16 July 2025

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၏ စုံစမ်းစစ်ဆေးမှုအသစ်တစ်ခုက တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ လျှို့ဝှက်လက်နက်စက်ရုံတစ်ခုတွင် မြန်မာစစ်တပ်အား လေကြောင်းဗုံးများ ထုတ်လုပ်နိုင်ရန် ကူညီပေးနေပုံကို ဖော်ထုတ်လိုက်သည်။ ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၁ (ကပစ ၂၁) တွင် ထုတ်လုပ်သော လေကြောင်းဗုံးများကို မြန်မာ့တပ်မတော် (လေ) က အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများတွင် အများအပြားအသုံးပြုနေပြီး၊ ဤတိုက်ခိုက်မှုများသည် ကြီးလေးပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှုကြီးများအဖြစ် သတ်မှတ်နိုင်ခြေရှိသည်။
SAC-M ၏ မရဏစက်ရုံ – မြန်မာစစ်တပ်၏ လေကြောင်းဗုံးထုတ်လုပ်ရေးအပေါ် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှု အစီရင်ခံစာတွင်၊ တရုတ်နိုင်ငံပိုင် လက်နက်ကုမ္ပဏီ China South Industries Group Corporation (China South) ထံမှ အကူအညီသည် ကပစ ၂၁ တွင် လေကြောင်းဗုံးများ ထုတ်လုပ်မှု တည်ထောင်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့အတွက် မည်သို့ အဓိကကျခဲ့သည်ကို အသေးစိတ် ဖော်ပြထားသည်။ ဤအကူအညီများကို အဓိကအားဖြင့် China South ၏ အပြည့်အဝပိုင်ဆိုင်သည့် လက်အောက်ခံကုမ္ပဏီဖြစ်သော Hunan Vanguard မှတဆင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ကပစ ၂၁ ကို စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး (ကပစ) က လည်ပတ် ဆောင်ရွက်နေသည်။
China South ကို တရုတ်ဗဟိုအစိုးရဖြစ်သည့် တရုတ်နိုင်ငံတော်ကောင်စီက အပြည့်အဝ ပိုင်ဆိုင်သည်။ ထို့ကြောင့် China South မှ ကပစသို့ လေကြောင်းဗုံးများ သို့မဟုတ် ဆက်စပ်ထုတ်လုပ်မှုအကူအညီများ ပေးအပ်ခြင်းသည် တရုတ်အစိုးရ၏ ခွင့်ပြုချက်ရယူရန် လိုအပ်သည်။
“China South ဟာ နိုင်ငံပိုင်ကုမ္ပဏီဖြစ်ပြီး တရုတ်အစိုးရ၏ အာဏာစက်အောက်တွင် ရှိသည်” ဟု SAC-M မှ Yanghee Lee က ပြောကြားသည်။ “ကပစကို လေကြောင်းဗုံးတွေနဲ့ နည်းပညာထုတ်လုပ်မှု အကူအညီတွေ ပေးအပ်ခြင်းအားဖြင့် China South ဟာ စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် ပြင်းထန်တဲ့ ချိုးဖောက်မှုတွေမှာ အလိုတူအလိုပါ ပါဝင်နေခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်မှုကို အထောက်အပံ့ပေးနေတာအားလုံး ချက်ချင်းရပ်တန့်ရပါမယ်။”
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အထမမြောက်လိုက်သော အာဏာသိမ်းရန်ကြိုးပမ်းမှုအပြီး မြန်မာစစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏လက်ချက်ကြောင့် အကြီးအကျယ် ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ တုံ့ပြန်သည့်အနေဖြင့် ၎င်း၏လေတပ်သည် လူနေထိုင်ရာဒေသများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့ပြီး၊ လူစည်ကားသော ဈေးများ၊ စာသင်ကျောင်းများ၊ ဝတ်ပြုကိုးကွယ်ရာနေရာများ၊ ပြည်တွင်းနေရပ်ရွှေ့ပြောင်းခံရသူများအတွက် စခန်းများနှင့် ဆေးရုံများကို ပစ်မှတ်ထားခဲ့သည်။ တရုတ်နိုင်ငံ၏ လက်နက်၊ နည်းပညာနှင့် ကျွမ်းကျင်မှုများက ဤလုပ်ရပ်များ ဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးနေသည်။
မြန်မာနိုင်ငံ၏အလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် တည်ရှိသော ကပစ ၂၁ သည် စစ်အုပ်စု၏ လေကြောင်းဗုံးအများစုကို ထုတ်လုပ်သည်။ ကပစ ၂၁ သည် ၂၅၀ ကီလိုဂရမ်နှင့် ၅၀၀ ကီလိုဂရမ် အထွေထွေသုံးနှင့် အထူးသုံး ဗုံးအမျိုးမျိုး၊ လေဟာနယ်ဗုံး (FAE) များနှင့် ပြည်တွင်းဒီဇိုင်းထုတ် ထပ်ဆင့်ပေါက်ကွဲဗုံး ခေါ် ပဒေသာဗုံးများကိုလည်း ထုတ်လုပ်သည်။
SAC-M မှ ရရှိသော ဓာတ်ပုံနှင့် ထွက်ဆိုချက် သက်သေအထောက်အထားများအရ၊ ကပစ ၂၁ အတွက် ထုတ်လုပ်မှုအကူအညီကို လေကြောင်းဗုံးထုတ်လုပ်မှု တည်ထောင်ရန် အကူအညီအပါအဝင် Hunan Vanguard မှ အဓိကအားဖြင့် ထောက်ပံ့ခဲ့ကြောင်း အတည်ပြုနိုင်သည်။ ဤအကူအညီတွင် Hunan Vanguard မှ နည်းပညာရှင်များက ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ကပစ ၂၁ တွင် ဗုံးထုတ်လုပ်မှု အပိုင်းအခြား အစုံအလင်အတွက် နေရာတကျ နည်းပညာအကူအညီပေးခြင်း နှင့် ကပစ ၂၁ မှ အင်ဂျင်နီယာများက ၂၀၁၅ နှင့် ၂၀၁၉ ခုနှစ်များတွင် တရုတ်နိုင်ငံရှိ Hunan Vanguard ထုတ်လုပ်ရေးစက်ရုံများသို့ သွားရောက်၍ နေရာတကျ ခဲယမ်းမီးကျောက် ထုတ်လုပ်မှုသင်တန်း တက်ရောက်ခြင်းတို့ ပါဝင်သည်။ ထို့အပြင် China South သည် Hunan Vanguard မှတဆင့် ၂၀၁၉ ခုနှစ်မှစ၍ ကပစ ၂၁ ဝန်ထမ်းများအား အဝေးမှတဆင့် နည်းပညာအကူအညီများ ဆက်လက်ပေးနေကြောင်း ယုံကြည်စိတ်ချရသည့် သတင်းအချက်အလက်များကို SAC-M က ရရှိထားသည်။
“မြန်မာပြည်သူများက တရုတ်နိုင်ငံကို မျှော်ကြည့်ကြသည့်အခါတိုင်း စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ယူဆောင်လာမည့် အင်အားတစ်ခုအဖြစ် တွေ့မြင်လိုကြသည်” ဟု SAC-M မှ Marzuki Darusman က ပြောကြားသည်။ “သို့သော် လက်တွေ့တွင်မူ သူတို့၏ ဒုက္ခပင်လယ်ဝေမှုကို အားပေးအားမြှောက်ပြုနေသူအဖြစ်ကိုသာ တွေ့မြင်နေရသည်။ သူတို့၏ ရပ်ရွာများကို ပြာပုံဘဝရောက်စေသည့် ဗုံးများကို ကပစ ၂၁ တွင် တရုတ်၏အကူအညီဖြင့် ထုတ်လုပ်နေခြင်းဖြစ်သည်။ စစ်အုပ်စု ပြုတ်ကျ၍ ပဋိပက္ခများ အဆုံးသတ်သွားသည့်တိုင် ဤရက်စက်ကြမ်းကြုတ်မှုများ၏ အရိပ်မည်းကြီးများက မြန်မာပြည်သူများနှင့်အတူ ကာလရှည်ကြာ တည်ရှိနေဦးမည်သာ ဖြစ်သည်။ ဤသည်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ ချန်ထားခဲ့လိုသော သမိုင်းအမွေအနှစ်မျိုးပင်ဖြစ်ပါလေသလော။”
လက်နက်ထုတ်လုပ်ရေးကဏ္ဍတွင် ပြည်ပအပေါ် မှီခိုမှုကိုလျှော့ချပြီး မိမိဘာသာ ရပ်တည်နိုင်ရေး ရည်မှန်းချက်ဖြင့် မြန်မာစစ်တပ်သည် ဆယ်စုနှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်းကာ ကပစ စက်ရုံ ၂၅ ရုံ ပါဝင်သော ကွန်ရက်တစ်ခုကို တည်ထောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်မှုက ပြည်ပမှတင်သွင်းသည့် လက်နက်များအပေါ် မှီခိုမှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့သည်မှန်သော်လည်း၊ လေကြောင်းဗုံးများ ဆက်လက်ထုတ်လုပ်ရေးကဲ့သို့သော အဓိကကဏ္ဍများတွင်မူ ပြည်ပမှ တင်သွင်းသည့် မိုက်ခရို-အီလက်ထရောနစ်များအပေါ် လုံးဝမှီခိုနေရဆဲဖြစ်ကြောင်း SAC-M ၏ တွေ့ရှိချက်များက သက်သေခံနေသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပဲခူးနှင့် မကွေးတိုင်းဒေသကြီးများသည် စစ်တပ်၏ နှစ်ပေါင်းများစွာ အခိုင်အမာ ခြေကုပ်ယူထားခဲ့ရာ အစဥ်အလာရှိသည့် နယ်မြေများဖြစ်ပြီး၊ ကပစ စက်ရုံအများစုကို ထိုဒေသများတွင် တည်ဆောက်ထားသည်။ သို့သော် ယခုအခါ ထိုသမိုင်းတစ်လျှောက် လုံခြုံခဲ့သောနယ်မြေများသည် ပထမဆုံးအကြိမ်အဖြစ် ခြိမ်းခြောက်ခံနေရပြီဖြစ်သည်။ တိုက်ပွဲအတွေ့အကြုံရင့်ကျက်သော တော်လှန်ရေးတပ်ဖွဲ့များက နိုင်ငံ၏ဗဟိုချက်မကျသော ၎င်းဒေသများဆီသို့ ထိုးဖောက်ချီတက်လာနေသောကြောင့် ထို ကပစ စက်ရုံများသည် တိုက်ခိုက်ခံရမည့် အန္တရာယ်နှင့် တိုက်ရိုက်ရင်ဆိုင်နေရသည်။
“တရုတ်နိုင်ငံ၏ အထောက်အပံ့များက စစ်အုပ်စုကို ကယ်တင်နိုင်မည်မဟုတ်” ဟု SAC-M မှ Chris Sidoti က ပြောကြားသည်။ “မြန်မာနိုင်ငံ၏ အနာဂတ်တွင် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်လိုလျှင်၊ မိမိ၏သြဇာအာဏာကို အသုံးပြု၍ မင်းအောင်လှိုင်မှ နောက်ထပ် ဗုံးတစ်လုံးပင် မကြဲနိုင်အောင် တားဆီးရမည်ဖြစ်သည်။ အရပ်သားပြည်သူများ၏အသက်ကို ကယ်တင်နိုင်ရန်အတွက် ကပစ ၂၁ ရှိ လေကြောင်းဗုံးထုတ်လုပ်မှုကို ဖြတ်တောက်တားဆီးရေးသည် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်းမီးကျောက်၊ နည်းပညာနှင့် ထုတ်လုပ်မှုဆိုင်ရာ အကူအညီများ လွှဲပြောင်းပေးနေခြင်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရမည်။”
ထို့အပြင် SAC-M သည် အခြားနိုင်ငံများအားလုံးကိုလည်း မြန်မာစစ်တပ်ထံသို့ မိုက်ခရို-အီလက်ထရောနစ်များ အပါအဝင် လွှဲပြောင်းမှုမှန်သမျှကို ရပ်တန့်ရန် တိုက်တွန်းတောင်းဆိုလိုက်သည်။ နိုင်ငံတကာ အစိုးရများသည်လည်း မိမိတို့၏ တရားစီရင်ပိုင်ခွင့်အောက်တွင် မှတ်ပုံတင်ထားသော သို့မဟုတ် လည်ပတ်ဆောင်ရွက်နေသော ကုမ္ပဏီများအား တရားစွဲဆိုအရေးယူရမည်ဖြစ်သည်။ ဤအစီရင်ခံစာတွင် ဖော်ထုတ်ထားသည့် ကုမ္ပဏီများအပါအဝင်၊ စစ်တပ်နှင့် ကပစကို အထောက်အပံ့ပေးနေသည့် မည်သည့်ကုမ္ပဏီမဆို မြန်မာစစ်တပ်က ကျူးလွန်နိုင်ခြေရှိသော စစ်ရာဇဝတ်မှုများတွင် အားပေးကူညီခြင်းနှင့် အလိုတူအလိုပါ ပါဝင်ခြင်းတို့ကြောင့် ဤကဲ့သို့တရားစွဲဆိုအရေးယူမှုပြုရမည်ပင်ဖြစ်သည်။
19 May 2026

19 June 2026