့် ဒေသတွင်း၌ ရိုဟင်ဂျာနှင့် အခြားသော လူနည်းစုများအား လက်ခံပေးထားသည့် အိမ်ရှင်နိုင်ငံများအား ကျေးဇူးတင်ရှိ ကြောင်းနဲ့ ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေး၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ငွေကြေးထောက်ပံ့မှုဆိုင်ရာ အကျပ်အတည်းနှင့် စိန်ခေါ်မှုများ၊ စစ်တပ်မှ အာဏာသိမ်းမှုကြောင့် အကြမ်းဖက် မှုများ ဖြစ်ပေါ်နေပြီး ဒုက္ခသည်များ၏ အခြေအနေများ ပိုမို ဆိုးရွားလာကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို အပြည်ပြည်ဆိုင်ရာဥပဒေစည်းမျဉ်းများအရ တာဝန်ခံမှုရှိစေရေး စသည်ဖြင့် မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ ကြပါသည်။

၃။        ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းအနေဖြင့်လည်း မျက်နှာစုံညီကဏ္ဍတွင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။

၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင်ပါသည်-
(က)     ယနေ့ အဆင့်မြင့် ကွန်းဖရင့်အား ခေါ်ယူ ကျင်းပပေးသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ အဖွင့်ကဏ္ဍတွင် ဆွေးနွေးပြောကြားခဲ့သူများ၊ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိနှင့် ယနေ့ ကွန်းဖရင့် ဖြစ်မြောက်ရေးအတွက် Modalities Resolution တွင် Co-Facilitator များအဖြစ် ဆောင်ရွက်ပေးခဲ့ကြသည့် ဖင်လန်နှင့် မလေးရှား အမြဲတမ်းကိုယ်စားလှယ်တို့အား ကျေးဇူးတင်ရှိပါကြောင်း၊

(ခ)       ရိုဟင်ဂျာ မွတ်ဆလင်များ၏ အခြေအနေသည် ကာလကြာမြင့်စွာ ဖြစ်ပေါ်နေပြီး ကြီးလေးသော လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းကို ဖော်ပြကြောင်း၊

(ဂ)       မြန်မာပြည်တွင်းနှင့် အိမ်ရှင်အဖြစ် လက်ခံထားကြသည့်နိုင်ငံများတွင် နေထိုင်ကြသော ရိုဟင်ဂျာ များ ရင်ဆိုင်နေကြရသည့် စိန်ခေါ်မှုများမှာ ရှုပ်ထွေး၍ ဘက်ပေါင်းစုံ ရှုပ်ထွေးမှုလည်း ဖြစ်ကြောင်း၊

(ဃ)     လူအလုံးအရင်းဖြင့် ရွှေ့ပြောင်းမှု ဖြစ်ပေါ်ခဲ့ချိန်မှစ၍ နေရပ်စွန့်ခွာမှုသည် ဆက်လက် မြင့်တက် နေပြီး တိုက်ရိုက် အကျိုးသက်ရောက်မှု ခံစားနေရသူများအနေဖြင့် ယခင်ကရှိနှင့်ပြီးသော စိန်ခေါ်မှုများကိုသာမက စိန်ခေါ်မှုအသစ်များကိုပါ ရင်ဆိုင်နေရကြောင်း၊ ယင်းစိန်ခေါ်မှုများအနက် လူသားချင်းစာနာထောက်ထားမှုအကူအညီ မလုံလောက်မှု၊ ထပ်တလဲလဲဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ၊ ပညာရေး၊ ကျန်းမာရေးပြဿနာများ၊ အရွယ်မတိုင်မီ အိမ်ထောင်ကျခြင်း၊ ကလေးလုပ်သားနှင့် လူကုန်ကူးခြင်းတို့ ပါဝင်ကြောင်း၊
(င)       မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ဒုက္ခသည်များကို လက်ခံပေးထားကြသည့် အိမ်ရှင်နိုင်ငံများအပေါ် ကျေးဇူးကြွေးတင်ရှိနေပါကြောင်း၊ အိမ်ရှင်နိုင်ငံများအနေဖြင့် ဒုက္ခသည်များ၏ လူနေမှုဘဝ အခြေအနေ မြင့်မားစေရေးနှင့် ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုများ အပါအဝင် အလုပ်အကိုင် အခွင့်အလမ်းများပါ ရရှိစေရေးအတွက် ကူညီ လုပ်ဆောင်ပေးနိုင်မည့်အပေါ် အထူး ကျေးဇူးတင် ရှိ ပါကြောင်း၊
(စ)       အဆိုပါ အကျပ်အတည်းအား ထိရောက်စွာ ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံတွင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် ဝန်းကျင်ကောင်းတစ်ရပ် တည်ထောင်ရေး အပြင် မြန်မာနိုင်ငံနှင့် အိမ်ရှင်နိုင်ငံများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းထံမှ ထိရောက်သော အကူအညီများကိုလည်း အလျင်အမြန် လိုအပ်လျက်ရှိကြောင်း၊

(ဆ)     သို့ရာတွင် လက်ရှိအခြေအနေ၌ စစ်တပ်က ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်း လုံခြုံစွာ၊ သိက္ခာရှိစွာ၊ ဆန္ဒအလျောက် ပြန်လည်သွားရောက်နိုင်ရေးအတွက် အချိန်တိုအတွင်း ဖြစ်လာနိုင်မည့် အလားအလာ မည်သို့မျှ မတွေ့မြင်ရကြောင်း၊

(ဇ)       မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးယန္တရားတို့၏ အစီရင်ခံစာများတွင်လည်း မြန်မာနိုင်ငံရှိ လူ့အခွင့် အရေးအခြေအနေမှာ ဆိုးရွားလျက်ရှိသည်ဟု တညီတညွတ်တည်း ဖော်ပြထားကြောင်း၊

(ဈ)      ထိုသို့ ဆိုးရွားနေရခြင်း၏ အဓိက နောက်ခံအကြောင်းအရင်းမှာ စစ်တပ်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ စစ်တပ်သည်ပင်လျှင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပျက်စီး ဆိတ်သုဉ်းစေသည့် တရားခံ လက်သည်ဖြစ် ကြောင်း၊

(ည)     (၄) နှစ်ကျော်ကာလအတွင်းတွင် မြန်မာပြည်သူအားလုံးအနေဖြင့် ၎င်းတို့၏ ဘဝများအတွက် အလွန်အမင်း ရုန်းကန်နေရကြောင်း၊

(ဋ)       စစ်တပ်သည် ပြည်သူများအား ကျားမမဟူ၊ ကြီးငယ်မရွေး သတ်ဖြတ်ခြင်း၊ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အရပ်သားပြည်သူများအပေါ် အစဉ်တစိုက် စစ်မက် နည်းနာအသုံးပြု ခြင်း၊ အရပ်သားပြည်သူများ အကြောက်တရားဖြစ်စေရန် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် မြေပြင်တိုက်ခိုက်ခြင်းတို့ကို နေ့စဉ်နေ့တိုင်း ကျူးလွန်လျက်ရှိကြောင်း၊

(ဌ)       အတင်းအကြပ် စစ်မှုထမ်း ခိုင်းစေခြင်းကလည်း ရိုဟင်ဂျာ မိသားစုများနှင့် အခြားသော လူနည်းစု များ အပါအဝင် အိမ်ထောင်စု အားလုံးအတွက် ခြိမ်းခြောက်မှုဖြစ်နေကြောင်း၊ အပြည်ပြည် ဆိုင်ရာ မှုခင်းကွန်ယက်များသည်လည်း မြန်မာနိုင်ငံတွင် လုံခြုံသည့်ရပ်ဝန်းအား ခြေကုပ်ယူထား ကြောင်း၊

(ဍ)       အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ရိုဟင်ဂျာအရေးအတွက် မူဝါဒရပ်တည် ချက်ကို အတည်ပြုထုတ်ပြန်ခဲ့ပြီး ရိုဟင်ဂျာအရေးကိစ္စ ဖြေရှင်းရေးကို အစိုးရမှ လျှောက်လှမ်း နေသည့် ပင်မ ပန်းတိုင်၏ တစိတ်တပိုင်းအဖြစ် ကတိကဝတ်ပြုထားကြောင်း၊

(ဎ)       သို့ဖြစ်ရာ နေရပ်ပြန်လည်သွားရောက်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် ဝန်းကျင်ကောင်း တစ်ခု ဖန်တီးနိုင်ရေးအတွက် စစ်အာဏာရှင်စနစ်နှင့် အရပ်သားပြည်သူလူထုအပေါ် ၎င်းတို့ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများအား ချုပ်ငြိမ်းရေးတို့ကို ဦးစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့ပြင် မိမိတို့အကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် စည်းလုံးညီညွတ်ရေး အတွက်လည်း နှစ်ဆ တိုးမြှင့်အားထုတ်ရမည်ဖြစ်ကြောင်း၊

(ဏ)     ထို့အတူ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း ၎င်းတို့၏ အခြေခံအခွင့်အရေးများ ခံစားခွင့်ရရှိ နိုင် ရန် အတွက် မိမိတို့အနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးဥပဒေတို့အား လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊

(တ)     ဤနေရာတွင် မိမိတို့ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ အခန်းကဏ္ဍက အလွန်အမင်း အရေးပါကြောင်း၊

(ထ)     အားလုံးအနေဖြင့် ရိုဟင်ဂျာများအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံး ခံစားနေရသည့် ဒုက္ခ ဆင်းရဲများကို ကောင်းစွာ သိရှိနားလည်ပြီးဖြစ်သဖြင့် စစ်တပ်အား နိုင်ငံရေး၊ စစ်ရေးနှင့် ငွေကြေး အရ ထောက်ခံမှု မပေးရန်နှင့် ၎င်းတို့ စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲ အား ပြင်းပြင်းထန်ထန် ဝိုင်းဝန်း ဆန့်ကျင် ကန့်ကွက်ကြရန် မိမိအနေဖြင့် ဤနေရာမှ အကြံပြုကြောင်း၊

(ဒ)       မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားသော လူနည်းစုများ၏ အခြေအနေအား ဖြေရှင်းရာတွင် ပြဿနာ၏ ဇစ်မြစ်အား မဖြေရှင်းဘဲ မဖြစ်နိုင်ကြောင်း၊ စစ်အာဏာရှင်စနစ်၊ ၎င်းတို့ မတရား သိမ်းယူထားသည့် အာဏာနှင့် ၎င်းတို့ အစဉ်တစိုက် အကျိုးခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ချုပ်ငြိမ်းနိုင်မှသာလျှင် ရလဒ်ကောင်း ဖော်ဆောင်နိုင်မည်ဖြစ် ကြောင်း၊

(ဓ)       လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် လူသားဆန်မှုတို့ တိုက်ခိုက်ခံနေရချိန်တွင် မိမိတို့မှ အဆိုပါ စည်းမျဉ်းများအပေါ်တွင် အခြေတည်ထား၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား စစ်မှန်စွာ ဖော်ဆောင်နေသည့် ကြိုးပမ်းအားထုတ်မှုများကို ဝိုင်းဝန်း ပံ့ပိုးပေးကြရန် တောင်းဆိုလိုကြောင်း၊

(န)       ရိုဟင်ဂျာအကျပ်အတည်းအတွက် စစ်မှန်ရိုးရှင်းသော၊ အားလုံးပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ ကသာလျှင် အလားအလာ ကောင်းမွန်သော၊ ရေရှည်တည်တံ့သော ဖြေရှင်းနည်းကို ဆောင်ကြဉ်း ပေးနိုင်မည်ဖြစ်ကြောင်း၊

(ပ)       ယနေ့ အဆင့်မြင့် ကွန်းဖရင့်အနေဖြင့် အဆိုပါ ရည်မှန်းချက်ကို ရရှိအောင် လုပ်ဆောင်နိုင်ရမည် ဖြစ်ကြောင်း၊ ထို့နည်းတူ ယခု အဆင့်မြင့် ကွန်းဖရင့်မှ တိကျပြတ်သားသော ဆုံးဖြတ်ချက်နှင့် ထိရောက်သော လုပ်ဆောင်မှုတို့မှတစ်ဆင့် ရိုဟင်ဂျာများ အပါအဝင် မြန်မာပြည်သူများ အတွက် ၎င်းတို့နှင့် အတူတကွရပ်တည်သည်ဟူသော သတင်းစကားနှင့် မျှော်လင့်ချက်ကို ပေးရန်လို ကြောင်း၊

(ဖ)       အထူးအားဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများအပေါ် ပျက်ကွက်မည် မဟုတ်ကြောင်းကိုလည်း ခိုင်မာပြီး ရှင်းလင်းသော သတင်းစကား ပေးစေလိုပါကြောင်း။

(အချိန်ကန့်သတ်ချက်ကြောင့် မိန့်ခွန်းပါ အချို့အချက်များကို ချန်လှပ်ပြောကြားခဲ့ရပါသည်။)

၅။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


 

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia