ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေ တင်ပြချက် အစီရင်ခံစာကို မဲခွဲဆုံးဖြတ်ခြင်း မပြုဘဲ လက်ခံအတည်ပြုခြင်း အား ကြိုဆိုပါသည်။
အဆိုပြု ဆုံးဖြတ်ချက်ကို ဆွေးနွေးတိုင်ပင်သည့် လုပ်ငန်းစဉ် တလျှောက်လုံးတွင် ပွင့်လင်း မြင်သာမှုရှိပြီး အပြုသဘောဆောင်သည့် လုပ်ငန်းစဉ်တခု ဖြစ်ပေါ်စေရေးအတွက် ဦးဆောင်၍ ကြိုးပမ်းပေးခဲ့သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကို မြန်မာနိုင်ငံ အနေဖြင့် ကျေးဇူးတင်ရှိပါသည်။
အတည်ပြုဆုံးဖြတ်ချက်တွင် ကောင်းမွန်သည့် အကြောင်းအရာအသစ်များ အနေဖြင့် အောက်ပါ အချက်များ ပါဝင်သည်ကို တွေ့ရှိရပါသည် –
- အကြမ်းဖက်စစ်အုပ်စုက ရိုဟင်ဂျာပြည်သူများနှင့် အခြားလူနည်းစုများအပေါ် အလွန်ရက်စက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိရှိ နှင့် ကျယ်ပြန့်စွာ ကျူးလွန်ခဲ့မှုများ နှင့် ကျေးရွာများကို ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ ရွှေ့ပြောင်းစေခြင်း၊ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ အတင်း အဓမ္မ စစ်မှုထမ်းရန် ခိုင်းစေခြင်း နှင့် တရားလက်လွတ် အကျဉ်းချခြင်းများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊
- လူသားချင်းစာနာမှု အကူအညီပေးခြင်းများကို အကြမ်းဖက်စစ်အုပ်စုက ရည်ရွယ်ချက်ဖြင့် တားဆီးခြင်း၊ တနိုင်ငံလုံး အတိုင်းအတာ အနေနှင့် လူသားချင်း စာနာမှု ဝင်ရောက်ခွင့်များကို စနစ်တကျကန့်သတ်ခြင်း၊ လူသားချင်းစာနာမှု အကူညီပေးသူများအား ဖမ်းဆီးခြင်း၊ အကျဉ်းချခြင်းနှင့် သတ်ဖြတ်ခြင်း၊ အကူအညီပေးရေး အဆောက်အအုံများကိုသိမ်းယူခြင်း တို့ကိုလည်း ရှုတ်ချကြောင်း၊
- အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) တရားလို ရှေ့နေကြီး၏ အကြမ်းဖက် စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဖမ်းဆီးရေးအမိန့်တောင်းဆိုမှုကို အသိအမှတ်ပြုကြောင်း၊ ရိုဟင်ဂျာများအား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လူသားမျိုးနွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်သော အတင်းအဓမ္မ ရွှေ့ပြောင်းစေခြင်း နှင့် နှိပ်စက်ညှင်းပန်းခြင်းများ အတွက် ဥပဒေရေးရာအရ အကြမ်းဖက်စစ်အုပ်စုတွင် တာဝန်ရှိသည်မှာ ခိုင်မာမှန်ကန်ကြောင်း၊
- မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အလွန်ပြင်းထန်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေး၍ တရားစွဲစစ်ဆေးသည့် နိုင်ငံများ၏ လုပ်ဆောင်ချက်များကိုလည်း အသိအမှတ်ပြုကြောင်း၊
- လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးမှု ယန္တရား (IIMM) တို့ကိုလည်း အကြမ်းဖက်စစ်အုပ်စု၏ ဆက်လက် ကျူးလွန်နေဆဲ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရန် တိုက်တွန်း ကြောင်း၊
- နိုင်ငံတကာအဖွဲ့အစည်းများအား မိမိနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ပြန်ပို့ခြင်းမပြုရန် (non-refoulement) ကိုလည်း လေးစားစွာ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း တို့ပါဝင်ပါသည်။
ဤဆုံးဖြတ်ချက်အသစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အပေါ် မူဝါဒထုတ်ပြန်ချက်” ကိုလည်း အသိအမှတ်ပြုထားပြီး ရိုဟင်ဂျာများ သည် နိုင်ငံသားအဖြစ် သတ်မှတ်ခွင့်ရှိကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်ပေါ်စေသည့် ခွဲခြားဆက်ဆံမှု ဥပဒေ စနစ်များကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။ ထို့အပြင် ဤမူဝါဒ အကောင်အထည် ဖော်မှုနှင့် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ နောက်ဆုံးအကြံပြုချက် များအပေါ် ဆက်လက်ဆောင်ရွက်ရန် ဖိတ်ကြားချက်ကိုလည်း လက်ခံပါသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် နယူးယောက်မြို့၌ ကျင်းပမည့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများအခြေအနေ ဆိုင်ရာ အဆင့်မြင့် ညီလာခံတွင် ပါဝင်ဆောင်ရွက်ရန်လိုအပ်ပြီး လူ့အခွင့်အရေးကောင်စီအနေဖြင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍအားဖြင့် ထိရောက်မှုရှိစွာ ဆက်လက် ဆောင်ရွက်ရန်နှင့် အထောက်အပံ့ပေးရေး လုပ်ငန်းစဉ်များအား ပိုမို အားကောင်းစေရေး ဆောင်ရွက်ရန် တိုက်တွန်းချက်ကိုလည်း ထောက်ခံပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
pdf ဖိုင် ရယူရန် in English | Myanmar