မြန်မာနိုင်ငံရေးရာ အခြေအနေများနှင့်စပ်လျဥ်း၍ ကူညီဖြေရှင်းရန် အာဆီယံခေါင်းဆောင်များ၏ သီးသန့်သဘောထားကြေညာချက်ထုတ်ပြန်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက်ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံရေးရာ အခြေအနေများနှင့်စပ်လျဥ်း၍ ကူညီဖြေရှင်းရန် အာဆီယံခေါင်းဆောင်များ၏ သီးသန့်သဘောထားကြေညာချက်ထုတ်ပြန်ခြင်းအပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက်ထုတ်ပြန်ခြင်း

၁။ အာဆီယံအဖွဲ့က အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်သော မြန်မာနိုင်ငံရေးရာ အခြေအနေများ နှင့်စပ်လျဥ်း၍ ကူညီဖြေရှင်းရန် သီးသန့်သဘောထားကြေညာချက်ထုတ်ပြန်ခြင်းသည် အာဆီယံ ခေါင်းဆောင်များ၏ အာဆီယံမိသားစုဝင်ဖြစ်သော မြန်မာနိုင်ငံအပေါ် အလေးအနက်ထားခြင်း ကို ဖော်ပြရာရောက်သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုပါ သည်။ အာဆီယံ၏အခန်းကဏ္ဍသည် မြန်မာနိုင်ငံအတွက် အလွန်အရေးပါကြောင်း ယုံကြည် ပါသည်။

၂။  အရပ်သားပြည်သူများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအပေါ် အကြမ်းဖက်မှု များကို ချက်ချင်းရပ်တန့်ရန်၊ မဆင်မခြင်လုပ်ဆောင်လျက်ရှိသော တိုးမြင့်လာသည့် အကြမ်းဖက်မှု များကို ချက်ချင်းရပ်တန့်ရန်၊ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်နှင့် အရပ်သား ပြည်သူ အားလုံး၏ ဘေးကင်းမှုနှင့် လုံခြုံမှုကို သေချာစေရေး တိကျသေချာသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် အာဆီယံ၏တိုက်တွန်းချက်အား အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်  ကြိုဆိုပါသည်။

၃။  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရာတွင် လိုအပ်နေသူများ ထံသို့ လက်လှမ်းမီရောက်ရှိစေရေးအတွက် ဘေးကင်း၊ လုံခြုံသောပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအား ရပ်စဲထားရန် အာဆီယံခေါင်းဆောင်များ၏ တိုက်တွန်းချက်အား မိမိတို့အနေဖြင့် နားလည်ပါသည်။ ငလျင်ဘေးဒဏ် ကျရောက်ခဲ့သော နေရာများတွင် လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယာယီအပစ်အခတ်ရပ်စဲရေးအား အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါသည်။ သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေး ကြေညာထားသည့် ကာလ၌ပင်  အပြစ်မဲ့အရပ်သား ပြည်သူများအပေါ် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ သာလွန်အင်အားသုံး၍ အရပ်သားပြည်သူများ နေထိုင်သော မြို့ရွာများအား မီးရှို့ဖျက်ဆီးခြင်းများ၊ အရပ်သားပြည်သူများအား တရားမဲ့ သတ်ဖြတ်ခြင်းများကို နေ့စဥ်နှင့်အမျှ ကျူးလွန်လျက်ရှိနေပါသည်။

၄။  အရပ်သားပြည်သူအားလုံး၏ ဘေးကင်းမှုနှင့် လုံခြုံမှုကို သေချာစေရန် တိကျ သေချာ သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် အာဆီယံ၏ဦးဆောင်မှုဖြင့် နိုင်ငံ တကာမှပါဝင်သော စနစ်ကျသည့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေး ယန္တရားမျိုး မရှိပါက အရပ်သားပြည်သူများအား ထိရောက်စွာ ကာကွယ်နိုင်မည်မဟုတ်ဟု အမျိုးသား ညီညွတ်ရေးအစိုးရမှ ယုံကြည်ပါသည်။

၅။ ASEAN-ERAT လတ်တလောလိုအပ်ချက်များ အကဲဖြတ်မှုအစီရင်ခံစာနှင့် AHA Centre ၏ ပူးတွဲလိုအပ်ချက်များ အကဲဖြတ်ခြင်းတို့ကို အခြေခံ၍ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ဘေးကင်း၊ အချိန်မီ၊ ထိရောက်ပြီး ပွင့်လင်းမြင်သာမှု ရှိစေရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းမှုသည် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ရပ်တည်ဆောင်ရွက်မှု ဖြစ်သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရမှ ကြိုဆို ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ အခြေအနေအကဲဖြတ်အစီရင်ခံစာများကိုလည်း အသုံးပြုရန် လိုအပ်သကဲ့သို့၊ နိုင်ငံ၏ ၈၀ ရာခိုင်နှုန်းနီးပါးအထိ နယ်မြေထိန်းချုပ်စိုးမိုးထားသည့် အမျိုးသားညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများက လက်တွေ့ အုပ်ချုပ်နေသည့် နေရာ များတွင် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပါရန် အမျိုးသားညီညွတ်ရေးအစိုးရမှ အာဆီယံ အား တိုက်တွန်းပါသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့်ထိစပ်နေသော နိုင်ငံများမှတဆင့် နယ်စပ် ဖြတ်ကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရန် အာဆီယံအနေဖြင့် ဆောင်ရွက်ပေးပါရန် အထူးတိုက်တွန်းပါသည်။

၆။  မြန်မာနိုင်ငံနှင့်ဆက်စပ်ဖြစ်ပေါ်နေသော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အထူးသဖြင့် မူးယစ်ဆေးဝါးကုန်ကူးမှု၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလှည့်ဖြားမှုများ တိုးပွားလာခြင်းကို ဖြေရှင်းရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားနှင့်  ပြင်ပမိတ်ဖက်များ၊ မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးတက်ကောင်းမွန် အောင် အာဆီယံက ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း အာဆီယံနှင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။

၇။  မြန်မာများကိုယ်တိုင်ဦးဆောင်သည့် ရေရှည်တည်တံ့ခိုင်မြဲသော၊ ငြိမ်းချမ်းသော နိုင်ငံရေး ဖြေရှင်းမှုရရှိရန် ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာပြည်သူများက ဦးဆောင်ဆင်နွှဲနေသော နွေဦး တော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေး၊ အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု ဖော်ဆောင်နိုင်ရေးတို့အတွက် အပြည့်အဝ သဘောတူ တာဝန်ယူ၊ တာဝန်ခံ နိုင်သော မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အသင့်ရှိပါသည်။

၈။  “အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်” သည် သတ်မှတ်သက်တမ်း (၁) နှစ် အတွင်းသာ လုပ်ငန်းများလုပ်ကိုင်ရသည်ဖြစ်ရာ ချိတ်ဆက်ဆောင်ရွက်မှုများ ကောင်းစွာ လည်ပတ်ချိန်တွင် သက်တမ်းကုန်ဆုံးသွားရသည်ဖြစ်ရာ၊ ထိရောက်စွာဆောင်ရွက်နိုင်ရန် အချိန် အားဖြင့် အကန့်အသတ်ဖြစ်သည်ကို တွေ့ရပါသည်။ ထို့ကြောင့် အာဆီယံ၏ ဘုံသဘောထား ရပ်တည်ချက်များနှင့်အညီ မြန်မာနိုင်ငံပြည်သူများအား ကူညီဆောင်ရွက်ပေးရာတွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်း၏ ဆက်လက်ပံ့ပိုးကူညီမှုများကို ချိတ်ဆက်ဆောင်ရွက် ရေး၊ လုပ်ငန်းစဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး အစရှိသည့် လုပ်ငန်းတာဝန်များကို ဆက်လက် ၍ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “အာဆီယံဥက္ကဋ္ဌ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်” အား ခန့်အပ်တာဝန်ပေးရာ၌ လက်ရှိသတ်မှတ်ထားသော အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ သက်တမ်းနှင့်တူညီသည့် (၁)နှစ် ကာလသတ်မှတ်ချက်အစား ကာလအား တိုးမြှင့်သတ်မှတ်ကာ တာဝန်ပေးအပ်သင့်ပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တိုက်တွန်းအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန


pdf ဖိုင် ရယူရန် in English | Myanmar

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia