8 July 2025

ayus:Network of Buddhists Volunteers on International Cooperation
Pacific Asia Resource Center (PARC)
Friends of the Earth Japan
Justice For Myanmar
Japan International Volunteer Center (JVC)
Network Against Japan Arms Trade (NAJAT)
Mekong Watch
ဂျပန်နိုင်ငံတကာရုပ်သံထုတ်လွှင့်မှုကော်ပိုရေးရှင်း (JIB) နှင့် ဂျပန်အစိုးရ-ပုဂ္ဂလိကရံပုံငွေအဖွဲ့နှစ်ဖွဲ့ဖြစ်သည့် Cool Japan Fund Inc. နှင့် Fund Corporation for the Overseas Development of Japan’s ICT and Postal Services (JICT) တို့အနေဖြင့် မြန်မာနိုင်ငံအခြေစိုက် Dream Vision Co., Ltd မှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်း ထွက်ခွာရာတွင် ပွင့်လင်းမြင်သာမှုအပြည့်အဝရှိရေးနှင့် လူ့အခွင့်အရေးစံနှုန်းများအား လေးစားလိုက်နာရေး အတွက် ဂျပန်နှင့် မြန်မာအရပ်ဘက်အဖွဲ့များက တောင်းဆိုသည်။
Dream Vision ကုမ္ပဏီကို မြန်မာစစ်အုပ်စုနှင့် ကာလရှည်ဆက်ဆံရေးရှိသည့် ခရိုနီကုမ္ပဏီ ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက် (STLM) ၏ ပါဝင်မှုဖြင့် တည်ထောင်ခဲ့သည်။ အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံအတွင်း ဂျပန်မီဒီယာ အကြောင်းအရာများ ပါရှိမှုကို မြှင့်တင်ရန်နှင့် ဂျပန်ကုမ္ပဏီများအတွက် ကြော်ငြာအခွင့်အလမ်းများ ပွင့်လင်းလာစေရန် ရည်ရွယ်သည်။ ယင်းရည်ရွယ်ချက် ပြည့်မီစေရန်အတွက် ကုမ္ပဏီသည် မြန်မာအမျိုးသားတီဗွီ (MNTV) အတွက် ရုပ်သံထုတ်လွှတ်ရေးစက်ပစ္စည်းကိရိယာများ ပံ့ပိုးကူညီပေးခဲ့သည်။ MNTV ရုပ်သံသည် ရွှေသံလွင်မီဒီယာက ကြီးကြပ်လုပ်ကိုင်သည့် မြေပြင်ရုပ်သံလိုင်းတစ်ခု ဖြစ်ပြီး၊ Myanmar Business Central ကုမ္ပဏီကလည်း ရင်နှီးမြှုပ်နှံသူအဖြစ် ပါဝင်သည်။
အထက်ဖော်ပြပါ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းထွက်ခွာမှုသည် စစ်အုပ်စု၏ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း ကြီးလေးသော လူ့အခွင့်အရေးအန္တရာယ်များအား ဖြေရှင်းရန် ပျက်ကွက်နေသည့်အခြေအနေတွင် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးကွန်ရက်နှင့် ဆက်နွှယ်နေသည့် မြန်မာခရိုနီစီးပွားရေးလုပ်ငန်းစုကြီးအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေနိုင်ကြောင်း စိုးရိမ်ပူပန်မှုများ မြင့်မားနေသည့်အပေါ် ယခုတောင်းဆိုမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။
အရပ်ဘက်အဖွဲ့အစည်း ခုနှစ်ဖွဲ့မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က ပေးပို့ခဲ့သည့် ပေးစာများကို တုံ့ပြန်ရာတွင် ဂျပန်နိုင်ငံအဆင့်အစိုးရရုပ်သံထုတ်လွှင့်ရေး NHK ၏ ကုမ္ပဏီခွဲ JIB၊ Cool Japan Fund နှင့် JICT တို့က ၎င်းတို့ အနေဖြင့် အဆိုပါစီမံကိန်းမှ နုတ်ထွက်ပြီးကြောင်း အတည်ပြုခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း လူ့အခွင့်အရေးဆိုင်ရာတင်ကြိုစိစစ်မှု တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးတွင် Dream Vison ၏ ပါဝင်နိုင်ဖွယ်အခန်းကဏ္ဍအပေါ် စဉ်းစားခဲ့ခြင်း ရှိမရှိ တို့ကိုမူ ယင်းတုံ့ပြန်မှုများတွင် ရှင်းလင်းဖော်ပြရန် ပျက်ကွက်ခဲ့သည်။
ရွှေသံလွင်မီဒီယာသည် ရွှေသံလွင်အုပ်စု(STLG)၏ လုပ်ငန်းခွဲဖြစ်သည်ဟု နားလည်သိရှိရပြီး၊ ရွှေသံလွင်အုပ်စုအား မြန်မာစစ်အုပ်စုနှင့် နီးကပ်သည့်ဆက်ဆံရေးများမှ အကျိုးအမြတ်များရရှိနေသည့် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအဖြစ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောအချက်အလက်ရှာဖွေရေးမစ်ရှင်က အစီရင်ခံစာတွင် သတ်မှတ်ဖော်ပြခဲ့သည်။ STLG သည် ရိုဟင်ဂျာများအပေါ် စစ်အုပ်စု၏ ၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” တွင် ပံ့ပိုးကူညီရန် လှူဒါးခဲ့သည့် ကုမ္ပဏီများတွင် ပါဝင်ခဲ့သည်။ ယင်းစစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူပေါင်း ၇၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ နိုင်ငံတကာတရားရုံး (ICJ) တွင် လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် တရားရင်ဆိုင်နေရသည်။
အထက်ပါစိုးရိမ်ချက်များအပြင် STLM နှင့် လက်ရှိတွင် စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြား (MRTV) တို့အကြား ဖက်စပ်လုပ်ငန်းဖြစ်သည့် Myanmar International Television (MITV) သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး မြှင့်တင်ဆောင်ရွက်ပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ Dream Vision သည် MNTV ၏ ရုပ်သံထုတ်လွှင့်မှုစွမ်းရည်များအား မြှင့်တင်ရန် အခြေခံအဆောက်အဦ ပံ့ပိုးမှုများ လုပ်ဆောင်ပေးခဲ့ပြီး၊ ယင်းပံ့ပိုးမှုသည် MITV အတွက်လည်း အကျိုးဖြစ်ထွန်း စေနိုင်သည့် အန္တရာယ်တွင် ရှိနေသည်။
Cool Japan Fund နှင့် JICT ဂျပန်ဟိုးဒင်းကုမ္ပဏီတစ်ခုမှတဆင့် တို့သည် Dream Vision ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံ ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ၎င်းတို့၏ ရှယ်ယာများအား ထုတ်ယူရုပ်သိမ်းရန် ဝန်ကြီးဌာနအဆင့် အတည်ပြုချက်ကို ရရှိခဲ့သည်။ သို့ရာတွင် ရှယ်ယာရုပ်သိမ်းထုတ်ယူမှု လုပ်ငန်းအဆင့်ဆင့်အား အပြီးသတ် ဆောင်ရွက်မှုကို အရပ်ဘက်အဖွဲ့အစည်းများ၏ပေးစာ ပေးပို့ခဲ့ပြီးနောက် တစ်လအကြာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့အထိ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ JIB သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းခြင်းကို အပြီးသတ်ဆောင်ရွက်ခဲ့ကြောင်း ပြောဆိုသည့် မည်ကာမတ္တတုံ့ပြန်မှုကိုသာ ပေးအပ်ခဲ့သည်။
အထူးသဖြင့် Cool Japan Fund နှင့် JICT တို့ ရင်းနှီးမြှုပ်နှံမှုများ၏ ၉၀ ရာခိုင်နှုန်းသည် ဂျပန်အစိုးရ ငွေကြေး ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေအစီအစဉ်အထူးအကောင့်မှ လာခြင်းဖြစ်သည့်အတွက် ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းသည် ပြဿနာတစ်ရပ် ဖြစ်လာသည်။ ထိုအကောင့်ကို စက်မှုဆိုင်ရာရင်းနှီးမြှုပ်နှံမှုများအတွက် ဂျပန်အစိုးရက စီမံခန့်ခွဲပြီး၊ ဂျပန်ပြည်သူများသည် အရေးပါသောအများစုရှယ်ယာရှင် ဖြစ်သည်။ JIB အနေဖြင့်မူ ယင်း၏ အဓိကရှယ်ယာရှင်သည် ဂျပန်အစိုးရရုပ်သံဌာန NHK ဖြစ်ပြီး၊ အသံဖမ်းခများမှတဆင့် ငွေကြေး ထောက်ပံ့ထားသည်။ သို့ဖြစ်ရာ အဆိုပါအဖွဲ့အစည်းများအနေဖြင့် ဂျပန်ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံ ကောင်းမွန်သည့် တာဝန်ခံမှု တာဝန်တစ်ရပ် ရှိသည်။
အရပ်ဘက်အဖွဲ့အစည်းများသည် STLG ၏ လုပ်ငန်းခွဲတစ်ခုက ပိုင်ဆိုင်သည့် Dream Vision ကုမ္ပဏီထံ ကုမ္ပဏီ သုံးခု၏ ရှယ်ယာများကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းရှိမရှိ၊ Dream Vision က MNTV ထံ ပေးအပ်ခဲ့သည့် ရုပ်သံလွှင့်စက် ပစ္စည်းများကဲ့သိုသော အရာများကို ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းချိန်တွင် STLG ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းရှိမရှိတို့ အပါအဝင် နောက်ထပ်မေးခွန်းများ မေးမြန်းခဲ့သည့် နောက်ဆက်တွဲ ပေးစာတစ်စောင်ကိုလည်း ပေးပို့ထုတ်ပြန် ခဲ့ပြီး ဖြစ်သည်။ အရပ်ဘက်အဖွဲ့များသည် စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ဖြစ်နိုင်ဖွယ် ပံ့ပိုးကူညီမှုများရှိမရှိ ဆန်းစစ်ခြင်း အပါအဝင် သင့်လျော်သော လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုများ ရှိမရှိနှင့် ပတ်သက်ပြီး မိမိတို့၏ မူလစုံစမ်းမေးမြန်းမှုကိုလည်း ထပ်မံမေးမြန်းခဲ့ပြီး၊ ရှိခဲ့မည် ဆိုပါက အဆိုပါတင်ကြို စိစစ်မှုများအား အများပြည်သူသို့ ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သည်။
Mekong Watch ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ယူကာကီဂူချီက “Cool Japan Fund နဲ့ JICT တို့လို အများပြည်သူ ရံပုံငွေနဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေ သို့မဟုတ် ဂျပန်နိုင်ငံရဲ့ အစိုးရရုပ်သံလွှင့်ဌာန NHK ရဲ့ လုပ်ငန်းခွဲ JIB တို့အနေနဲ့ အထက်ဖော်ပြပါ ပြဿနာတွေကို ဖြေရှင်းခြင်းမပြုဘဲ စစ်အုပ်စုဝါဒဖြန့်ချိရေးကို အထောက်အပံ့ပြုနိုင်ပြီး၊ မြန်မာစစ်အုပ်စုဆက်နွှယ် ခရိုနီတွေအတွက် ဝင်ငွေလမ်းကြောင်းဖြစ်စေမယ့် စီမံကိန်းတစ်ခုကနေ တိုးတိုးတိတ်တိတ် ထွက်ခွာတာက လက်ခံနိုင်ဖွယ်မရှိပါဘူး။ အများပြည်သူငွေကြေးနဲ့ ပံ့ပိုးထားတဲ့ စီမံကိန်းတွေက ပုဂ္ဂလိကအဖွဲ့အစည်းတွေရဲ့ စီမံကိန်းတွေထက် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု ဆိုင်ရာ ပိုမိုမြင့်မားတဲ့စံနှုန်းတွေ ရှိနေရမှာ ဖြစ်ပါတယ်။ ပါဝင်ပတ်သက်ထားတဲ့ ကုမ္ပဏီသုံးခုအနေနဲ့ အဆိုပါ စီမံကိန်းနဲ့ပတ်သက်ပြီး နောက်ထပ် အသေးစိတ်ရှင်းလင်းမှုတွေ ပေးအပ်ဖို့ တာဝန်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “JIB၊ Cool Japan Fund နဲ့ JICT တို့က မြန်မာနိုင်ငံကနေ သူတို့ထွက်ခွာမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေအတွက် မြန်မြန်ဆန်ဆန်၊ ပြည့်ပြည့်စုံစုံ ပြန်လည်ဖြေကြားဖို့၊ Dream Vision ကနေ သူတို့ထွက်ခွာရာမှာ လူ့အခွင့်အရေးဆိုင်ရာတင်ကြိုစိစစ်မှုတွေ ပါဝင် ခဲ့ခြင်းရှိမရှိ၊ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ပံ့ပိုးကူညီတဲ့ ခရိုနီတွေအတွက် အကျိုးဖြစ်ထွန်းခဲ့ခြင်း ရှိမရှိ၊ ဘေးအန္တရာယ်လျော့ပါးသက်သာရေးအစီအစဉ်တွေ ရှိခဲ့မယ်ဆိုရင် ဘာတွေလုပ်ဆောင်ခဲ့လဲ စတာတွေကို ရှင်းလင်းပြောကြားဖို့ လိုပါတယ်။ အဲ့ဒီမေးခွန်းတွေကို ဖြေကြားဖို့ပျက်ကွက်တာက လက်ခံနိုင်ဖွယ်မရှိတဲ့ ပွင့်လင်းမြင်သာမှုကင်းမဲ့တဲ့ အပေါ်မှာဖြစ်ဖြစ်၊ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေက သူတို့လူ့အခွင့်အရေးတာဝန်ဝတ္တရား တွေကို လိုက်နာခဲ့ခြင်းရှိမရှိ အပေါ်မှာဖြစ်ဖြစ် ပိုပြီးနက်နဲတဲ့ စိုးရိမ်ပူပန်မှုကိုပဲ ဖြစ်စေခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
အောက်ဖော်ပြပါပေးစာများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က အရပ်ဘက်အဖွဲ့အစည်းများ၏ ပေးစာများဖြစ် သည်။ [ဂျပန်ဘာသာဖြင့် ပေးစာများကို အင်္ဂလိပ်ဗားရှင်းများ ဖြစ်ပါသည်]
Cool Japan Fund သို့ ပေးပို့သည့် စာ https://buff.ly/kXuPLfZ
JICT သို့ ပေးပို့သည့် စာ https://buff.ly/W7cNqeM
Japan International Broadcasting JIB သို့ ပေးပို့သည့် စာ https://buff.ly/s7vk8mn
ဇွန်လကုန်တွင် Cool Japan Fund၊ JICT နှင့် JIB တို့ထံမှ အကြောင်းပြန်စာများ ဖြစ်သည်။ [ဂျပန်ဘာသာဖြင့်သာ]
Cool Japan Fund မှ အကြောင်းပြန်စာ ttps://buff.ly/JS9bqR4
JICT မှ အကြောင်းပြန်စာ https://buff.ly/km3l3qr
JIB မှ အကြောင်းပြန်စာ https://buff.ly/tY0L91H
19 May 2026

16 June 2026