ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားတောင်းဆိုမှုများကြောင့် Airbus က တရုတ်စစ်လက်နက်ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်း

ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားတောင်းဆိုမှုများကြောင့် Airbus က တရုတ်စစ်လက်နက်ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်း

AviChina Industry & Technology Company Limited (AviChina) မှ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းလိုက်သည့် Airbus ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို Justice For Myanmar နှင့် Info Birmanie တို့မှ ကြိုဆိုပါသည်။ Airbus သည် AviChina တွင် ရှယ်ယာ ၅.၀၃ ရာခိုင်နှုန်းပိုင်ဆိုင်သည့် တစ်ခုတည်းသော အကြီးဆုံးနိုင်ငံတကာ ရှယ်ယာရှင် ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ စာရင်းအရ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၁၄၀ ရှိသည်။

ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းလိုက်ခြင်းသည် ကမ္ဘာတစ်ဝန်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ် အဖွဲ့များ၊ ကုန်သွယ်ရေးသမဂ္ဂများ၊ ဆန္ဒပြတောင်းဆိုသူများနှင့် လူပုဂ္ဂိုလ်အသီးသီးပါဝင်သော အုန်းအုန်းကျက်ကျက် လှုပ်ရှားတောင်းဆိုမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းလှုပ်ရှားတောင်းဆိုမှု များတွင် Airbus အား Aviation Industry Corporation of China (AVIC) အပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြု၍ မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများအား ရပ်ဆိုင်းစေရန်၊ သို့မဟုတ်ပါက ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် ဖိအားပေးခဲ့သည်။

Justice For Myanmar နှင့် Info Birmanie တို့၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလထုတ် အစီရင်ခံစာတွင် AVIC ၏ ကုမ္ပဏီခွဲဖြစ်သော AviChina Industry & Technology Company Limited တွင် Airbus ၏ များပြားသည့် ရင်းနှီးမြှုပ်နှံမှုများကို ဖော်ထုတ်ခဲ့သည်။

AviChina ၏ ထုတ်ကုန်များတွင် K-8 လေ့ကျင့်ရေး/ အပေါ့စားတိုက်ခိုက်ရေးလေယာဉ်နှင့် Y-12 ဘက်စုံသုံးလေယာဉ်တို့ ပါဝင်သည်။ ယင်းအမျိုးအစားနှစ်ခုလုံးကို မြန်မာ့လေတပ်က နိုင်ငံတစ်ဝန်း အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် ဆက်လက် အသုံးပြုလျက်ရှိသည်။

Airbus သည် AviChina မှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းမှုကို ၂၀၂၅ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် အပြီးသတ် ဆောင်ရွက်ခဲ့ပြီး၊ ယင်းအကြောင်းကို မတ်လ ၃၁ ရက်နေ့အထိ သုံးလပတ်ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းချက် တွင် ဖော်ပြခဲ့သည်။ Justice For Myanmar နှင့် Info Birmanie တို့ထံ အကြောင်းပြန်ကြားသည့် အီးမေးလ်တွင် Airbus ၏ ပြောရေးဆိုခွင့်ရှိသူက “Airbus SE ကုမ္ပဏီအနေနဲ့ Aviation Industry Corporation of China (AVIC) ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ AviChina Industry & Technology Company Limited က ရှယ်ယာအားလုံးရောင်းချမှုကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ Airbus အနေနဲ့ AVIC မှာ မည်သည့်ရင်းနှီးမြှုပ်နှံမှုမှ မရှိတော့ပါ” ဟု အတည်ပြုခဲ့သည်။

AVIC နှင့် စီးပွားရေးပတ်သက်မှုကြောင့် Airbus အပေါ် နယ်သာလန်နိုင်ငံရှိ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) တွင် မြန်မာအရပ်ဘက်အဖွဲ့အစည်းတစ်ခုက တိုင်ကြားထားသည့် တိုင်ကြားချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် Airbus ကုမ္ပဏီက ငြင်းဆိုခဲ့သည်။

တရုတ်နိုင်ငံသည် စစ်ဘက်-အရပ်ဘက်ပေါင်းစည်းအသုံးချရေး မဟာဗျူဟာ ကျင့်သုံးသည့် အထောက်အထားများ ရှိနေသော်လည်း Airbus သည် တရုတ်လေကြောင်းထုတ်လုပ်ရေးကဏ္ဍတွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်သည်။ Airbusted အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားသည့်အတိုင်း Airbus သည် တရုတ်နိုင်ငံတွင် AVIC နှင့် ယင်း၏ ကုမ္ပဏီခွဲများနှင့် အများစု လုပ်ဆောင်သည့် ဖက်စပ်လုပ်ငန်းများ အပါအဝင် တရားဝင်လုပ်ငန်းပေါင်းများစွာ ဖွင့်လှစ်ထားသည်။

AVIC ထိန်းချုပ်ထားသည့် ကုမ္ပဏီများနှင့် Airbus ၏ မိတ်ဖက်ဆောင်ရွက်မှုများသည် Airbus ၏ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုများလုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများနှင့် ဆီလျော်ခြင်း မရှိပေ။ AVIC ၏ ကြီးကြပ်မှုအောက်ရှိ ယင်းကုမ္ပဏီများသည် မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်များ အပါအဝင် စစ်လက်နက်များ ဆက်လက်ရောင်းချထောက်ပံ့ခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်မှုကြောင့် AVIC သည် မြန်မာစစ်အုပ်စုကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီမှုမြောက်သည့် အန္တရာယ် ရှိနေသည်။

မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ဆက်လက်တင်ပို့မှုကို စိန်ခေါ်မေးခွန်းထုတ်ရန်အတွက် Airbus အနေဖြင့် AVIC အပေါ် မိမိတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးချခဲ့ခြင်း ရှိမရှိ၊ ရှိခဲ့လျှင် မည်သည့် အတိုင်းအတာအထိ လုပ်ဆောင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။

သို့ရာတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများနှင့် နိုင်ငံစုံစီးပွားရေး လုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်းချက်များ အပါအဝင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စံနှုန်းများအရ Airbus အနေဖြင့် မိမိ၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုရန် AVIC အား မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းအားလုံးကို ရပ်ဆိုင်းရန် ဖိအားပေးဖို့ လိုအပ်ပြီး၊ ယင်းသို့လုပ်ဆောင်မှု မအောင်မြင်ပါက AVIC နှင့် မိတ်ဖက်ဆောင်ရွက်မှုများမှ တာဝန်ယူမှုရှိစွာဖြင့် ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းထွက်ခွာရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဖျက်အားပြင်းစစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး ကယ်ဆယ်ရေး လုပ်သားများက အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေမှုများ လုပ်ဆောင်နေချိန်မှာပင် မြန်မာ့လေတပ်၏ အရပ်သား ပြည်သူများအပေါ် အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်ခဲ့သည်။

မြန်မာ့လေတပ်သည် နိုင်ငံခြားတိုင်းပြည်များရှိ မိတ်ဖက်များထံမှ လေယာဉ်နှင့် ဆက်စပ်စစ်လက်နက်များ၊ နေ့စဉ်သုံးမရှိမဖြစ်ပစ္စည်းများ၊ ပြုပြင်ထိန်းသိမ်းမွမ်းမံဝန်ဆောင်မှုများ ဆက်လက်ရရှိနေခြင်းကြောင့်သာ ၎င်းတို့၏ ဝေဟင်အကြမ်းဖက်စစ်ဆင်ရေးကို ဆင်နွှဲနေနိုင်ခြင်း ဖြစ်သည်။

AviChina တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် Airbus သည် ဘဏ္ဍာရေးအရ ပံ့ပိုးပေးခဲ့ပြီး၊ AviChina ၏ စစ်လေယာဉ်များ ဆက်လက်ထုတ်လုပ်ခြင်း၊ ဈေးကွက်မြှင့်တင်ခြင်းနှင့် မြန်မာစစ်အုပ်စုထံ ယင်းစစ်လေယာဉ်များ တင်ပို့ရောင်းချခြင်းတို့မှ အကျိုးအမြတ်များ ရရှိခဲ့သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က

“Airbus ရဲ့ ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းလိုက်ခြင်းက မြန်မာစစ်အုပ်စုဆီ စစ်လေယာဉ်တွေနဲ့ ဆက်စပ် စစ်လက်နက်တွေ ရောင်းချထောက်ပံ့နေတဲ့ AVIC နဲ့ တရုတ်အစိုးရတို့အတွက် ဘဏ္ဍာရေးနဲ့ ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ ပေးဆပ်ရမှုတွေ ရှိမယ်ဆိုတာကို ပြတ်သားတဲ့သတင်းစကားပါးလိုက်ခြင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံက မြန်မာစစ်အုပ်စုအတွက် စစ်လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး နည်းပညာတွေနဲ့ လေ့ကျင့်သင်ကြားမှုတွေကို အဓိကရောင်းချထောက်ပံ့တဲ့ နိုင်ငံအဖြစ် ဆက်ရှိနေပြီး၊ ယခုလို ကြံရာပါ ပတ်သက်မှုကို အဆုံးသတ်ဖို့ လိုပါတယ်။

Airbus အနေနဲ့ မြန်မာစစ်အုပ်စုအတွက် AVIC ရဲ့ ပံ့ပိုးမှုအားလုံးကို ဖြတ်တောက်စေဖို့ AVIC အပေါ် ကိုယ့်ရဲ့ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုပြီး၊ နောက်ထပ်အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့၊ ဒါမှမဟုတ် AVIC နဲ့ စီးပွားရေးလုပ်ငန်းတွေကို တစ်ပြိုင်တည်းရပ်တန့်လိုက်ဖို့ အလွန်အရေးကြီးပါတယ်” ဟု ပြောကြားသည်။

Info Birmanie ၏ ညှိနှိုင်းရေးမှူး ဂျိုဟန်နာချာဒွန်နီးရပ်စ်က

“AviChina ကနေ အမြော်အမြင်ရှိစွာ ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းလိုက်ခြင်းက Airbus ရဲ့ တာဝန်ဝတ္တရားတွေ ပြီးမြောက်သွားပြီလို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် အခြားသူတွေအတွက် သတိပေးတပ်လှန့်မှုတစ်ရပ်တော့ ဖြစ်ပါတယ်။

အခုရင်းနှီးမြှုပ်နှံမှုရုပ်သိမ်းခြင်းက အထူးသဖြင့် ဗမာစစ်အုပ်စုနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင် ပတ်သက်နေကြတဲ့ ဥပရောပကုမ္ပဏီတွေ အပါအဝင် အခြားကုမ္ပဏီတွေအတွက် သတိပေးတပ်လှန့်မှု တစ်ရပ် ဖြစ်ရပါမယ်။ နိုင်ငံအဆင့်၊ ဥရောပအဆင့်၊ နိုင်ငံတကာအဆင့်တွေမှာ စီးပွားရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာမူဘောင်တွေ ရှိကြပါတယ်။ ဗမာစစ်အုပ်စု ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုမှတ်တမ်း မြောက်မြားစွာလည်း ရှိနေပြီး၊ ကုမ္ပဏီတွေအနေနဲ့ ဆက်ပြီး လျစ်လျူရှုလို့ရနိုင်မှာ မဟုတ်ပါဘူး။

ဥရောပသမဂ္ဂဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပြင်သစ်နိုင်ငံရဲ့ သတိထားစောင့်ကြည့်ရန်တာဝန်ရှိမှုဥပဒေ တို့လိုမျိုး ဥပဒေလက်နက်တွေကို မဖြစ်မနေ အသုံးပြုရပါမယ်။ ကျွန်တော်တို့ အင်စတီကျူးရှင်းတွေက သူတို့အပေါ် တင်းကျပ်ဖို့ ပျက်ကွက်တဲ့အခါ သူတို့က အရပ်ဘက်လူ့အဖွဲ့အစည်းအတွက် ဆုံးဖြတ်ချက်ပေးရမယ့် သူတို့ရဲ့ ကျင့်သုံးလုပ်ဆောင်မှုကိုလည်း ချောင်ထိုးထားပြီး သူတို့ရဲ့ ယုံကြည်နိုင်မှုကို ထိခိုက်ပျက်စီးစေပါတယ်။ အခုအချိန်က ကျွန်တော်တို့ ကိုယ်စားလှယ်တွေ အထူးသဖြင့် ပြင်သစ်ပါလီမန်ရဲ့ စစ်လက်နက် တင်ပို့ရောင်းချမှု ထိန်းချုပ်ရေးကော်မတီအနေနဲ့ Airbus နဲ့ AVIC အုပ်စု၊ သူရဲ့ ကုမ္ပဏီခွဲတွေအကြား စာချုပ်တွေနဲ့ဆက်နွှယ်မှုတွေကို အပြည့်အဝချပြဖို့ အချိန်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


pdf ဖိုင် ရယူရန် in English | Myanmar | French

Original post

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia