21 August 2025

တရားမဝင်မြန်မာစစ်အုပ်စုက ၎င်း၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့ “နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (နစက)” ၏ အမည်ကို “နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (နလငက)” အဖြစ် ပြောင်းလဲလိုက်ခြင်းသည် စစ်အုပ်စုအတွက် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများအား ကျော်လွှားနိုင်မည့် စိုးရိမ်စရာ ကယ်ပေါက်တစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုသည် ၎င်းတို့၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု၏ အစိတ်အပိုင်းအဖြစ်သာမက၊ ကျင်းပရန် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲမတိုင်မီ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နစကကို ဖျက်သိမ်းခဲ့ပြီး၊ နလငကနှင့် အစားထိုးခဲ့သည်။
နစက ကဲ့သို့ပင်၊ နလငက ၏ “ဥက္ကဌ” “ဒုဥက္ကဋ္ဌ” တို့မှာ ကနေဒါ၊ အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျ တို့၏ ဒဏ်ခတ်ပိတ်ဆို့ချမှတ်ခံထားရသော စစ်ရာဇ၀တ်ကောင်များဖြစ်သည့် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့ဖြစ်သည်။ နလငက အဖွဲ့ဝင် ၁၀ ဦးစလုံးသည် အနည်းဆုံး တရားစီရင်ပိုင်ခွင့်တစ်ခုတွင် ပိတ်ဆို့အရေးယူခံထားရပြီး ၎င်းတို့အားလုံးသည် ဇူလိုင် ၃၁ ရက်မတိုင်မီအထိ အကြမ်းဖက်စစ်အုပ်စု၏ အကြီးတန်းအဖွဲ့ဝင်များဖြစ်သည်။
ဇူလိုင်လ ၃၁ ရက်နေ့ နလငက ဟု နာမည်ပြောင်းပြီးကတည်းက စစ်အုပ်စုသည် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲမှုများ၊ တရားလက်လွတ်ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ရပ်ရွာလူထုတစ်ရပ်လုံးကို ဖျက်ဆီးမှုများဖြင့် မြန်မာပြည်သူလူထုအပေါ် ပစ်မှုထားသည့် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးလှုပ်ရှားမှုမှာ ပိုမိုဆိုးရွား ပြင်းထန်လာခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေတစ်ရက်တည်းတွင်ပင် စစ်အုပ်စုသည် မော်ချီးဒေသတွင် လေကြောင်းတိုက်ခိုက်မှုဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး၊ အနည်းဆုံး အရပ်သားပြည်သူ ၃၂ ဦးအား သေစေခဲ့သည်။
နစက အဖွဲ့အား ၂၀၂၁ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုကလည်းကောင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ယူကေနိုင်ငံကလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် အီးယူကလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကနေဒါနိုင်ငံကလည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
သက်ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ခြင်း ဥပဒေများအား ထိန်းချုပ်မှုနှင့် ပိုင်ဆိုင်မှုအပေါ် လေ့လာဆန်းစစ်မှုအရ နစကအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများသည် ယင်းအဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်ရှိ အဖွဲ့အစည်းအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ပြီးဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ယင်းတို့တွင် စစ်အုပ်စုက အကြမ်းဖက် အာဏာသိမ်းကြိုးပမ်းမှုဖြင့် တရားမဝင် ထိန်းချုပ်ထားသည့် ဝန်ကြီးဌာနများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများလည်း အပါအဝင် ဖြစ်သည်။
နစကအား ဖျက်သိမ်းခြင်းမှ ဖန်တီးဖြစ်ပေါ်လာသည့် အဆိုပါကယ်ပေါက်ကြောင့် မကြာသေးမီက စစ်အုပ်စုမှ အမေရိကန်အခြေစိုက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကုမ္ပဏီ DCI Group အား ငှားရမ်းနိုင်ခဲ့ခြင်း ဖြစ်နိုင်ပြီး အမေရိကန်အစိုးရနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ ၃ သန်းတန်ကြေးရှိ တစ်နှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး၊ စစ်အုပ်စု၏ နိုင်ငံတကာပုံရိပ်ကို ခဝါချသန့်စင်ရန် ကြိုးပမ်းမှုတစ်ရပ်ပင် ဖြစ်သည်။ DCI က စစ်အုပ်စု၏ အကြမ်းဖက်လှုပ်ရှားမှုအတွက် ရန်ပုံငွေအဖြစ် အများပြည်သူပိုင် မြန်မာ့သဘာ၀သယံဇာတများကို ဆက်လက်လုယူ အသုံးချကာ စစ်အုပ်စုကို ကူညီပေးရန်လည်း ကတိပြုထားသည်။
ထိုသို့အချိန်ကိုက်ဆောင်ရွက်မှုသည် ကြိုတင်စီစဉ်ခြင်းဖြစ်ကြောင်း ပြသနေသည်။ စစ်အုပ်စုသည် နစကအား မဖျက်သိမ်းမီ ရက်သတ္တပတ်များအလို ဇူလိုင်လ ၄ ရက်နေ့တွင် DCI အုပ်စုနှင့် အဆိုပါစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း နစကအား ဖျက်သိမ်းသည့် ဇူလိုင်လ ၃၁ ရက်နေ့ နောက်မှ အသက်ဝင်စေခြင်းသည် ဒဏ်ခတ်ပိတ်ဆို့မှုများ၏ ကယ်ပေါက်ကို အသုံးချခြင်း ဖြစ်နိုင်သည်။
စစ်အုပ်စုထိန်းချုပ်ထားသော ပြန်ကြားရေးဝန်ကြီးဌာနသည် စစ်အုပ်စုအတွက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၁ ခုနှစ်ကတည်းက ယင်းဝန်ကြီးဌာနသည် ယခင်စစ်အုပ်စုဖွဲ့စည်းထားသည့် နစက အောက်တွင် ရှိခဲ့ပြီး ယခုအခါတွင် နလငက၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပါသည်။
၂၀၂၁ ခုနှစ်အတွင်း စစ်အုပ်စုသည် အမေရိကန်အစိုးရအား စည်းရုံးနိုင်ရန် ကနေဒါပြည်သူ့ဆက်ဆံရေးလုပ်ငန်း ကုမ္ပဏီ Dickens & Madson မှ Ari Ben-Menashe ကို ငှားရမ်းခဲ့သည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုက နစကအား ဒဏ်ခတ်ပိတ်ဆို့ပြီးနောက် မကြာမီ ဇူလိုင်လတွင် အဆိုပါစာချုပ်အား ဖျက်သိမ်းခဲ့သည်။ အကြောင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုများက ငွေပေးချေမှုများအား တားမြစ်ထားခြင်းကြောင့်ဟု ဆိုသည်။
ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့အနေဖြင့် တရားမဝင်စစ်အုပ်စုအား ပြတ်သားသည့် ပိတ်ဆို့အရေးယူဆောင်ရွက်မှုများ ဆက်လက်တည်ရှိနေစေရန်နှင့် ပိတ်ဆို့အရေးယူမှုများကို ရှောင်တိမ်းခြင်းမှ တားဆီးရန်အတွက် နလငကကို ၎င်းတို့၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် အရေးပေါ်ထည့်သွင်းရန် လိုအပ်နေပြီဖြစ်သည်။
သြစတြေးလျသည် နလငက နှင့် စစ်အုပ်စု၏ ဘဏ္ဍာငွေများ၊ လက်နက်များ၊ နည်းပညာနှင့် လေယာဥ်လောင်စာဆီများ ရင်းမြစ်များအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ထိန်းသိမ်းရာတွင် ၎င်း၏ အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ပါသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “နစက ကနေ နလငက လို့ ခေါင်းစီးပြောင်းပြီး နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို မလှိမ့်တပတ်လုပ်နေတဲ့ တရားမဝင်မြန်မာစစ်အုပ်စုကို ခွင့်ပြုမပေးဖို့ လိုပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကမ္ဘာတဝန်းက လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူတွေ၊ အာဏာရှင်လောင်းလျာတွေကို ရင်ဆိုင်အံတုဖို့အတွက် အလွန်တရာအရေးပါပြီး၊ အစိုးရတွေအနေနဲ့ ကိုယ့်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်ခွရှောင်ရှားသွားတာတွေအပေါ် မရပ်တည်မိဖို့ လိုပါတယ်။
ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ နလငကအပေါ် အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ပြီး စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တာ၊ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ညှိနှိုင်းချမှတ်ပြီး ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ နည်းပညာနဲ့ လေယာဉ်ဆီလမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်နိုင်ရေး တိုးမြှင့်အားထုတ်လုပ်ဆောင်တာတွေနဲ့ တုံ့ပြန်ရမှာပါ။
သြစတြေးလျအနေနဲ့ နလငက ကို ဒဏ်ခတ်ပိတ်ဆို့ပြီး ၎င်းရဲ့ မဟာမိတ်တွေ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေမှာ လိုက်ပါဆောင်ရွက်ခြင်းအားဖြင့် မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
19 May 2026

16 June 2026