ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အာရက္ခတပ်တော် (အေအေတပ်ဖွဲ့)က မြန်မာစစ်တပ်ကို အကြီးအကျယ် အနိုင်ယူလိုက်သောအခါ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များအတွက် အခွင့်အလမ်းတစ်ခု ပွင့်သွားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာ အချင်းချင်း စားကျက်လု၊ တိုက်ခိုက်ကြပြီးနောက် ထိုရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များသည် ၂၀၂၄၊ နိုဝင်ဘာလတွင် အေအေတပ်ဖွဲ့ကို တိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်ကြသည်။ ထိုလက်နက်ကိုင်အဖွဲ့များသည် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာမွတ်စလင်လူနည်းစုကို ကိုယ်စားပြုကြောင်း ကြွေးကြော်ထားသည့် အဖွဲ့အစည်းများလည်းဖြစ်သည်။ အေအေတပ်ဖွဲ့ကမူ ပြည်နယ်အတွင်း လူများစုဗုဒ္ဓဘာသာဝင်ရခိုင်များ၏ ထောက်ခံမှု အပြည့်အဝရရှိထားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ထိုချိန်မှစ၍ ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်မှုဖြစ်စဉ်များ ရုတ်ချည်းလျော့ကျသွားပြီး ထိုရိုဟင်ဂျာအဖွဲ့များသည် လူသစ်စုဆောင်းမှုကို အကြီးအကျယ် စတင်ဆောင်ရွက်ကြတော့သည်။ တစ်ဆက်တည်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာအတွင်းက နှစ်နိုင်ငံနယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အေအေတပ်ဖွဲ့ကို ယာယီနှင့် အကန့်အသတ်ဖြင့် စတင်၍ ထိတွေ့ဆက်ဆံနေချိန်လည်းဖြစ်သည်။ မြင့်တက်လာသည့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ အေအေအပေါ် တိုက်ခိုက်မှုများက ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အေအေတပ်ဖွဲ့ကြားက ဆက်ဆံရေးကို ထိခိုက်စေနိုင်သည့်အပြင် မြန်မာပြည်အတွင်း ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် မလိုမုန်းထားမှုများကိုလည်း ပို၍မြင့်တက်စေနိုင်ပါသည်။ ထိုအခြေအနေရောက်ရှိလာပါက ဘင်္ဂလားဒေ့ရှ်ရှိ တစ်သန်းခန့်သော ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးသည်လည်း မရေမရာဖြစ်သွားနိုင်သည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒုက္ခသည်စခန်းများအတွင်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ ဗိုလ်ကျစိုးမိုးမှုများကို ထိန်းချုပ်ကန့်သတ်သင့်ပြီး ထိုကိစ္စများနှင့်ပတ်သက်၍ အေအေတပ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသင့်ပါသည်။ အေအေတပ်ဖွဲ့ကမူ ရခိုင်ပြည်နယ်အတွင်းက အသိုင်းအဝိုင်းအားလုံး၏ အကျိုးစီးပွားကိုရှေးရှု၍ တိကျခိုင်မာသော အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်သင့်ပါသည်။
အေအေတပ်ဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့စဉ် ၂၀၂၄အစောပိုင်းတွင် အင်အားလျော့နည်းလာသည့် မြန်မာစစ်တပ်သည် လူနည်းစုရိုဟင်ဂျာများကို ၎င်း၏စစ်သားများနှင့်အတူ လက်နက်ကိုင်၍ တိုက်ပွဲဝင်ရန် စည်းရုံးသိမ်းသွင်းခဲ့သည်။ စစ်တပ်က ရိုဟင်ဂျာများကို ၎င်း၏လက်ဝေခံ ပြည်သူ့စစ်များအဖြစ် အတင်းအဓမ္မ သွတ်သွင်းခဲ့သလို ရပ်ရွာခေါင်းဆောင်များနှင့် ပူးပေါင်း၍လည်း မိမိသဘောဖြင့် လက်နက်ကိုင်လိုသူ ရိုဟင်ဂျာများအား စည်းရုံး၍လူသစ်စုခဲ့သည်။ အံ့အားသင့်ဖွယ် အလှည့်အပြောင်းတစ်ခုမှာ မြန်မာစစ်တပ်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များနှင့်ပင် အပေးအယူလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲ့များသည် ရိုဟင်ဂျာများ၏ အခွင့်အရေးအတွက်ဟုဆိုကာ ယခင်က မြန်မာစစ်တပ်ကို လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းများဖြစ်သည်။ ထိုသို့ ရိုဟင်ဂျာများကို လက်နက်တပ်ဆင်ပေးသည့်လုပ်ရပ်က အေအေတပ်ဖွဲ့၏ ရခိုင်ပြည်နယ်အတွင်း စစ်မြေပြင်အောင်ပွဲများနှင့် အင်အားကြီးထွားလာမှုကို စစ်တပ်က မည်သို့မျှ မတားဆီးနိုင်သည်ကို ပြသလျက်ရှိသည်။ ရိုဟင်ဂျာအများအပြားက မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခဲ့ကြသည်။ သို့သော် အေအေတပ်ဖွဲ့၏ ရိုဟင်ဂျာများအပေါ် ထားရှိသည့် သဘောထားနှင့် ၎င်းတို့အပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လက်ရှိတွင် အေအေတပ်ဖွဲ့သည် မြန်မာစစ်တပ်ထက်စာလျှင် ၎င်းတို့အတွက် ပို၍အန္တရာယ်ရှိသည့် အဖွဲ့အစည်းဖြစ်ကြောင်း ရိုဟင်ဂျာအများအပြားက ပြောင်းလဲ၍ရှုမြင်ကြသည်။
မောင်တောမြို့နယ်ကို အေအေတပ်ဖွဲ့က မသိမ်းပိုက်မီကတည်းကပင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့၏ သဘောထား၊ ရပ်တည်ချက်များကို ပြန်လည်ပြင်ဆင်ညှိနှိုင်းခဲ့ကြသည်။ အေအေတပ်ဖွဲ့က မောင်တောမြို့နယ်ကို ၂၀၂၄၊ ဒီဇင်ဘာလတွင် သိမ်းပိုက်ခဲ့ရာ ထိုချိန်မှစ၍ ရခိုင်မြောက်ပိုင်းတစ်ခွင်သည် စစ်တပ်ကင်းစင်နယ်မြေများ ဖြစ်လာသည်။ ယမန်နှစ်၊ နိုဝင်ဘာတွင် ၎င်းတို့အကြား “သင့်မြတ်ရေး” သဘောတူညီချက်တစ်ခု ရယူခဲ့ကြပြီး နောက်တစ်လတွင် ရိုဟင်ဂျာလက်နက်ကိုင်တပ်များသည် ဒုက္ခသည်စခန်းများ၌ လူအများအပြားပါဝင်သည့် “ညီညွတ်ရေး“လူစုဝေးပွဲတစ်ရပ် ကျင်းပခဲ့သည်။ ရခိုင်မြောက်ပိုင်းအား အင်အားသုံး၍ ပြန်လည်သိမ်းပိုက်ရေးတွင် ပါဝင်ကြရန် ၎င်းတို့က ထိုလူစုဝေးပွဲသို့ တက်ရောက်လာသည့် ရိုဟင်ဂျာများအား စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။ ထိုသို့စည်းရုံးမဲဆွယ်ရာတွင် လူအများထောက်ခံမှုရရှိစေရန် ဘာသာရေးခေါင်းဆောင်များ၏ အင်အားကိုအသုံးပြုခဲ့ပြီး “မယုံကြည်သူများအပေါ်” ဆင်နွှဲသည့် “ဂျီဟတ်စစ်ပွဲ“အဖြစ် ထိုအဖွဲ့များက ပုံဖော်ပြောဆိုခဲ့ကြသည်။ မကြာသေးခင်အထိ ရိုဟင်ဂျာဒုက္ခသည်အများအပြားသည် ၎င်းတို့၏ အကြမ်းဖက်၊ အနိုင်ကျင့်၊ ဗိုလ်ကျမှုများကြောင့် ထိုလက်နက်ကိုင်တပ်ဖွဲ့များကို မနှစ်မြို့ကြပေ။ သို့သော်လည်း ဒုက္ခသည်များအကြား အေအေတပ်ဖွဲ့အပေါ် အပြင်းအထန်မလိုလားမှုနှင့် နေရပ်ပြန်ရေး မရေမရာဖြစ်လာမည်ကို စိုးရိမ်မှုများကြောင့် ဒုက္ခသည်စခန်းများသည် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များအတွက်မူ လူသစ်စုဆောင်းရာ စိမ်းလန်းသော စားကျက်ပြင်ကြီးသဖွယ် ဖြစ်လာသည်။
နှစ်ပေါင်းများစွာကတည်းက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များနှင့်သာမက အေအေတပ်ဖွဲ့နှင့်ပါ အဆက်အဆံရှိသည့် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးအေဂျင်စီများကမူ ရိုဟင်ဂျာအဖွဲ့များ၏ “ညီညွတ်ရေး” လှုပ်ရှားမှုကို ထောက်ခံသည်။ ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်မှုများကိုလျှော့ချရန် ရည်ရွယ်သည်ဟု အခိုင်အမာဆိုသော်လည်း ထိုလုံခြုံရေးအေဂျင်စီများက ဒုက္ခသည်များကို ပြန်လည်လက်ခံရန် အေအေတပ်ဖွဲ့အား ဖိအားပေးရာတွင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကို လက်ကိုင်တုတ်အဖြစ် အသုံးချခြင်း ဖြစ်နိုင်သည်။ ထိုလုံခြုံရေးအေဂျင်စီများသည် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များအား ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးအပ်ခြင်းရှိ၊ မရှိ အတိအကျမသိရပေ။ သို့သော် ထိုအဖွဲ့များနောက်ကွယ်တွင် ၎င်းတို့ရှိနေခြင်းသည် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အေအေတပ်ဖွဲ့အကြား မကြာသေးမီကမှ စတင်ခဲ့သည့် ထိတွေ့ဆက်ဆံမှုများအတွက် အဟန့်အတားဖြစ်စေသည်။ လက်ရှိတွင် အေအေတပ်ဖွဲ့သည် ၂၀၁၇က ရိုဟင်ဂျာများ စွန့်ခွာခဲ့သည့် ၎င်းတို့၏ နေရပ်ဒေသများအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးကို ထိန်းချုပ်ထားပြီဖြစ်သည်။
တစ်ချိန်တည်းတွင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များသည် ရခိုင်ပြည်နယ်အတွင်း အေအေတပ်ဖွဲ့ကို စတင်တိုက်ခိုက်နေပြီဖြစ်ကာ နယ်စပ်ဒေသများရှိ ဒုက္ခသည်စခန်းများတွင် တပ်သားသစ်များကို စစ်သင်တန်းပေးနေသည်။ စတင်ခဲ့ပြီဖြစ်သော ထိုပုန်ကန်မှုသာ ပိုမိုပြင်းထန်လာပါက ရိုဟင်ဂျာအရပ်သားများ၊ အေအေတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ စသည့် အကျိုးစီးပွား ဆက်နွှယ်သူအားလုံးအတွက် ဆုတ်ယုတ်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။ ထို့ပြင် ထိုတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစုရိုဟင်ဂျာမွတ်စလင်များအကြား သွေးထွက်သံယို ပဋိပက္ခများ တစ်ဖန်ပြန်လည် ဖြစ်ပွားလာနိုင်သည့်အပြင် ပို၍များပြားသော ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင်ရနိုင်ခြေလည်း ပိုမိုမြင့်မားလာသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့သည်ဟု အေအေက ယူဆလာနိုင်သဖြင့် ဒါကာအစိုးရနှင့် အေအေအကြား ဆက်ဆံရေးတွင် အဖုအထစ်များ ရှိလာနိုင်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် အနှစ်သာရပြည့်ဝသည့် လုပ်ဆောင်ချက်များတွင် အေအေတပ်ဖွဲ့သည် မဖြစ်မနေ လက်တွဲရမည့် ရှောင်လွှဲ၍မရနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်လာသည်။ သို့ဖြစ်ရာ ၎င်းနှင့်အေအေကြားက ဆက်ဆံရေးသာ ပျက်ယွင်းသွားပါက ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဒုက္ခသည်များနေရပ်ပြန်ရေးငန်းစဉ်အတွက် ကြီးမားသော ဆုတ်ယုတ်မှုတစ်ခု ဖြစ်လာနိုင်သည်။
အေအေတပ်ဖွဲ့ကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများသည် မြန်မာပြည်အတွင်း လူ့အသိုင်းအဝိုင်းများက ရိုဟင်ဂျာများအပေါ် သဘောထားနှင့် ရှုမြင်ပုံများကို ပြောင်းလဲသွားစေနိုင်ပြီး ၎င်းတို့အတွက် နိုင်ငံသားဖြစ်ခွင့်အပါအဝင် အခြေခံ လူ့အခွင့်အရေးများ ခံစားရရှိရေးကြိုးပမ်းမှုများကို အချည်းနှီးဖြစ်စေနိုင်သည်။ အေအေတပ်ဖွဲ့သည် စစ်တပ်ကို ဒုက္ခအပေးနိုင်ဆုံး ဆန့်ကျင်ဘက် အင်အားစုများအနက် အဖွဲ့အစည်းတစ်ခုအဖြစ် ပေါ်ထွန်းလာသည်ဖြစ်ရာ နိုင်ငံတစ်ဝန်း ၎င်းအပေါ်ထောက်ခံမှုက မြင့်တက်နေသည်။ အေအေတပ်ဖွဲ့ကို ဆန့်ကျင်ခြင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲ၏ “မှားယွင်းသောဘက်“က ရပ်တည်ကြောင်း မြန်မာပြည်ရှိ လူအများအပြားက ယူဆလာနိုင်ဖွယ်ရှိသည်။ ထို့ပြင် ရိုဟင်ဂျာများအပေါ် ပြည်သူလူထုက အသိအမှတ်ပြု၊ လက်ခံလာနိုင်သည့် အလားအလာများကိုလည်း ထိခိုက်စေသည့်အပြင် ၎င်းတို့အား ပိုမိုဖိနှိပ်ရန် ခြိမ်းခြောက်မှုများမြင့်တက်နိုင်ကာ ခွဲခြားဆက်ဆံသည့် နိုင်ငံသားဖြစ်မှုဥပဒေကို ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများလည်း အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။
အေအေတပ်ဖွဲ့၊ ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား သုံးပွင့်ဆိုင်ယုံကြည်မှုတည်ဆောက်ခြင်းသည် လက်ရှိယိုယွင်းနေသော အခြေအနေကို ပဋိပက္ခအဖြစ် အသွင်ပြောင်းသွားခြင်းမှ ကာကွယ်ရာတွင် အဓိကကျပေလိမ့်မည်။ ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရသည် အာရက္ခတပ်တော်နှင့် ပို၍တွေ့ဆုံဆွေးနွေးသင့်ပါသည်။ ထို့ပြင် တရားဝင်မဟုတ်သော ကုန်သွယ်မှုကိုတိုးမြှင့်၍ လူသားချင်းစာနာမှုအကူအညီများ ပိုမိုပေးအပ်ပါက ရခိုင်ပြည်နယ်အတွင်း လူနေထိုင်မှုအခြေအနေများ ကောင်းမွန်လာပြီး နယ်စပ်တည်ငြိမ်မှုကို ထိန်းသိမ်းရာရောက်သဖြင့် ထိုကိစ္စရပ်များကို ဘင်္ဂလားဒေ့ရှ်အစိုးရသည် အေအေတပ်ဖွဲ့နှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ ဒါကာအစိုးရနှင့် ၎င်း၏လက်အောက်ခံ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ ဩဇာလွှမ်းမိုးမှုများကို ကန့်သတ်ထိန်းချုပ်ရန် လိုအပ်ပြီး စခန်းများတွင် အရပ်ဘက်ခေါင်းဆောင်များ ပေါ်ထွက်လာစေရန် အခွင့်အလမ်းများကို ဖန်တီးပေးသင့်ပါသည်။ အာရက္ခတပ်တော်ကမူ ၎င်းသည် ရခိုင်ပြည်နယ်အတွင်းက လူ့အသိုင်းအဝိုင်းအားလုံးကို တန်းတူညီမျှ အုပ်ချုပ်နိုင်ကြောင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရသာမက ရိုဟင်ဂျာဒုက္ခသည်များမျက်မှောက်တွင်ပါ သက်သေထူရန်လိုအပ်သည်။ ထို့ပြင် လူနည်းစုရိုဟင်ဂျာများနှင့် တွေ့ဆုံဆွေးနွေး၍ ၎င်းတို့အကြားက မတူကွဲပြားသည့် သဘောထား၊ အမြင်များကို ပြေလည်အောင်ဖြေရှင်းရန် ဆန္ဒရှိကြောင်းလည်း ထုတ်ဖော်ပြသရန် လိုအပ်ပါသည်။ လက်ရှိတွင် အမေရိကန်အစိုးရက နိုင်ငံတကာအကူအညီများကို အကြီးအကျယ် ဖြတ်တောက်၊ လျှော့ချထားချိန်ဖြစ်သည်။ အခြားနိုင်ငံတကာအလှူရှင်များအနေဖြင့်မူ အကူအညီများ အလွန်အမင်းဖြတ်တောက်ပါက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဒဏ်ကိုအလူးအလိမ့်ခံစားရပြီးဖြစ်သည့် ဒုက္ခသည်များတွင် မျှော်လင့်ချက်မဲ့ပြီး စိတ်ပျက်မှုများ ပိုမိုနက်ရှိုင်းလာနိုင်သည့် အန္တရာယ်ကို အထူးဂရုပြုသင့်ပါသည်။