12 May 2025
မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီခဲ့သည့် အရှေ့တောင်အာရှတစ်လွှားမှ သူဌေးကြီးများအား အများပြည်သူသို့ ဖော်ထုတ်ရန်အတွက် “အာဆီယံ အသက် ၃၀ အထက် မသမာသူများစာရင်း” တည်းဖြတ်ထုတ်ပြန်မှုကို Justice For Myanmar မှ ယနေ့ စတင်ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ၎င်းတို့၏ ဘုံသဘောထားငါးရပ်မှတဆင့် မြန်မာ နိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ပံ့ပိုးကူညီနေသည်ဟု ဆိုသော်လည်း အဖွဲ့ဝင်နိုင်ငံများက စစ်အုပ်စု၏ အကြမ်းဖက်မှုများအား ဟန့်တားထိန်းချုပ်ရန် ပျက်ကွက်ခဲ့သည်သာမက ၎င်းတို့၏ အချုပ်အခြာ အာဏာပိုင်မှုအောက်ရှိ ကုမ္ပဏီများအား မြန်မာစစ်အုပ်စုထံ ငွေကြေးစီးဆင်းမှုနှင့် လက်နက်ရောင်းချ တပ်ဆင်ပေးနေမှုများကို ဆက်လက်ခွင့်ပြုပေးခဲ့သည်။
ယင်းသည် အာဆီယံအစိုးရများနှင့် ၎င်းတို့၏ သူဌေးကြီးများက စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှု များတွင် ကြံရာပါနေမှုကို ပြသနေသည်။
ယခုအသစ်ထုတ်ပြန်လိုက်သည့် “ဂုဏ်သရေပျက်သူများ” သည် အရှေ့တောင်အာရှတစ်လွှားရှိ ဩဇာ တိက္ကမကြီးမားသော သူဌေးကြီး ၁၂ ဦးတို့ ဖြစ်သည်။ ၎င်းတို့သည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ စစ်အသုံးအဆောင်ရောင်းချခြင်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းတို့မှတဆင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကြီးများမှ အကျိုးအမြတ်ရရှိနေသူများ ဖြစ်ကြသည်။ စစ်အုပ်စုနှင့် ယင်း၏ စီးပွားရေးလုပ်ငန်းစုကြီးများ၊ ခရိုနီကြီးများနှင့် ဆက်နွှယ်သော အဆိုပါစီးပွားရေးလုပ်ငန်းများသည် စစ်အုပ်စုက အရှိန်မြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေသည်။ အဆိုပါအကြမ်းဖက်စစ်ဆင်ရေးတွင် စစ်အုပ်စု၏ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက် ရှိရှိ လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ပါဝင်သည်။
မတ်လ ၂၈ ရက်နေ့တွင် ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း စစ်အုပ်စုသည် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးကို ပို၍ပင် တိုးချဲ့လုပ်ဆောင်ခဲ့ပြီး၊ ငလျင်ဒဏ်ရိုက်ခဲ့သည့် ဒေသများကိုပင်မချန် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်ခဲ့ သည်။
အာဆီယံ အသက် ၃၀ အထက် မသာမာသူများစာရင်းတွင် ပါဝင်သော “ဂုဏ်သရေပျက်သူ” ၁၂ ဦး တို့တွင် –
ရောဘတ်ကော့ခ် (မလေးရှား) – ရှန်ဂရီလာဟိုတယ်များအုပ်စုကို တည်ထောင်သူ၊ မလေးရှား နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည်။ ရှန်ဂလီလာဟိုတယ်အုပ်စုသည် မြန်မာစစ်အုပ်စုနှင့် အကျိုးမြတ်များသည့် မြေငှားစာချုပ်တစ်ရပ် ရှိထားသည်။
ချယ်ရင်းန် သျှီရိဝတ္ထနာဘဒ္ဒိ (ထိုင်း) – Thai Beverage တည်ထောင်သူ၊ အမေရိကန်ဒေါ်လာ ၁၁.၈ ဘီလီယံတန်ဖိုးရှိ အဖျော်ယမကာလုပ်ငန်းနှင့် အိမ်ခြံမြေလုပ်ငန်းများဖြစ်သည့် TCC Group နှင့် Fraser & Neave တို့၏ ဥက္ကဌ ဖြစ်သည်။ ၎င်း၏ စီးပွားရေးလုပ်ငန်းသည် စစ်အုပ်စုထံ အခွန်အဖြစ် ဒေါ်လာ မီလီယံနှင့်ချီ၍ ပေးဆောင်ခဲ့သည်။
ငုယင်သီဖုအန်းသောင် (ဗီယက်နမ်) – VietJet Air ၏ စီအီးအိုနှင့် HD Bank ၏ ဒုတိယဥက္ကဌ၊ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးနှင့် တစ်ဦးတည်းသော အမျိုးသမီး ဘီလီယံနာသူဌေးတစ်ဦး ဖြစ်သည်။ HD Bank သည် မြန်မာစစ်အုပ်စု၏ အကျိုးအမြတ်များသော တယ်လီကွန်း အော်ပရေတာ Mytel ကို ငွေကြေးထောက်ပံ့ထားသည်။
ချက်ချိုင်းရန်ဘမ်ဝေါင် (ထိုင်း) – စစ်အုပ်စုနှင့် ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကို ကြီးကြပ်လုပ်ကိုင်ပြီး၊ စစ်အုပ်စုထံ အခွန်ငွေ ဒေါ်လာသန်းချီ ပေးအပ်နေသည့် ကုမ္ပဏီ Northern Gulf Petroleum ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။
လီတိရှိ (စင်ကာပူ) – စစ်အုပ်စုအတွက် ငွေကြေးရွှေ့ပြောင်းရန်၊ စီးပွားရေးလုပ်ဆောင်ရန်နှင့် လက်နက်ဝယ်ယူရန် အားပေးကူညီခဲ့သည့် Oversea-Chinese Banking Corporation (OCBC) ၏ ဒါရိုက်တာနှင့် ရှယ်ယာရှင် ဖြစ်သည်။
အဆိုပါသူဌေးကြီးများသည် ၎င်းတို့၏ ကြွယ်ဝလှသော ဘဝနေထိုင်မှုပုံစံများနှင့် နိုင်ငံတကာဂုဏ်သိက္ခာ ရှိသူများ ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံ၏ ရက်စက်ကြမ်းကြုတ်သောာ စစ်အုပ်စုနှင့် ၎င်းတို့၏ ဆက်နွှယ်မှုများအပေါ် အများပြည်သူမေးခွန်းထုတ်မှု အနည်းငယ်ကိုသာ အဓိကအားဖြင့် ရင်ဆိုင်ခဲ့ရသည်။
“အသက် ၃၀ အထက် မသာမာသူများစာရင်း” ထုတ်ပြန်မှုကို မေလ ၂၆-၂၇ တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီ စတင်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် ဒေသတွင်းခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများကို ဆွေးနွေးသွားမည်ဟု မျှော်မှန်းရသည်။
အာဆီယံသည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများ ဖြေရှင်းရန် ကူညီပေးခြင်းထက် လက်တွေ့တွင် စစ်အုပ်စုအား မှားယွင်းသော နိုင်ငံရေးတရားဝင်မှုပေးအပ်ခြင်း၊ စစ်ဘက်လေ့ကျင့်သင်ကြားမှုများ ပေးအပ်ခြင်း၊ ထိရောက်သည့် နိုင်ငံတကာအရေးယူဆောင်ရွက်မှုများအား တားဆီးပိတ်ပင်ခြင်း၊ စစ်အုပ်စု၊ ၎င်းတို့မိတ်ဖက်များနှင့် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများအား မျက်ကွယ်ပြု ပေးထားခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများအား လောင်စာဖြည့်မီးထိုးပေးခဲ့သည်သာ ဖြစ်သည်။ ယင်းသည် စစ်အုပ်စုကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများတွင် အာဆီယံအဖွဲ့အား ကြံရာပါ ဖြစ်စေခဲ့သည်။
အာဆီယံအနေဖြင့် အဆိုပါလမ်းဟောင်းကို ပြောင်းလဲရန်အတွက် ယခုထက်ပိုသည့် ဖိအားများ လိုအပ်နေသေးသည်။
အာဆီယံအနေဖြင့် စစ်အုပ်စုအား ထိတွေ့ဆက်ဆံမှုနှင့် ထောက်ပံ့မှုအားလုံး ရပ်ဆိုင်းရန်နှင့် စစ်အုပ်စုထံ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်အသုံးဆောင်ပစ္စည်း၊ နည်းပညာနှင့် လေယာဉ်ဆီ စီးဝင်မှုတို့အား ပိတ်ဆို့ရန်အတွက် ၎င်းတို့၏ အဖွဲ့ဝင်နိုင်ငံများအား တွန်းအားပေးရန် Justice For Myanmar က တောင်းဆိုသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စု၊ ၎င်းတို့ကုမ္ပဏီကွန်ရက်များနှင့် စီးပွားရေး လုပ်ဆောင်ခြင်းများကို ပိတ်ပင်ခြင်းဖြင့် ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ရမည် ဖြစ်သည်။
အာဆီယံ အသက် ၃၀ အထက် မသမာသူများစာရင်းသည် “အသက် ၃၀ အထက် မသမာသူများစာရင်း စင်ကာပူဗားရှင်း” ၏ နောက်တွင် ဆက်လက်ထုတ်ပြန်မှု ဖြစ်သည်။ စင်ကာပူဗားရှင်းတွင် စစ်ကာပူနိုင်ငံမှ မြန်မာနိုင်ငံ၏ တရားမဝင်စစ်အုပ်စုထံ ဘဏ္ဍာငွေနှင့် စစ်လက်နက်စီးဆင်းမှုများမှ အကျိုးအမြတ်ရရှိနေသည့် သူဌေးကြီးများအား မီးမောင်းထိုး ဖော်ပြခဲ့သည်။
၂၀၂၂ ခုနှစ်က Justice For Myanmar သည် စင်ကာပူနိုင်ငံတွင် လုပ်ကိုင်နေသည့် စစ်လက်နက်ပွဲစား ကုမ္ပဏီ ၃၈ ခုအား ဖော်ထုတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် စစ်ကာပူနိုင်ငံသည် ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၂၅၄ သန်းဖြင့် မြန်မာနိုင်ငံသို့ တတိယအကြီးဆုံး စစ်လက်နက်ရောင်းချသည့် နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂက အစီရင်ခံခဲ့သည်။ ယင်းနောက်တွင် အရေးယူဆောင်ရွက်ရန်အတွက် စီးပွားရေးလုပ်ငန်း များနှင့် အစိုးရများအပေါ် ဖိအားပေးရန်အတွက် #DoMoreSingapore လှုပ်ရှားမှုကို စတင် လုပ်ဆောင်ခဲ့သည်။
တစ်နှစ်ကြာပြီး အချိန်တွင် အများပြည်သူထံမှ ဖိအားများမြင့်တက်လာမှု၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ဖိအားများရှိလာမှုကြောင့် ကုန်တင်ပို့မှုသည် ၈၃ ရာခိုင်နှုန်း အထိ လျော့ကျသွားကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ ယင်းအချက်က အများပြည်သူ၏ ဖိအားပေးမှုများသည် အလုပ်ဖြစ်ကြောင်း ပြသနေပြီး၊ ယခုအခါ လူထုဖိအားကို အာဆီယံ တစ်ဝန်းလုံးသို့ တိုးချဲ့ရမည် ဖြစ်သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “လေးနှစ်အတွင်း အာဆီယံက မြန်မာပြည်သူတွေအတွက် တာဝန်ပျက်ကွက်ခဲ့ပါတယ်။ သူတို့ဘုံသဘောထားငါးရပ်က အရေးယူမှုမရှိ ပျက်ကွက်မှုတွေအတွက် ဆင်သားရေကို ဆိတ်သားရေနဲ့ ဖုံးတာသာဖြစ်ပြီး၊ တစ်ဖက်မှာ အစိုးရအဖွဲ့ဝင် လူချမ်းသာတစ်စုက စစ်ရာဇဝတ်ကောင်တွေလက်ထဲကို စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ဆက်ပြီး စီးဆင်းနေစေတာပါ။
ဒီဘီလီယံနာသူဌေးကြီးတွေက ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အကျွမ်းတဝင်ရှိကြပြီး၊ အဖိုးတန် စီမံကိန်းကြီး တွေမှာ ရင်းနှီးမြှုပ်နှံကြပါတယ်။ စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတိုင်းရဲ့ နောက်ကွယ်မှာ စီးပွားရေးဆက်နွှယ်မှုတစ်ခု အမြဲရှိနေပြီး၊ အဲ့ဒီစီးပွားရေးအီလစ်တွေအနေနဲ့ မဖြစ်မနေ တာဝန်ခံရမှာ ဖြစ်ပါတယ်။
အဲ့ဒီသူဌေးကြီးတွေက စစ်ရာဇဝတ်မှုတွေအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးနေသ၍ အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးမြှင့်တင်နေပါတယ်လို့ ပြောခွင့်မရှိပါဘူး။
မြန်မာပြည်သူတွေက အနှစ်မဲ့ထိပ်သီးဆွေးနွေးပွဲတွေ၊ မအောင်မြင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေထက် ပိုပြီး ထိုက်တန်ပါတယ်။ သူတို့က ဒေသရပ်ဝန်းတစ်ခုလုံးမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့အတိုင်း မြန်မာပြည်သူဗဟိုပြုချဉ်းကပ်နည်းမှာ အခြေခံတဲ့ လုပ်ဆောင်ချက်တွေနဲ့ ထိုက်တန်ပါတယ်။ အဲ့ဒီချဉ်းကပ်နည်းကို အာဆီယံအနေနဲ့ ကြာကြာ မျက်ကွယ်ပြုနိုင်မှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
သတင်းထုတ်ပြန်ချက်အပြည့်အစုံကို https://buff.ly/zMDmXbS
အာဆီယံ အသက် ၃၀ အထက် မသမာသူများစာရင်းကို ဖတ်ရှုရန် https://buff.ly/HP88fCy
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.