အာဆီယံအနေဖြင့် စစ်ရာဇဝတ်ကောင်များနှင့် ဆက်ဆံရေးအားလုံး ရပ်တန့်ရန်

အာဆီယံအနေဖြင့် စစ်ရာဇဝတ်ကောင်များနှင့် ဆက်ဆံရေးအားလုံး ရပ်တန့်ရန်

မလေးရှားနိုင်ငံက ဥက္ကဌအဖြစ် ဦးဆောင်ကျင်းပမည့် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် အာဆီယံမှ ပြင်ဆင်နေစဉ် မြန်မာစစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန် စီစဉ်လုပ်ဆောင်နေမှုအပေါ် Defend Myanmar Democracy (DMD) အနေဖြင့် ရှုတ်ချလိုက်ပြီး အာဆီယံအတွင်း မြန်မာစစ်အုပ်စု၏ ပါဝင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုလိုက်သည်။

အာဆီယံသည် စာသင်ကျောင်းများနှင့် ကျေးရွာများအား ဗုံးကြဲတိုက်ခိုက်ခြင်း၊​ သန်းနှင့်ချီသော ပြည်သူများအား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်စေခြင်းများ အပါအဝင် စစ်ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆက်ပြီး ကျူးလွန်လျက်ရှိသည့် မြန်မာစစ်အုပ်စုကို ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။​ ၂၀၂၁ ခုနှစ် မအောင်မြင်သည့် စစ်အာဏာသိမ်းကြိုးပမ်းမှု စတင်ချိန်မှစက အာဆီယံသည် မြန်မာစစ်အုပ်စုကို စားပွဲဝိုင်းတွင်ပါဝင်နိုင်ရန် ထပ်ခါတလဲလဲနေရာပေး ကမ်းလှမ်းခဲ့ပြီး တချိန်တည်းမှာပင် အဆိုပါ စားပွဲဝိုင်းထိုင်နေသူများ၏ ပြည်သူများအပေါ် ဗုံးကြဲသတ်ဖြတ်နေမှုများကို မျက်ကွယ်ပြုထားခဲ့သည်။

“စစ်အုပ်စုနဲ့ တွေ့ဆုံဆွေးနွေးမှုတိုင်းက သူတို့ကို အင်အားပိုကောင်းလာဖို့ အားဆေးကျွေးနေတာပဲဖြစ်တယ်၊ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘူး။ အာဆီယံအနေနဲ့ ဒါကို သံခင်းတမန်ခင်းပြောပြီး ဟန်ဆောင်နေတာတွေကို ရပ်ပါ။ ဒါက ကြံရာပါ နေတာပါ” ဟု DMD ၏ ပြောရေးဆိုခွင့်ရှိသူ ကိုနော်အောင်က ပြောသည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်းမှာပင်၊ စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု  အကြိမ်ပေါင်း ၄,၀၀၀ ကျော် လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူများအား သတ်ဖြတ်ကာ အရေးလှပါသည့် အဆောက်အဦများစွာကို ဖျက်ဆီးခဲ့သည်။ မကြာသေးမီက ဒီပဲယင်းမြို့နယ်တွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ကျောင်းသား ၂၂ ဦးနှင့် ဆရာမ ၂ ဦး အသက်ဆုံးရှုံးခဲ့သည့် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ရပ်သည် စစ်အုပ်စု၏ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ ဥပဒေများကို လုံးဝမထီမဲ့မြင်ပြုကြောင်း ပြသလိုက်သည့် ကြောက်မက်ဖွယ်ရာ နောက်ထပ် ဥပမာတစ်ခု ဖြစ်သည်။

DMD သည် အာဆီယံအပေါ် မြန်မာအရပ်ဘက်အဖွဲ့အစည်းများ၏ ရပ်တည်ချက်အတိုင်း အောက်ပါတို့ကို ထပ်လောင်း တောင်းဆိုလိုက်သည်။

  • စစ်အုပ်စုနှင့် ဆက်ဆံရေးအားလုံးကို ချက်ချင်းရပ်တန့်၍၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ကဲ့သို့သော တရားဝင်ကိုယ်စားလှယ်များနှင့် တရားဝင် ထိတွေ့လုပ်ဆောင်ရန်။
  • အောင်မြင်မှုမရှိသည့် အာဆီယံဘုံသဘောတူညီမှု ၅ ချက် ကို ကျော်လွန်ပြီး၊ မြန်မာ့အရေးအား မြန်မာပြည်သူများက ဦးဆောင်နိုင်သော ဖြေရှင်းနည်းတစ်ရပ်ကို ထောက်ခံအားပေးရန်။
  • စစ်အုပ်စုနှင့် စေ့စပ်ညှိနှိုင်းရန် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်းများအပေါ် ဖိအားပေးနေမှုများ ရပ်တန်းက ရပ်ရန်။

ကျွန်ုပ်တို့ အနေဖြင့် စစ်အုပ်ကို နိုင်ငံတကာက အကာအကွယ်ပြုနေမည့် မည်သည့် “တိတ်တဆိတ် သံခင်းတမန်ခင်း” သို့မဟုတ် “ကြားဝင်စေ့စပ်ညှိနှိုင်းခြင်း” တို့ကို  လုံးဝ ငြင်းပယ်ပါသည်။ စာသင်ကျောင်းများကို ဗုံးကြဲပြီး ကလေးသူငယ်များအား ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်နေသူများကို တရားဝင်မှု မပေးနိုင်ပါ။

“အာဆီယံရဲ့ သိက္ခာက သူတို့ရဲ့ အပြောတမျိုးအလုပ်တမျိုး ကြောင်သူတော်လုပ်ရပ်တွေ အောက်မှာပဲ​ တစစီပြိုလဲပျက်စီးနေပါပြီ”​ ဟု ကိုနော်အောင်က ပြောပါသည်။

“အစုလိုက်အပြုံလိုက် လူသတ်ကျူးလွန်နေတဲ့ ရာဇဝတ်ကောင်တွေနဲ့ မျက်နှာပေါ်မှာ စေ့စပ်ညှိနှိုင်းရေးဆိုတာ မရှိပါဘူး။ အာဆီယံက မြန်မာပြည်သူတွေကိုသာ ထောက်ခံရမှာပါ။ လူသတ်သမားတွေကို ထောက်ခံရမှာ မဟုတ်ပါဘူး။”

DMD ၏ လက်ရှိ#NoSeatsForMurderers ကမ်ပိန်း နှင့် ဒေသတွင်း တာဝန်ရှိနိုင်ငံများ အားလုံးသို့ ဖက်ဒရယ်ဒီမိုကရေစီအရေး ကြိုးစားရုန်းကန်နေကြသော မြန်မာပြည်သူများကို လူသိရှင်ကြား အားပေးထောက်ခံမှု ပြုလုပ်ပေးရန် တောင်းဆိုလိုက်ပါသည်။

ပိုမိုသိရှိလိုပါက  ဆက်သွယ်ရန်

နော်အောင်

communication@defendmyanmardemocracy.org


pdf ဖိုင် ရယူရန် in English | Myanmar

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia