24 May 2025

မြန်မာစစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှု လေးနှစ်ကျော်ကြာလာသည့်အချိန်အထိ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဒေသတွင်းမှ ကုမ္ပဏီများသည် စစ်အုပ်စုနှင့် စီးပွားရေး ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ ယင်းကုမ္ပဏီများသည် စစ်အုပ်စုအတွက် အရေးပါသော ဝင်ငွေရင်းမြစ်များ ပေးအပ်ခဲ့သည့်အပြင် ဆက်သွယ်ရေးနည်းပညာနှင့် လေယာဉ်ဆီများကိုလည်း ထောက်ပံ့ပေးအပ် ခဲ့သည်။
အဆိုပါစီးပွားရေးကော်ပိုရိတ်များ၏ ကြံရာပါမှုသည် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ လူ နေရပ်ရွာတစ်ခုလုံးဖျက်ဆီးမှုများ၊ အုံလိုက်ကျင်းလိုက်တရားမဲ့ဖမ်းဆီးမှုများ၊ ညှဉ်းပမ်းနှိပ်စက်မှုများနှင့် အနည်းဆုံး လူပေါင်း ၃.၅ သန်းကျော်အား နေရပ်စွန့်ခွာတိမ်းရှောင်စေမှုများ အပါအဝင် စစ်အုပ်စု၏ နိုင်ငံတဝန်းကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် မရှိမဖြစ် အရေးပါခဲ့သည်။
ကုမ္ပဏီပေါင်းများစွာက မြန်မာစစ်အုပ်စုနှင့် ဆက်နွှယ်မှုများ ဖြတ်တောက်ခြင်း၊ ပစ်မှတ်ထားဒဏ်ခတ် ပိတ်ဆို့မှုချမှတ်ခြင်းများ ရှိနေသည့်တိုင်အောင် ယခုအစီရင်ခံစာပါ ကုမ္ပဏီများသည် စစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများကို ပုံမှန်အတိုင်း လုပ်ဆောင်ခဲ့သည်။ အချို့ထူးခြားသည့် စီးပွားရေးလုပ်ငန်းများတွင်မူ အဆိုပါကုမ္ပဏီများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပိုင်ဆိုင်ထားကြသည်။
ယင်းအချက်သည် အာဆီယံ၏ ဘုံသဘောထားငါးရပ်မှတဆင့် မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပံ့ပိုးကူညီပါမည်ဟု ပြောဆိုချက်နှင့် ဆန့်ကျင်နေသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများအား ရပ်တန့်ရန် ပျက်ကွက်ခဲ့ရုံသာမက စစ်အုပ်စုမှ နိုင်ငံတကာ ရာဇဝတ်မှုများအား အပြစ်ပေးအရေးယူခံရခြင်းအလျဉ်းမရှိဘဲ ကျူးလွန်နေချိန် ၎င်းတို့အချုပ်အခြာ နယ်မြေအတွင်းရှိ ကုမ္ပဏီများအား စစ်အုပ်စုအတွက် ဘဏ္ဍာငွေနှင့် စစ်လက်နက်များ ပံ့ပိုးကူညီမှုကို ခွင့်ပြုပေးထားခဲ့သည်။
အာဆီယံဒေသတွင်းကုမ္ပဏီများသည် စစ်အုပ်စုအား ယင်း၏ စီးပွားရေးလုပ်ငန်းစုကြီးများဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့မှ တဆင့်လည်းကောင်း၊ မြန်မာစစ်အုပ်စု၏ စစ်ထောက်ချုပ်ရုံးက ထိန်းချုပ်ထားသော မြေများအား ငှားရမ်းခငွေမှတဆင့် အခွန်ဝင်ငွေရှာဖွေရာတွင် ကူညီပေးခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း အာဆီယံတွင်းမှ ကုမ္ပဏီများသည် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့သစ်လုပ်ငန်း (MTE) တို့ကဲ့သို့သော စစ်အုပ်စုက တရားမဝင်ထိန်းချုပ်ထားသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ စစ်အုပ်စုထိန်းချုပ်ထားသည့် ဝန်ကြီးဌာနများနှင့် စီးပွားရေးလုပ်ငန်း များမှတဆင့် စစ်အုပ်စုအတွက် ဘဏ္ဍာငွေများ ပေးအပ်ခဲ့သည်။
ယခုသုတေသနတွင် အာဆီယံဒေသတဝန်းမှ ကော်ပိုရိတ်များ၏ကြံရာပါမှုဖြစ်ရပ်များကို အသေးစိတ် ဖော်ပြထားပြီး၊ စစ်အုပ်စုထံ ဘဏ္ဍာငွေ၊ ဆက်သွယ်ရေးနည်းပညာနှင့် လေယာဉ်ဆီထောက်ပံ့နေသည့် ကုမ္ပဏီများကို အဓိကဦးတည်ထားပါသည်။ သို့ရာတွင် ယခုအစီရင်ခံစာသည် ယင်းသို့သောကုမ္ပဏီ အားလုံးပါဝင်သည့် ပြည့်စုံသောအစီရင်ခံစာမဟုတ်ပေ။ စစ်အုပ်စုနှင့် မသမာစီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် အာဆီယံဒေသတွင်း ကုမ္ပဏီများစွာ ကျန်ရှိနေပါသေးသည်။ ယခုသုတေသနတွင် စစ်လက်နက်ပွဲစားများ မပါဝင်ပေ။ ၎င်းတို့အား ၂၀၂၂ ခုနှစ်တွင် ကျွန်ုပ်တို့ ထုတ်ပြန်ခဲ့သည့် သုတေသန တွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ် အစီရင်ခံစာများတွင်လည်းကောင်း ဖော်ပြထားပြီး ဖြစ်ပါသည်။
အာဆီယံအစိုးရများသည် နိုင်ငံတကာဥပဒေနှင့် ဓလေ့ထုံးတမ်းများအရ ၎င်းတို့၏ တာဝန်ဝတ္တများနှင့် အညီ ၎င်းတို့အချုပ်အခြာနယ်မြေအတွင်းမှ ကုမ္ပဏီများအား စစ်အုပ်စုထံ အခွန်ငွေ၊ နည်းပညာနှင့် လေယာဉ်ဆီများ ထောက်ပံ့ပေးနေခြင်းကို ကာကွယ်တားဆီးရမည့် တာဝန်တစ်ရပ် ရှိသည်။ သို့သော် စစ်အုပ်စုအတွက် ၎င်း၏အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည့် အရင်းမြစ်များအား ဖြတ်တောက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရမည့်အစား အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများသည် စစ်အုပ်စုအတွက် မှားယွင်းသည့်နိုင်ငံရေးတရားဝင်မှုပေးအပ်ခြင်း၊ နိုင်ငံတကာ၏ ထိရောက်သော အရေးယူဆောင်ရွက်မှုများအား တားဆီးပိတ်ပင်ခြင်းများ လုပ်ဆောင်နေသည့်အပြင် စီးပွားရေးကုမ္ပဏီ များ၏ ကြံရာပါမှုများကိုလည်း ဆိုးဆိုးရွားရွား မျက်ကွယ်ပြုထားသည်။
အာဆီယံတွင်း ကုမ္ပဏီများအနေဖြင့် စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် လေယာဉ်ဆီ ရရှိနေမှုအား ချက်ချင်းဖြတ်တောက်ရန် Justice For Myanmar က တောင်းဆိုသည်။ အာဆီယံအစိုးရများအနေဖြင့် ဆက်လက်ရှိနေသည့် ကော်ပိုရိတ် ကြံရာပါမှုများကို ကာကွယ်တားဆီးရမည် ဖြစ်သည်။
အာဆီယံနှင့် အဖွဲ့ဝင်အစိုးရများအနေဖြင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာတွင် မြန်မာ ဦးဆောင်သည့် ဖြေရှင်းနည်းလမ်းကို ပံ့ပိုးကူညီရမည် ဖြစ်သည်။
19 May 2026

16 June 2026