ဘယ်လာရုစ်အစိုးရက မြန်မာစစ်အုပ်စုထံ လေကြောင်းကာကွယ်ရေးစနစ် ရောင်းချထားပြီး ဝေဟင်အကြမ်းဖက်မှုတိုးမြှင့်နေချိန် စစ်ဘက်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနေ

ဘယ်လာရုစ်အစိုးရက မြန်မာစစ်အုပ်စုထံ လေကြောင်းကာကွယ်ရေးစနစ် ရောင်းချထားပြီး ဝေဟင်အကြမ်းဖက်မှုတိုးမြှင့်နေချိန် စစ်ဘက်ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးနေ

မြန်မာစစ်အုပ်စုအတွက် သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် လေကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်တစ်ရပ် ရောင်းချထောက်ပံ့ခြင်း၊ စစ်အုပ်စု၏ စစ်လက်နက်ထုတ်လုပ်ရေးနယ်ပယ်မှ စစ်ဘက်ဝန်ထမ်းများအား ဘယ်လာရုစ်တက္ကသိုလ်များတွင် လေ့ကျင့်သင်ကြားပေးခြင်းတို့ အပါအဝင် ဘယ်လာရုစ်အစိုးရနှင့် မြန်မာစစ်အုပ်စုတို့အကြား ဆက်လက်ရှိနေသည့် အရေးပါသော စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ အထောက်အထားအသစ်များကို Justice For Myanmar ၏ သုတေသနတွင် ဖော်ထုတ်ထားသည်။

လျှို့ဝှက်ပေါက်ကြားလာသည့် မြန်မာ့လေကြောင်းကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ဘယ်လာရုစ် အာဏာပိုင်များအကြား ပေးစာတွင် မြန်မာ့လေကြောင်းကာကွယ်မှု စစ်ဆင်ရေးဆိုင်ရာ အမိန့်ပေးစနစ် (MADOC)၊ သုံးဘက်မြင်ရေဒါနည်းပညာနှင့် မြေပြင်အခြေစိုက်ဒုံးကျည်စနစ်များ အပါအဝင် အဆင့်မြင့် စစ်ဘက်နည်းပညာများ လွှဲပြောင်းရောင်းချမှုများကို အတည်ပြုနိုင်သည်။

သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် လေကြောင်းကာကွယ်ရေးအမိန့်ပေးစနစ်ကို နိုင်ငံပိုင်ကုမ္ပဏီ Belspetsvnesh-technika (BSVT) မှတဆင့် ရောင်းချထောက်ပံ့ခဲ့သည်။ ယင်းစနစ်တွင် တော်လှန်ရေးအင်အားစုများ အသုံးပြုသည့် ဒရုန်းများအပါအဝင် ဝေဟင်ရှိအရာဝတ္ထုများအား ရှာဖွေနိုင်ပြီး၊ ပစ်မှတ်များအား အလိုအလျောက် ခြေရာခံလိုက်နိုင်ရန် ဒီဇိုင်းရေးဆွဲထားသော “မြင်ကွင်းကျယ်” အလိုအလျောက် ထိန်းချုပ်စနစ်နှင့် Vostok သုံးဘက်မြင် ရေဒါနည်းပညာတို့ ပါဝင်သည်။

မြန်မာဘက်ဝန်ထမ်းများသည်လည်း Belarusian State University of Informatics and Radioelectronics (BSUIR) တွင် ကျောင်းလျှောက်ထား တက်ရောက်လျက်ရှိပြီး၊ လေကြောင်းကာကွယ်ရေး စနစ်များအတွက် ရေဒီယို-အီလက်ထရောနစ် အင်ဂျင်းနီးယားရင်းပညာရပ်များတွင် သုတေသနများ ဆောင်ရွက်လျက် ရှိသည်။

ယင်းကျောင်းသားများသည် နေပြည်တော်ရှိ အမှတ် (၄) ကာကွယ်ရေး ပစ္စည်းစက်ရုံနှင့် မန္တလေးရှိ အမှတ် (၁၀) မြန်မာ့အကြီးစားစက်မှုလုပ်ငန်းတို့အပါအဝင် အရေးပါသည့် စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံများနှင့် ဆက်နွှယ်နေသူများ ဖြစ်သည်။

ယခုတွေ့ရှိချက်များသည် မြန်မာစစ်အုပ်စုမှ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေများ ပိုမိုကျယ်ပြန့်လာသောကြောင့် လေကြောင်းတိုက်ခိုက်မှုများအပေါ် အလုံးစုံမှီခိုနေရချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ စစ်အုပ်စု၏ လေတပ်က အရပ်သားပြည်သူများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများအပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများ ပစ်မှတ်ထားလုပ်ဆောင်ခဲ့ပြီး၊ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများနှင့် နေရပ်စွန့်ခွာ တိမ်းရှောင်မှုများကို ဖြစ်စေကာ၊ စစ်ရာဇဝတ်မှုများကို အပစ်ပေးအရေးယူခံရခြင်း လွတ်ကင်းစွာဖြင့် ကျူးလွန်လျက်ရှိသည်။

ဘယ်လာရုစ်နိုင်ငံသည် မြန်မာစစ်အုပ်စုနှင့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ပြီး၊ နှစ်နိုင်ငံကြား ကိုယ်စားလှယ် အရာရှိကြီးများ၏ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ ခပ်စိပ်စိပ် ဖြစ်လာသည်။ 

၂၀၂၅ ခုနှစ်အတွင်းမှာပင် စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံမြို့တော် မင့်ဇ်သို့ နှစ်ကြိမ် သွားရောက်ထားပြီး အာဏာရှင် အလက်ဇန်းဒါး လူကာရှန်ကို အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ ခရီးစဉ်သည် မြန်မာစစ်တပ်၏ နိုင်ငံတကာ ရာဇ၀တ်မှုများတွင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဘယ်လာရုစ်၏ ပါ၀င်ပတ်သက်မှုတို့ကို တိုးမြင့်လာစေခဲ့သည်။

ဘယ်လာရုစ်စစ်လက်နက်စက်ရုံများ၊ စစ်ဘက်အင်ဂျင်နီးယားရင်းနှင့် လေ့ကျင့်ရေးအစီအစဉ်များရှိသည့် တက္ကသိုလ်များမှ ကိုယ်စားလှယ်များသည်လည်း ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် လာရောက်ခဲ့ ပြီး၊ မြန်မာစစ်အုပ်စုမှ တိုက်ရိုက်အသုံးချနိုင်သည့် မြန်မာတက္ကသိုလ်များနှင့် သဘောတူစာချုပ်များကို ချုပ်ဆို ခဲ့ကြသည်။

Dynasty Group အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံတိုးချဲ့ခြင်းအပါအဝင် ဘယ်လာရုစ်နိုင်ငံနှင့် စစ်လက်နက်ကုန်သွယ်မှုတွင် ပါဝင်ခဲ့သည့် မြန်မာစစ်လက်နက်ပွဲစားများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ မြန်မာစစ်ဘက် ဝန်ထမ်းများအား လေ့ကျင့်သင်ကြား ပေးနေသည့် ဘယ်လာရုစ်တက္ကသိုလ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က တောင်းဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဘယ်လာရုစ်အစိုးရနဲ့ မြန်မာစစ်အုပ်စု အကြား မိတ်ဖက်ဆောင်ရွက်မှုက နှစ်ပေါင်းများစွာ ကြာနေပါပြီ။ ဘယ်လာရုစ်နိုင်ငံက မြန်မာနိုင်ငံကို စစ်လက်နက်စီးဆင်းမှုကာကွယ်တားဆီးရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ တောင်းဆိုတဲ့ ၂၀၂၁ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒမဲ ပေးခဲ့တဲ့ တစ်ခုတည်းသောနိုင်ငံပဲ ဖြစ်ပြီး၊ ရာဇဝတ်ကောင်တွေထဲမှာ အဲ့လိုကူညီပံ့ပိုးခဲ့တဲ့အချိန်ကစပြီး  ပိုပို နက်ရှိုင်းလာခဲ့တာ ဖြစ်ပါတယ်။

အခုအထောက်အထားသစ်တွေအရ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေး ဆင်နွှဲပြီး၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပစ်ပေး အရေးယူခံရခြင်း စိုးစဥ်းမရှိပဲ ကျူးလွန်နေတဲ့ စစ်အုပ်စုအပေါ် ဘယ်လာရုစ်နိုင်ငံက ဆက်ပြီးပံ့ပိုးကူညီနေတာကို ပြသနေပါတယ်။

ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှုမှာ ဘယ်လာရုစ်နိုင်ငံရဲ့ ပံ့ပိုးမှုတွေရှိတာကို သိရှိထားပြီး ဖြစ်တဲ့အတွက် မြန်မာစစ်အုပ်စုနဲ့ ဘယ်လာရုစ်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာလည်း အရေးတကြီးနဲ့ ပိုမိုကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်သင့်ပါတယ်။

မြန်မာစစ်ဘက်ဝန်ထမ်းတွေကို လက်ခံထားတဲ့ တက္ကသိုလ်တွေအပါအဝင် ဘယ်လာရုစ်အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ မဖြစ်မနေချမှတ်ပါ။ ဘယ်လာရုစ်နိုင်ငံကတဆင့် မြန်မာနိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှု မှန်သမျှ တားဆီးဟန့်တားနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေကိုလည်း လုပ်ဆောင်သင့်ပါတယ်။

Dynasty Group အပါအဝင် စစ်လက်နက်ပွဲစားတွေ၊ ဘယ်လာရုစ်နဲ့ မြန်မာနိုင်ငံအကြား မသမာစီးပွားရေး လုပ်ငန်းတွေနဲ့ ပံ့ပိုးကူညီနေတဲ့သူတွေကို အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်ပါတယ်။” ဟု ပြောကြားခဲ့သည်။


pdf ဖိုင် ရယူရန် in Myanmar | English

Original post

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia