မြန်မာယန္တရားသည် ကျူးလွန်သူများကိုဖော်ထုတ်ရန် အထောက်အထားများစုဆောင်းရာတွင် တိုးတက်မှုများရှိနေကြောင်း နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြ

မြန်မာယန္တရားသည် ကျူးလွန်သူများကိုဖော်ထုတ်ရန် အထောက်အထားများစုဆောင်းရာတွင် တိုးတက်မှုများရှိနေကြောင်း နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြ

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားသည် မြန်မာအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသူများကို ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် အထောက်အထားများ စုဆောင်းခြင်းနှင့် ကျူးလွန်သူများကိုဖော်ထုတ်ရန်ကြိုးပမ်းရာတွင် တိုးတက်မှုများရှိနေပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းရာဇဝတ်မှုများတွင် ညှဥ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပါဝင်သည်။  

“မျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်တွေအပါအဝင် မြန်မာနိုင်ငံက စစ်ကြော‌ရေးစခန်းတွေမှာ စနစ်တကျ ညှဥ်းပန်းနှိပ်စက်နေတာကို ထင်ထင်ရှားရှားပြသနေတဲ့အထောက်အထားတွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်” ဟု ယန္တရား၏အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောသည်။ “ထိန်းသိမ်းစစ်ကြောတဲ့နေရာတွေကို ကြီးကြပ်တဲ့တပ်မှူးတွေအပါအဝင် ကျူးလွန်သူတွေကိုဖော်ထုတ်ရာမှာ တိုးတက်မှုတွေရှိနေပြီး ဒီအမှုတွေကို စစ်ဆေးစီရင်ဖို့ လိုလားပြီး စီရင်နိုင်ခွင့်ရှိတဲ့ တရားရေးအာဏာပိုင်တွေနဲ့ မျှဝေဖို့ အသင့်ရှိနေပါတယ်” ဟု ဆက်ပြောသည်။ 

ဤအစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက် ကာလအပိုင်းအခြားအတွင်းမှ ဆောင်ရွက်ချက်များကိုတင်ပြထားပြီး မြန်မာနိုင်ငံရှိ ထိန်းသိမ်းစစ်ကြောသည့်နေရာများတွင် ရိုက်နှက်ခြင်း၊ လျှပ်စစ်ဖြင့်ရှော့တိုက်ခြင်း၊ လည်ပင်းညှစ်ခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း၊ လိင်အင်္ဂါအစိတ်အပိုင်းများကို မီးရှို့ခြင်းနှင့် အခြားလိင်အကြမ်းဖက်မှုများကျူးလွန်နေကြောင်း မှတ်တမ်းများကို အသေးစိတ်ဖော်ပြထားသည်။ ယန္တရားသည် သက်ဆိုင်ရာထိန်းသိမ်းစစ်ကြောသည့်နေရာများတွင် တာဝန်ထမ်းဆောင်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏တပ်ဖွဲ့များကို ရှာဖွေဖော်ထုတ်ရာတွင် တိုးတက်မှုများရှိနေသည်။  

ဖမ်းဆီးရမိထားသော ရန်သူ့ဘက်မှတိုက်ခိုက်သူများနှင့် သတင်းပေးဟုစွပ်စွဲခံရသည့်အရပ်သားများကို အကျဥ်းချုံးတရားစီရင်ပြီး ကွပ်မျက်ရာတွင် ပါဝင်သူများကိုဖော်ထုတ်နိုင်ရန် အထောက်အထားများကိုလည်း ယန္တရားက စုဆောင်းနေသည်။ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များ၊ ၎င်းတို့နှင့်ဆက်စပ်သော ပြည်သူ့စစ်များ၊ စစ်တပ်အားဆန့်ကျင်သည့် လက်နက်ကိုင်တပ်ဖွဲ့များကလည်း အကျဥ်းချုံးစီရင်ကွပ်မျက်မှုများကို ကျူးလွန်နေသည်။ 

စာသင်ကျောင်းများ၊ နေအိမ်များနှင့် ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သားများ ထိခိုက်သေဆုံးနေရသည့် ဖြစ်ရပ်များကို ယန္တရားက အရှိန်မြင့်ကာ စုံစမ်းစစ်ဆေးနေကြောင်းကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ စုံစမ်းစစ်ဆေးမှုများတွင် ၂၀၂၅ ခုနှစ် မတ်လ၌ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့်နေ့ရက်များလည်း ပါဝင်သည်။ လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်ကျူးလွန်သူများကို ဖော်ထုတ်နိုင်ရန် မြန်မာ့လေတပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးကွင်းဆက်များကို စိစစ်သုံးသပ်နေသည်။ 

“မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်လှတဲ့အကြမ်းဖက်မှုတွေ အကြိမ်ရေပိုတိုးပြီး ဆိုးဆိုးရွားရွားကျူးလွန်နေဆဲဖြစ်ကြောင်း ကျွန်တော်တို့ရဲ့အစီရင်ခံစာမှာ အသားပေးဖော်ပြထားပါတယ်။ ကျူးလွန်သူတွေအနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေအတွက် တရားရုံးမှာသွားရောက်ဖြေရှင်းရတဲ့နေ့ဆီကိုမျှော်မှန်းပြီး ကျွန်တော်တို့ လုပ်ကိုင်နေပါတယ်” ဟု နီကိုလတ်စ်ခွန်ဂျန်က ပြောသည်။  

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့က ရခိုင်ပြည်နယ်တွင် နယ်မြေစိုးမိုးရေးကြိုးပမ်းရာ၊ များစွာသောလူမှုအသိုင်းအဝိုင်းများကို အကြမ်းဖက်မှုများရှိနေသောကြောင့် စုံစမ်းစစ်ဆေးရေးလမ်းကြောင်းသစ်တစ်ခု စတင်ထားသည်။ အလားတူ၊ ၂၀၁၆-၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း မြန်မာလုံခြုံရေးအဖွဲ့ဝင်များက ရိုဟင်ဂျာများကိုကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေသည်။ အထူးသဖြင့် လူတစ်ဦးချင်း၏ လုပ်ဆောင်ချက်များနှင့် ရာဇဝတ်မှုများကိုချိတ်ဆက်နိုင်သည့် အထောက်အထားများကို စိစစ်နေသည်။ 

အစီရင်ခံစာမှတွေ့ရှိချက်များသည် မျက်မြင်သက်သေပေါင်း ၆၀၀ ကျော်၏ထွက်ဆိုချက်များအပါအဝင်၊ ရင်းမြစ်ပေါင်း ၁၃၀၀ ကျော်ထံမှ စုဆောင်းရရှိသော အချက်အလက်များ၊ အခြားအထောက်ထားများဖြစ်သည့် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုဟ်တုပုံရိပ်များ၊ ဆိုရှယ်မီဒီယာပို့စ်များနှင့် မှုခင်းဆေးပညာအထောက်အထားများကို အခြေခံထားသည်။  

ရိုဟင်ဂျာများနှင့်ဆိုင်သောအမှုများကိုကိုင်တွယ်နေသည့် နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ)၊ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)နှင့် အာဂျင်တီးနားနိုင်ငံမှ အာဏာပိုင်များထံ သက်ဆိုင်ရာအထောက်အထားများနှင့် စိစစ်သုံးသပ်ချက်များကို ဆက်လက်မျှဝေနေသည်။ ထို့အပြင် ယူကေ၏ အချက်အလက်များမျှဝေရန် သီးသန့်တောင်းဆိုချက်ကိုလည်း အကြောင်းပြန်လျက်ရှိသည်။  

၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အိုင်စီစီ၏ တရားလိုရှေ့နေက မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုရာတွင် ယန္တရားက အထောက်အထားများမျှဝေခြင်းဖြင့် ပံ့ပိုးခဲ့သည်။ Buenos Aires မြို့အခြေစိုက် အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှ စုံစမ်းစစ်ဆေးရေးဆိုင်ရာတရားသူကြီးသည် ယခုနှစ် ဖေဖော်ဝါရီလတွင် မင်းအောင်လှိုင်နှင့် အခြားပုဂ္ဂိုလ် ၂၄ ဦးအား တရားရုံးသို့ဆင့်ခေါ်သည့် အမိန့်ထုတ်ပြန်ရာတွင်လည်း ယန္တရားကမျှဝေသော အထောက်အထားများကို အသုံးပြုခဲ့သည်။  

မြန်မာနိုင်ငံတွင် ကြီးလေးသည့်နိုင်ငံတကာရာဇဝတ်မှုများ ဆက်လက်ကျူးလွန်လျက်ရှိသော်လည်း ကုလသမဂ္ဂ၏ဘဏ္ဍာရေးအကျပ်အတည်းများသည် ယန္တရား၏စုံစမ်းစစ်ဆေးရေးများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည့်ရင်းမြစ်များရရှိရေးကို ကြီးမားစွာသက်ရောက်နေသည်။ ထို့ကြောင့် ယန္တရားသည် လုပ်ငန်းများကို ထိရောက်စွာလုပ်ဆောင်နိုင်ရန် နည်းလမ်းပေါင်းစုံကို ရှာဖွေလျက်ရှိသည်။ 


Original post

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia