7 July 2025

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက နောက်ဆုံးချမှတ်လိုက်သော ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ကကြိုဆိုပါသည်။ မဲမခွဲပဲ တညီတညွတ်တည်း သဘောတူချမှတ်လိုက်သော ဤဆုံးဖြတ်ချက်သည် မြန်မာစစ်အုပ်စုအပေါ် နောက်ထပ်ဖိအားတစ်ခု ဖြစ်စေပါသည်။
ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့်လည်း အရှိန်ရနေစဉ် အခွင့်အရေးကိုဖမ်းဆုပ်ကာ မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ မျက်နှာစုံညီအစည်းအဝေး ဆုံးဖြတ်ချက်အသစ်တစ်ခုချမှတ်ပေးရန်နှင့် ရိုဟင်ဂျာနှင့် အခြားမြန်မာလူနည်းစုများအရေးအတွက် ပိုမိုအားကောင်းသော နှစ်ပတ်လည်ဆုံးဖြတ်ချက် တစ်ခုချမှတ်ပေးရန် SAC-M က တောင်းဆိုပါသည်။
ပြီးခဲ့သောဇွန်လအစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး Volker Türk နှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews တို့သည် အဘက်ဘက်မှချွတ်ခြုံကျနေသော မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေအကြောင်းကို လူ့အခွင့်အရေးကောင်စီထံ ပူးတွဲရှင်းလင်းတင်ပြခဲ့ကြပြီး ကောင်စီက အစ္စလာမ်ဘာသာဝင်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကမကထပြုမှုဖြင့် ဆုံးဖြတ်ချက်အသစ်တစ်ခု ချမှတ်ကာ အစည်းအဝေးကို အဆုံးသတ်နိုင်ခဲ့သည်။
လူ့အခွင့်အရေးမဟာမင်းကြီးသည် မြန်မာနိုင်ငံအကြောင်း အနာဂတ်ရေးရာအစီရင်ခံစာ အသစ်တစ်စောင် တင်သွင်းခဲ့ပြီး ထိုအစီရင်ခံစာထဲတွင် “အနာဂတ်မျှော်မှန်းချက်နှင့် ထိုမျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည့်လမ်းကြောင်းများ” ကို ချပြထားသည်။ အစီရင်ခံစာပြုစုစဉ်ကာလတွင် ဒေသခံလူထုများနှင့် ဆွေးနွေးတိုင်ပင်မှုများပြုလုပ်ခဲ့ရာ ၎င်းတို့အားလုံးက “စစ်တပ်သည် အများပြည်သူဆိုင်ရာကိစ္စရပ်များတွင် လုံးဝ ဝင်ရောက်ပါဝင်ခြင်းမပြုရန် လိုအပ်ကြောင်းနှင့် ပြည်သူများသည် တာဝန်ယူမှုတာဝန်ခံမှုနှင့် လူ့အခွင့်အရေးကိုအခြေခံသည့် ငြိမ်းချမ်းပြီး အများပါဝင်မှုရှိသော ဒီမိုကရက်တစ်လူမှုအသိုင်းအဝိုင်း ဖြစ်ပေါ်လာရန် လိုလားကြကြောင်း တညီတညွတ်တည်း သတင်းစကား” ပါးခဲ့ကြသည်။
အထူးကိုယ်စားလှယ် Tom Andrew ၏ နှုတ်ဖြင့်တင်ပြချက် ထဲတွင် မတ်လ ငလျင်ကပ်ဘေးကာလအတွင်း စစ်အုပ်စု၏ “အကူအညီကို စစ်လက်နက်သဖွယ်” အသုံးပြုကာ အမြတ်ထုတ်ခဲ့သောလုပ်ရပ်များကို လည်းကောင်း၊ အပစ်အခတ်ရပ်စဲရေးကြေညာပြီး တဖက်တွင် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော စဉ်းလဲသည့်လုပ်ရပ်များကိုလည်းကောင်း ပြစ်တင်ရှုတ်ချထားသည်။ ထို့ပြင် စစ်အုပ်စုက စီစဉ်နေသော အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း “အတိုက်အခံခေါင်းဆောင်များကို ဖမ်းဆီး ထိန်းသိမ်း၊ နှိပ်စက်၊ ကွပ်မျက်သည့်လုပ်ရပ်များနှင့် အမှန်တရားကိုရေးသားဖော်ထုတ်သည့် သတင်းထောက်များနှင့် မိမိထင်မြင်ချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုသည့် ပြည်သူများအား အရေးယူသည့်လုပ်ရပ်များရှိနေချိန်တွင် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲလုပ်ရန် မဖြစ်နိုင်” ဟု ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ထို့ပြင် ရိုဟင်ဂျာလူသားချင်းစာနာမှုအကျပ်အတည်း တုန့်ပြန်ရေးအစီအစဉ်အတွက် ရည်မှန်းထားသောရန်ပုံငွေ၏ ၂၂% သာ ရရှိသေးကြောင်းနှင့် ထိုအခြေအနေသည် ကုလသမဂ္ဂစနစ်တစ်ခုလုံးအတိုင်းအတာ ရန်ပုံငွေဖြတ်တောက်မှုများကို ထင်ဟပ်ဖော်ပြနေကာ “ဝမ်းနည်းဖွယ်ကောင်းပြီး အန္တရာယ်လည်းများသည့် ဆိုးရွားသောလမ်းကြောင်း” ပေါ်သို့ ဦးတည်စေလျက်ရှိကြောင်း အထူးကိုယ်စားလှယ်က ထပ်မံဖြည့်စွက်တင်ပြခဲ့သည်။
အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များကလည်း ကောင်စီထံသို့ တင်ပြမှုများ ပြုလုပ်ခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ၏ ပူးတွဲအတွင်းရေးမှူးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုကြည် က “မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲမှာ နေထိုင်ရတာဟာ ငရဲခန်းထဲရောက်နေတာနဲ့တူပြီး စစ်အုပ်စုက ဘယ်သူသေသေရှင်ရှင် ဂရုမစိုက်ဘူး” ဟု ပြတ်သားစွာ သတင်းစကားပါးခဲ့ကာ နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အဖွဲ့ဝင် ဇူးပဒုမ္မာ က ကရင်နီပြည်နယ်သည် စစ်အုပ်စုအတွက် “သတ်ကွင်း” တစ်ခုလိုဖြစ်နေသည်ဟုရှင်းပြခဲ့ပြီး တချိန်တည်းတွင် IEC သည် “ပြည်သူက ဦးဆောင်သော အစိုးရဖွဲ့စည်းမှု” တစ်ခုအဖြစ်လည်းကောင်း၊ “ခေါင်းဆောင်မှုတွင် အမျိုးသမီး ၃၅% ပါဝင်အောင် အခိုင်အမာဆောင်ရွက်ကာ အဆင့်တိုင်းတွင် ဒေသခံလူထု၏ပူးပေါင်းပါဝင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်မှုများကို အလေးထားဦးစားပေးမှုရှိသည့် ဗဟိုချုပ်ကိုင်မှုနည်းသော ကြားကာလအစိုးရတစ်ရပ်” အဖြစ်လည်းကောင်း အခရာကျသောအခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်နေကြောင်း တင်ပြခဲ့သည်။ ထို့အတူ ရိုဟင်ဂျာဒုက္ခသည်အရေး စည်းရုံးလှုံ့ဆော်သူ နူးရ်အဇီဇာ (Noor Azizah) ကလည်း မကြာသေးခင်က ကော့ဘဇားသို့ သွားရောက်ခဲ့သည့် သူမ၏အတွေ့အကြုံများကို ပြန်လည်ပြောပြကာ “အခွင့်အရေးအာမခံချက်များမပါသည့် ပြန်လည်နေရာချထားရေးသည် အဖြေတစ်ခုမဟုတ်” ဟူ၍ ရိုဟင်ဂျာပြည်သူများအတွက် လုံခြုံမှု၊ လူ့ဂုဏ်သိက္ခာနှင့်ကိုက်ညီမှုနှင့် ကိုယ်ပိုင်သဘောဆန္ဒအပေါ် အခြေခံမှုရှိသော ပြန်လည်နေရာချထားရေးဖြစ်စဉ်အတွက် လိုအပ်သောအခြေအနေအခင်းအကျင်းများ မရှိသေးကြောင်း အလေးထားတင်ပြခဲ့သည်။
အလွတ်တမ်း အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင် မတ်လ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက် မူကြမ်းရေးရန် တာဝန်ယူခဲ့သည့် ဥရောပသမဂ္ဂ (EU) က “ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှု မြောက်ရုံသာမက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများလည်း မြောက်နိုင်ခြေရှိသည့်” လုပ်ရပ်များအတွက် စစ်အုပ်စုကို ကန့်ကွက်ရှုတ်ချခဲ့ပြီး “သက်ဆိုင်ပါဝင်သူအစုအဖွဲ့များအားလုံးကြား တွေ့ဆုံဆွေးနွေးမှုမှတဆင့် တည်ငြိမ်ရေး၊ ငြိမ်းချမ်းသောပြန်လည်သင့်မြတ်ရေးနှင့် ပွင့်လင်းမြင်သာမှုနှင့် အများပါဝင်မှုရှိသည့် ယုံကြည်စိတ်ချရသော ဒီမိုကရေစီဖြစ်စဉ်တည်ဆောက်ရေး” ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
လက်ရှိအာဆီယံဥက္ကဋ္ဌ မလေးရှားကလည်း နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ပံ့ပိုးကူညီမှုပေးရန်နှင့် စစ်မှန်သော ယုံကြည်မှုတည်ဆောက်ရေးဖြစ်စဉ်နှင့် အများပါဝင်မှုရှိသော မြန်မာတနိုင်ငံလုံးအဆင့် တွေ့ဆုံဆွေးနွေးမှုမှတဆင့် “မြန်မာနိုင်ငံကိုယ်တိုင် ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံကိုယ်တိုင်ဦးဆောင်သော ငြိမ်းချမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် အဖြေတစ်ခု” ရရှိအောင် ဆောင်ရွက်ကြရန် တောင်းဆိုခဲ့သည်။
OIC ကလည်း “ရိုဟင်ဂျာပြည်သူများ၏ လူသားချင်းစာနာမှုအရေးကိစ္စအပေါ် ကမ္ဘာက အာရုံစိုက်မှု ကျဆင်းလာနေကြောင်း သတိပေးနှိုးဆော်ခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်နေ့၌ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်သွားမည့် မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ၏ အခြေအနေဆိုင်ရာ အဆင့်မြင့်ညီလာခံ က “ရိုဟင်ဂျာအကျပ်အတည်းအတွက် ရေရှည်တည်တံ့သော ပုံစံမျိုးဖြင့် ပိုမိုအလုပ်တွင်သည့်အဖြေတစ်ခု ရှာဖွေနိုင်ရန် ရှင်းလင်းသောလမ်းကြောင်းတစ်ခု ဖော်ထုတ်ပေးနိုင်လိမ့်မည်ဟု” ၎င်းတို့အနေဖြင့် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများအရေးကိစ္စနှင့် စပ်လျှင်းသည့် OIC ဆုံးဖြတ်ချက်တွင် အောက်ပါအချက်များအပါအဝင် ခိုင်မာအားကောင်းသော စာသားများပါဝင်သည်။
ဆုံးဖြတ်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် မူဝါဒ ထုတ်ပြန်ချက်” ကိုလည်း ပထမဆုံးအကြိမ်အနေဖြင့် အသိအမှတ်ပြုထားသည်ကို တွေ့ရသည်။ အဆိုပါ မူဝါဒထုတ်ပြန်ချက်တွင် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံသားဖြစ်ရန် အခွင့်အရေးရှိသူများဖြစ်ကြောင်း အသိအမှတ်ပြုထားပြီး ခွဲခြားဆက်ဆံသောဥပဒေမူဘောင်များကို ဖျက်သိမ်းရန် ကတိကဝတ်ပြုထားသည်။
ထို့ပြင် ဆုံးဖြတ်ချက်ထဲတွင် မြန်မာနိုင်ငံရှိ အစုအဖွဲ့များအားလုံးကို အကြမ်းဖက်မှု အားလုံးရပ်တန့်ရန်နှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေ ချိုးဖောက်မှုများအားလုံး ရပ်တန့်ရန် တောင်းဆိုထားပြီး OHCHR နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား ကို ၎င်းတို့၏ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များအား တိုးချဲ့ကာ နောက်ဆုံးဖြစ်ပေါ်ခဲ့သော ရက်စက်ကြမ်းကြုတ်မှု လုပ်ရပ်များကိုလည်း ထည့်သွင်းစုံစမ်းစစ်ဆေးပေးရန် တိုက်တွန်းတောင်းဆိုထားသည်။
ဤဆုံးဖြတ်ချက်သည် လာမည့် (၈၀) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေး နှင့်လည်း အချိန်ကိုက်သောကြောင့် အရှိန်မပြတ်စေရန် အထောက်အကူဖြစ်စေသည်။ အဆင့်မြင့်ညီလာခံကဲ့သို့ပင် လာမည့် အထွေထွေညီလာခံအစည်းအဝေးသည်လည်း EU နှင့် OIC တို့က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ နှစ်ပတ်လည်ဆုံးဖြတ်ချက် မူကြမ်းများ တင်ပြသွားမည့် နောက်ထပ်နေရာတစ်ခုဖြစ်သည်။
လုံခြုံရေးကောင်စီတွင် တစ်ဆို့မှုဖြစ်နေချိန် အထွေထွေညီလာခံသည် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ပိုမိုလွှမ်းခြုံမှုရှိသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်အောင် မဖြစ်မနေဆောင်ရွက်ပေးရန် လိုအပ်သည်။ “အတော်လေးစိုးရိမ်ဖွယ်ကောင်းတာက မြန်မာ့အရေးနဲ့ပတ်သက်ပြီး အထွေထွေညီလာခံက နောက်ဆုံး မျက်နှာစုံညီဆုံးဖြတ်ချက် ချမှတ်ခဲ့တာ လွန်ခဲ့တဲ့ လေးနှစ်ကျော်ကပါ။ အဲ့ဒီနောက်ပိုင်း ထပ်ပြီး ဆုံးဖြတ်ချက်ချထားတာ မရှိတော့ပါဘူး” ဟု SAC-M က ယန်ဟီးလီက ဆိုသည်။ “ဒီကာလအတွင်းမှာ မြန်မာနိုင်ငံ အခြေအနေဟာ အဘက်ဘက်က ချွတ်ခြုံကျသွားခဲ့ပြီး လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကပ်ဘေးတစ်ခုထဲ ကျရောက်သွားခဲ့ပါတယ်။”
19 May 2026

19 June 2026