15 May 2025
တနင်္လာနေ့က ဒီပဲယင်းမြို့နယ်တွင် မြန်မာစစ်အုပ်စု၏ ကြောက်မက်ဖွယ်ရာ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၂၂ ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်အပေါ် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) အနေဖြင့် အလွန်တရာ တုန်လှုပ်ခြောက်ခြားပြီး စက်ဆုပ်ရွံရှာမိပါသည်။ ကလေးသူငယ်များအပေါ် စစ်အုပ်စု၏ ရိုင်းစိုင်းကြမ်းကြုတ်သောတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေရန်အလို့ငှာ၊ SAC-M က တရုတ်နိုင်ငံအား ၎င်း၏ သိသာထင်ရှားသောသြဇာအာဏာကို စစ်အုပ်စုအပေါ် အသုံးပြုပေးပါရန် တောင်းဆိုလိုက်သည်။
မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို စစ်အုပ်စု၏တိုက်လေယာဉ်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့သည်၊ ထိုတိုက်ခိုက်မှုကြောင့် အသက်ခုနစ်နှစ်အရွယ် ကလေးငယ်များအပါအဝင် ကျောင်းသားကျောင်းသူ အနည်းဆုံး ၂၂ ဦးနှင့် ဆရာ နှစ်ဦး သေဆုံးခဲ့ရပြီး၊ အရပ်သား ၁၀၅ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။ ထိုစဉ်က ကျောင်းသားကျောင်းသူ ၂၀၀ ခန့် စာမေးပွဲဖြေဆိုနေကြပြီး၊ ထပ်ဆင့်ပေါက်ကွဲဗုံး ခေါ် ပဒေသာဗုံးများ (cluster munitions) ဟု ယူဆရသောဗုံး အနည်းဆုံးနှစ်လုံးမှာ စာသင်ခန်းများထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်၌ အခင်းဖြစ်ပွားရာနေရာအနီးတွင် စစ်ရေးလှုပ်ရှားမှု တစုံတရာမရှိခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူများနှင့် ဒေသခံများက အတည်ပြုပြောကြားထားသည်။
တနင်္လာနေ့ကတိုက်ခိုက်မှုသည် ကလေးသူငယ်များနှင့် စာသင်ကျောင်းများကိုပစ်မှတ်ထား၍ ထပ်ခါတလဲလဲ၊ ရည်ရွယ်ချက်ရှိရှိပြုလုပ်နေသော တိုက်ခိုက်မှုများ၏အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ ဤကဲ့သို့သောတိုက်ခိုက်မှုများ၏ ထင်ရှားသောဥပမာတစ်ခုမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် “လက်ယက်ကုန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” ဟု ယခုအခါ လူသိများသော ဖြစ်စဉ်ပင်ဖြစ်သည်၊ ထိုဖြစ်စဉ်၌ စစ်အုပ်စုတပ်ဖွဲ့များက ဒီပဲယင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းမှ စာသင်ကျောင်းတစ်ခုကို လေကြောင်းနှင့် မြေပြင်မှ ရက်စက်စွာတိုက်ခိုက်ခဲ့သောကြောင့် ကလေးသူငယ် ခုနစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရသည်။ ထို့အပြင်၊ သက်သေအထောက်အထားများ ဖျောက်ဖျက်ရန်ကြိုးပမ်းသည့်အနေဖြင့် စစ်အုပ်စုတပ်များက အလောင်းအများအပြားနှင့် ဒဏ်ရာရကလေးသူငယ်များကို ဖယ်ရှားခဲ့သည်ဟုလည်း သတင်းများရရှိထားသည်။
လားရှိုးမြို့ထိန်းချုပ်ခွင့်အား စစ်အုပ်စုထံသို့လွှဲအပ်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) အား တရုတ်နိုင်ငံက မကြုံစဖူး ကြားဝင်စွက်ဖက်၍ အတင်းအကျပ် ဖိအားပေးခဲ့ပြီးနောက် တစ်လမပြည့်မီတွင် စစ်အုပ်စု၏ နောက်ဆုံး ကလေးသူငယ်များအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤလုပ်ရပ်များက တရုတ်နိုင်ငံ၏ သဘောထားကို ပိုမိုရှင်းလင်းစွာဖော်ပြနေသည်၊ ၎င်းတွင် တရုတ်နိုင်ငံသည် မိမိ၏ မဟာဗျူဟာကျအကျိုးစီးပွားများရရှိရေးအတွက် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို ချိုးဖောက်ရန် ဝန်မလေးကြောင်းပြသခြင်းဖြစ်သည့်အပြင်၊ ထိုအကျိုးစီးပွားများအောင်မြင်ရန်အလို့ငှာ စစ်အုပ်စုကို မိမိ၏ တဆင့်ခံကန်ထရိုက်ယူထားသည့်ကြေးစားတပ်ဖွဲ့သဖွယ် အသုံးချနိုင်သည့်အတိုင်းအတာအထိ ရှိနေကြောင်းကိုလည်း ဤလုပ်ရပ်များက အတည်ပြုလိုက်ခြင်းပင် ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာစစ်တပ်အား ကာလရှည်ကြာစွာပင် သိသာထင်ရှားသော နိုင်ငံရေးနှင့် စစ်ရေးအထောက်အပံ့များ ပေးအပ်ခဲ့သည်၊ ထိုအထောက်အပံ့များထဲတွင် တိုက်လေယာဉ်များနှင့် လေကြောင်းမှကြဲချသော ဗုံးများလည်းပါဝင်ပြီး၊ ၎င်းတို့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အုပ်စု၏ မအောင်မြင်အထမမြောက်လိုက်သည့် အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားများအပေါ် အဖျက်စွမ်းအားကြီးမားလှသည့်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် အသုံးပြုခဲ့သည်။ ထို့အပြင်၊ SAC-M ၏ မကြာမီထွက်ပေါ်လာမည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်အရသိရသည်မှာ၊ တရုတ်နိုင်ငံသည် မြန်မာစစ်တပ်အား အခရာကျသောနည်းလမ်းဖြင့် ကူညီခဲ့ပြီး ၎င်းမှာ မြန်မာနိုင်ငံရှိ လက်နက်စက်ရုံများတွင် လေကြောင်းမှကြဲချသောဗုံးများအား ပြည်တွင်း၌ပင် ထုတ်လုပ်မှုကို တည်ထောင်စေရန်နှင့် ရေရှည်တည်တန့်နိုင်စေရန် ကူညီခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လေးနှစ်ကြာ တနိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးဖြစ်ပွားခဲ့ပြီးနောက်၊ ယခုအခါ စစ်အုပ်စုသည်နိုင်ငံခြားမှ ကြားဝင်စွက်ဖက်မှုနှင့် အထောက်အပံ့အပေါ် လုံးလုံးလျားလျားမှီခိုနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။ ဤသို့မှီခိုနေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၎င်း၏ပြိုလဲမှုကို ရှောင်ရှားရန်နှင့် အရပ်သားပြည်သူလူထုအပေါ် ပြင်းထန်လွန်ကဲလှသည့် ဆင်းရဲဒုက္ခများ ဆက်လက် သက်ရောက်စေရန်ဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံထံမှအကူအညီကို အဓိက အားထားနေရခြင်းဖြစ်သည်။
သို့တစေ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် မစွက်ဖက်ဟု ပုံမှန်အားဖြင့် အခိုင်အမာ ဆိုလေ့ရှိသည်။ သို့သော် ဤအဆိုမှာ လိမ်ညာမှုသာဖြစ်ကြောင်း မြန်မာနိုင်ငံတွင်လုပ်ဆောင်နေသည့် တရုတ်နိုင်ငံ၏လုပ်ရပ်များက တဆင့်ဖော်ထုတ်ပြခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထောက်ခံသည်ဟုလည်း တရုတ်နိုင်ငံက အခိုင်အမာဆိုလေ့ရှိပြန်သည်။ ယခုအခါ တရုတ်နိုင်ငံအနေဖြင့် စစ်အုပ်စုကို ထိန်းကျောင်းပေးပြီး၊ နောက်ထပ် ကလေးတစ်ဦးတစ်ယောက်မျှ စစ်အုပ်စုလက်ချက်ဖြင့် မသေဆုံးအောင် တားဆီးကာကွယ်ပေးခြင်းအားဖြင့်၊ ၎င်းတို့၏ အပြောအတိုင်း အမှန်တကယ်လုပ်ဆောင်ကြောင်း မြန်မာပြည်သူများထံသက်သေပြနိုင်မည့် အခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေပြီဖြစ်သည်။
ထို့ကြောင့် SAC-M သည် တရုတ်နိုင်ငံအား ၎င်း ယခုကိုင်စွဲထားသည့် ကြီးမားလှသည့်သြဇာအာဏာကို အသုံးပြုကာ ကလေးသူငယ်များအပေါ် စစ်အုပ်စု၏ ရိုင်းစိုင်းကြမ်းကြုတ်သောလုပ်ရပ်များကို ချက်ချင်းအဆုံးသတ်ပေးရန် တောင်းဆိုလိုက်ပါသည်။ ထိုသို့ အဆုံးသတ်ရေးကြိုးပမ်းမှု၏ တစိတ်တပိုင်းအနေဖြင့် စစ်အုပ်စုထံသို့ အောက်ဖော်ပြပါပစ္စည်းများ ထောက်ပံ့နေခြင်းကိုလည်း တရုတ်နိုင်ငံက လုံးဝရပ်တန့်ရမည် ဖြစ်ပါသည် –
This statement has been updated to reflect the most recent reported figures for fatalities and injuries.
နောက်ဆုံးရရှိထားသော သေကြေပျက်စီးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှု အချက်အလက်များအရ ယခုထုတ်ပြန်ကြေညာချက်အား ပြင်ဆင်ဖြည့်စွက်ထားပါသည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.