14 May 2025

မြန်မာနိုင်ငံရှိ သီလဝါဘက်စုံသုံးနိုင်ငံတကာဆိပ်ကမ်းစီမံကိန်းမှ နုတ်ထွက်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရေးနှင့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာရေးအတွက် ဂျပန်ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရကျောထောက်နောက်ခံရှိ အာမခံကုမ္ပဏီနှင့် အခြေခံအဆောက်အဦကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတစ်ခုတို့ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထား သည်။ ယင်းဆိပ်ကမ်းကို နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် စစ်အုပ်စုစီးပွားရေး လုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဆက်စပ်အထောက်အထားများရှိသော ခရိုနီကုမ္ပဏီ Ever Flow River Group (EFR) နှင့် မိတ်ဖက်လုပ်ကိုင်ခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် အရပ်ဘက်အဖွဲ့အစည်းများက Kamigumi Co., Ltd.၊ Sumitomo Corporation၊ Toyota Tsusho၊ အစိုးရဘဏ္ဍာရေးဖြင့် အခြေခံအဆောက်အဦကဏ္ဍရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း Japan Overseas Infrastructure Investment Corporation for Transport & Urban Development (JOIN) နှင့် Nippon Export and Investment Insurance (NEXI) တို့ထံ စာရေးသားပေးပို့ခဲ့ရာ အဆိုပါစီမံကိန်းရှိ ၎င်းအဖွဲ့များ၏ ပါဝင်ပတ်သက်မှုအပေါ် စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း လုံလောက်သည့် လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုများ လုပ်ဆောင်ခဲ့ခြင်းရှိမရှိကို မေးမြန်းစုံစမ်းခဲ့သည်။ အဆိုပါပေးစာများတွင် အထူးသဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) က မကြာသေးမီက ထုတ်ပြန်လိုက်သည့် ဆိပ်ကမ်းစီမံကိန်းအတွက် ကာလရှည် ကြီးကြပ်လုပ်ကိုင်သူ အသစ်ခေါ်ယူထားသော တင်ဒါထုတ်ပြန်မှုနှင့် စပ်လျဉ်း၍ ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းမည့်အစီအစဉ် ရှိမရှိကိုလည်း မေးခွန်းထုတ်ခဲ့သည်။
သီလဝါဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ၏ အစိတ်အပိုင်းအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ထံမှ ကြီးကြပ်လုပ်ပိုင်ခွင့်များ ရရှိပြီးနောက်ပိုင်း Kamigumi ကုမ္ပဏီ သည် TMIT ကို JOIN၊ Sumitomo Corporation၊ Toyota Tsusho နှင့် မြန်မာကုမ္ပဏီ K Efficient Logistics Consortium Company Limited တို့အကြား ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သည့် STJ Thilawa Terminal Co., Ltd တို့နှင့်အတူ စတင်တည်ဆောက်ခဲ့သည်။ TMIT သည် ၂၀၁၉ ခုနှစ်၊ မေလမှစ၍ ဆိပ်ကမ်းကို ကြီးကြပ်လုပ်ကိုင်ခဲ့သည်။ K Efficient Logistics Consortium Company Limited သည် EFR Group ၏ အစိတ်အပိုင်း ဖြစ်သည်။
EFR သည်လည်း ဦးပိုင်ကုမ္ပဏီခွဲ Lann Pyi Marine ကုမ္ပဏီနှင့် ရန်ကုန်မြို့ရှိ ကုန်းတွင်းဆိပ်ကမ်းဝန်း တစ်ခုတည်ဆောက်ရာတွင် မိတ်ဖက်များ ဖြစ်ကြသည်။
မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ၏ လွတ်လပ်သောအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အာပေးအားမြောက်ပြုနိုင်မည့် အန္တရာယ်ရှိသည့်အတွက် ဦးပိုင်ကုမ္ပဏီ သို့မဟုတ် ၎င်းတို့မိတ်ဖက်များနှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှု မလုပ်ဆောင်ရန် အတိအလင်း အကြံပေး တိုက်တွန်းခဲ့သည်။ ဦးပိုင်ကုမ္ပဏီနှင့် ထပ်မံတိုးချဲ့ထားသော Lann Pyi Marine ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ခံထားရသည်။
Kamigumi၊ Sumitomo Corporation နှင့် Toyota Tsusho တို့သည် အရပ်ဘက်အဖွဲ့အစည်းများ၏ စုံစမ်းမေးမြန်မှုများကို ပြန်လည်ဖြေကြားခဲ့ရာ ၎င်းတို့အနေဖြင့် စီမံကိန်းမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း၊ စာရင်းဖျက်သိမ်းမှုများအား စတင်လုပ်ဆောင်ထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ရုပ်သိမ်းထွက်ခွာချိန်အတွင်း ဝန်ထမ်းအကူးအပြောင်းကာလအတွက် ပံ့ပိုးမှုများအပါအဝင် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးနှင့် လူအခွင့်အရေးစံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက်ထားကြောင်းလည်း ပြောဆိုခဲ့သည်။
သို့ရာတွင် ယင်းသို့နုတ်ထွက်မှုသည် နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များ သို့မဟုတ် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် မည်သို့ကိုက်ညီမှုရှိကြောင်း အသေးစိတ် အချက်အလက် တစ်စုံတရာကို ပေးအပ်ခဲ့ခြင်း မရှိပေ။ စီမံကိန်းပိုင်ဆိုင်မှုပစ္စည်းများကို မည်သို့ လွှဲပြောင်းမည်၊ စာချုပ်ရပ်ဆိုင်းမှုအတွက် လျော်ကြေးများကို စစ်အုပ်စုထံ ပေးချေခြင်းရှိမရှိ၊ သို့မဟုတ် စီမံကိန်းမှ နောင်ရရှိလာမည့် ဝင်ငွေများအား စစ်တပ်ဆက်နွှယ်အဖွဲ့အစည်းများထံ မရောက်ရှိစေရေး မည်သို့ကာကွယ်မည် စသည်တို့နှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိပေ။
JOIN သည် စုံစမ်းမေးမြန်းမှုများအား ထိထိရောက်ရောက် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ အများပြည်သူဘဏ္ဍာငွေများအား ရင်းနှီးမြှုပ်နှံသည့် အဖွဲ့အစည်းတစ်ရပ်ထံမှ အများပြည်သူသို့ တာဝန်ခံမှုကင်းမဲ့ခြင်းသည် အလွန်တရာ စိုးရိမ်ဖွယ်ရာ ဖြစ်သည်။
စီမံကိန်းအား အာမခံပေးသည့် NEXI က ၎င်းတို့အနေဖြင့် ယင်းစီမံကိန်းအား “သဘာဝပတ်ဝန်းကျင် ဆိုးကျိုးသက်ရောက်မှု အနည်းငယ် သို့မဟုတ် မရှိ” အဆင့် သတ်မှတ်ထားကြောင်း၊ သို့ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြန်လည်သုံးသပ်မှုတစ်ရပ် လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အကြောင်း ပြန်ကြားခဲ့သည်။ ယင်းအဖွဲ့က စီမံကိန်းအတွက် အာမခံအကျုံးဝင်မှုသည် ပြီးဆုံးသွားပြီ ဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ သို့ရာတွင် NEXI သည် OECD လမ်းညွှန်ချက်များအား လိုက်နာမည်ဖြစ်ကြောင်း အတိအလင်းကတိပြုထားသော်လည်း စီမံကိန်း၏ လူ့အခွင့်အရေး အန္တရာယ်များအား ဖြေရှင်းရန် ပျက်ကွက်ခဲ့သည်။
JOIN နှင့် သီလဝါဆိပ်ကမ်းစီမံကိန်းမှ အပြည့်အဝ ပွင့်လင်းမြင်သာစွာနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းထွက်ခွာရာတွင် ပါဝင်သည့် ကုမ္ပဏီများအား လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမည့် ၎င်းတို့တာဝန်များကို လိုက်နာလုပ်ဆောင်ရန်နှင့် ငွေကြေးအကျိုးအမြတ် မှန်သမျှ မြန်မာစစ်အပ်စုထံ မရောက်ရှိစေရေး ကာကွယ်ရန် အဖွဲ့အစည်း ခုနှစ်ဖွဲ့တို့မှ တိုက်တွန်းထားသည်။
မိမိတို့အဖွဲ့အစည်းများသည် ဖြစ်ပေါ်တိုးတက်မှုများအား အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းအားလုံးက ၎င်းတို့၏ လူ့အခွင့်အရေးတာဝန်များအား ဖြည့်ဆည်းလုပ် ဆောင်ပြီးသည့်အချိန်အထိ အများပြည်သူအတွက် တာဝန်ခံမှုကို တောင်းဆိုသွားမည် ဖြစ်သည်။
Mekong Watch ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ယုကာကီဂူချီက “မြန်မာနိုင်ငံတွင်း အန္တရာယ် ကြီးလွန်းတဲ့ စီမံကိန်းတွေကနေ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းထွက်ခွာတာကို လုပ်ရိုးလုပ်စဉ် စီးပွားရေး ဆုံးဖြတ်ချက်တစ်ခုလို မှတ်ယူလို့မရပါဘူး။ ကုမ္ပဏီတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ ထွက်ခွာမှုက စစ်အုပ်စု ဒါမှမဟုတ် စစ်ခရိုနီတွေအတွက် ဘဏ္ဍာငွေဆိုင်ရာအကျိုးအမြတ် မရရှိနေအောင် လုပ်ဆောင်ဖို့တာဝန် ရှိပါတယ်။ JOIN အဖွဲ့ရဲ့ တိတ်ဆိတ်နေတာ၊ NEXI ရဲ့ စီးပွားရေးအန္တရာယ်ကို အမြင်ကျဉ်းမြောင်းစွာ ဘာသာပြန်ဆိုမှုတွေက တာဝန်ယူမှုရှိတဲ့ စီးပွားရေး အမူအကျင့်တွေကို လိုက်နာဖို့ ပျက်ကွက်မှုသာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်အုပ်စုက ရက်စက် ကြမ်းကြုတ်မှုကြီးတွေကို ဆက်တိုက်ကျူးလွန်နေပြီး၊ မတ်လအတွင်း မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြီး နောက်ပိုင်းမှာတောင် လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်နေပါတယ်။ လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ ပြီးစလွယ် နုတ်ထွက်မှုတွေက ရက်စက်ကြမ်းကြုတ်မှုကြီးတွေမှာ လောင်စာြဖည့်ပေးနေတဲ့ အန္တရာယ်ရှိပါတယ်။ ကုမ္ပဏီတွေနဲ့ ဂျပန်အစိုးရတို့အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေနဲ့အညီ စစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှု မရှိအောင် ဘယ်လိုလုပ်ဆောင်နေကြောင်း မဖြစ်မနေ ထုတ်ပြန်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။
19 May 2026

16 June 2026