29 May 2025

အာဆီယံသည် မြန်မာပြည်သူများအတွက် နောက်တစ်ကြိမ်ထပ်မံ၍ ကျရှုံးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားလိုက်သည်။ (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသည် မြန်မာနိုင်ငံအရေး၌ အဓိပ္ပာယ်ပြည့်ဝသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့်အခွင့်အရေးကို နောက်တစ်ကြိမ် လွဲချော်စေခဲ့သည်။ အာဆီယံခေါင်းဆောင်များသည် အနှစ်သာရမရှိဘဲ ထပ်တလဲလဲပြောဆိုနေကျစကားများမှ မကျော်လွှားနိုင်ခဲ့သည့်အပြင်၊ အာဆီယံ၏ လေးနှစ်တာကျရှုံးမှုများကို ပို၍ပင်ဆိုးရွားစေခဲ့သည်။
“အာဆီယံက အသုံးမ၀င်သည့် မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက်ကိုသာ ဆက်လက်ကိုင်စွဲနေခြင်းသည် ရာစုနှစ်တဝက်အတွင်း အကြီးမားဆုံးဖြစ်သော ဒေသဆိုင်ရာအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာ၌ အရေးတကြီးဆောင်ရွက်ရန် လိုအပ်မှု၊ ကတိကဝတ်ထားရှိမှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့ အလွန်အမင်း ကင်းမဲ့နေကြောင်းပြသနေသည်” ဟု SAC-M မှ Marzuki Darusman က ပြောကြားလိုက်သည်။
တနင်္ဂနွေနေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကွာလာလမ်ပူတွင် တွေ့ဆုံဆွေးနွေးနေစဉ်၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ မင်္ဂလာဆောင်တစ်ခုကို မြန်မာစစ်အုပ်စုက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ သတို့သမီးနှင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သတင်းများအရသိရသည်။ ဤတိုက်ခိုက်မှုသည် ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးသူငယ် ၂၂ ဦးနှင့် ဆရာ ၂ ဦး သေဆုံးကာ အခြားအရပ်သား ၁၀၅ ဦးအထိ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်အပြီး နှစ်ပတ်မပြည့်မီတွင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်အုပ်စု၏ အခြားလုပ်ရပ်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းဖော်ပြနေသည့်တိုင်၊ အာဆီယံခေါင်းဆောင်များ၏ ထုတ်ပြန်ချက်အသစ်တွင် စစ်အုပ်စု၏ လက်တွေ့ရှိမနေသော အပစ်အခတ်ရပ်စဲရေးကို အသိအမှတ်ပြုကြောင်း ယုတ္တိနှင့် မလျှော်ညီစွာပင်ဖော်ပြခဲ့ပြီး၊ ၎င်းအပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန်နှင့် တိုးချဲ့ကျင့်သုံးရန်ပင်တောင်းဆိုခဲ့သည်။ အာဆီယံခေါင်းဆောင်များကမူ စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကို တော်လှန်ရေးအင်အားစုများ၏ ခုခံတော်လှန်ရေးကြိုးပမ်းမှုများနှင့် တစ်တန်းတည်းထားကာ မှားယွင်းစွာ ရှုမြင်သုံးသပ်နေဆဲပင် ဖြစ်သည်။
SAC-M မှ Yanghee Lee က “စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ အရပ်သားပြည်သူများအပေါ် မရပ်မနား ပြုလုပ်နေသောတိုက်ခိုက်မှုများမှာ စစ်အုပ်စုသည် အပစ်အခတ်ရပ်စဲရေးကို အမှန်တကယ် အကောင်အထည်ဖော်ခဲ့သည် သို့မဟုတ် ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက် တစုံတရာရှိနေသည်ဟူသော အာဆီယံ၏အဆိုများကို ရွံရှာဖွယ်ရာ လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေသည်” ဟု ပြောကြားသည်။
“အကယ်၍ အာဆီယံအနေဖြင့် အကြမ်းဖက်မှုများကို အမှန်တကယ်ရပ်တန့်လိုပါက၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအား ဝင်ရောက်စွက်ဖက်ရန် ချက်ချင်းတောင်းဆိုသင့်သည်။ ထို့ပြင် စစ်အုပ်စုမှ လိုက်နာမှုရှိစေရန် နိုင်ငံတကာလေ့လာသူများဖြင့် မြန်မာနိုင်ငံတဝန်းလုံးတွင် အပစ်အခတ်ရပ်စဲရေးတစ်ရပ် ချမှတ်ပေးရန်လည်း တောင်းဆိုသင့်သည်” ဟု SAC-M မှ Chris Sidoti က ထပ်လောင်းပြောကြားသည်။
အာဆီယံခေါင်းဆောင်များက သူတို့၏ထုတ်ပြန်ချက်အသစ်တွင် ၎င်းတို့၏ ‘တစ်ခုတည်းသော ရည်မှန်းချက်’ ကို အခိုင်အမာဖော်ပြထားသည်။ ၎င်းရည်မှန်းချက်မှာ ‘မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် ကောင်းကျိုးချမ်းသာအတွက်၊ မြန်မာပြည်သူများပိုင်ဆိုင်ပြီး မြန်မာပြည်သူများဦးဆောင်သော နိုင်ငံရေးဖြေရှင်းချက်မှတဆင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီကို ပြန်လည်ထူထောင်ရန်’ ဖြစ်သည်ဟုဆိုသည်။ သို့ဖြစ်၍ အာဆီယံဥက္ကဋ္ဌဖြစ်သည့် ဝန်ကြီးချုပ် အန်ဝါသည် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းစဉ်သစ်တစ်ရပ်ကို ဦးစီးဦးဆောင်ပြုရမည် ဖြစ်သည်။ အသုံးမဝင်သော ဘုံသဘောတူညီချက် ငါးချက်နေရာကို ဤလုပ်ငန်းစဉ်သစ်ဖြင့် အစားထိုးရမည်ဖြစ်ပြီး၊ ၎င်းလုပ်ငန်းစဉ်သစ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ လူနည်းစုကိုယ်စားပြုကိုယ်စားလှယ်များနှင့် မြန်မာ့အရပ်ဘက်လူ့အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းကိုလည်း ဦးစားပေးရမည် ဖြစ်သည်။
19 May 2026

19 June 2026