5 May 2025

တရုတ်နိုင်ငံသည် ဝင်ရောက်မစွက်ဖက်ရေးမူဝါဒကို ထပ်ခါတလဲလဲ အခိုင်အမာဆိုလေ့ရှိသော်လည်း၊ မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ၎င်း၏ ကြားဝင်စွက်ဖက်မှုများမှာ မိမိအကျိုးစီးပွားကိုသာ ရှေးရှုနေကြောင်း ပြသနေသည်။ ထိုသို့သော လုပ်ရပ်များသည် မြန်မာပြည်သူများအတွက် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိခိုက်စေလျက်ရှိသည်ဟူ၍ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က အောက်ပါအတိုင်း ပြောကြားလိုက်သည်။
ဒေသတွင်းမီဒီယာများ၏ သတင်းဖော်ပြချက်များအရ၊ တရုတ်အစိုးရ၏ ပြင်းထန်သော ဖိအားပေးမှုများကြောင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ဆုတ်ခွာရန် သဘောတူခဲ့သည်ဟု သိရသည်။
စစ်တပ်၏ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာဖြစ်သည့် လားရှိုးမြို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် MNDAA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့က ညှိနှိုင်းပေါင်းစပ်ကာ ထိုးစစ်ကြီးဆင်နွှဲ၍ သိမ်းပိုက်နိုင်ခဲ့သည်။ ဤအောင်မြင်မှုသည် တော်လှန်ရေးအင်အားစုများအတွက် အလွန်အမင်း အထိအခိုက် အဆုံးအရှုံးများ ရှိခဲ့သော်လည်း၊ မြန်မာစစ်တပ်အဖို့မူ သမိုင်းတလျှောက် အထင်ရှားဆုံး ရှုံးနိမ့်မှုကြီးများထဲမှ တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သတင်းများအရ၊ တစ်လကြာ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့သည့် ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၅၀၀ ဦး ကျဆုံးခဲ့ပြီး ၁၀၀၀ ဦး ဒဏ်ရာရရှိခဲ့သည်။
တော်လှန်ရေးအင်အားစုများသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးစစ်များဆင်နွှဲကာ စစ်အုပ်စုထံမှ ပိုင်နက်နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြသည်။ ထိုသို့သိမ်းပိုက်နိုင်ခဲ့သော ပိုင်နက်များတွင် အကျိုးအမြတ်များသော နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းများ၊ အဓိကကျသော တရုတ်ကျောထောက်နောက်ခံပြု အခြေခံအဆောက်အအုံများ၊ ဒါဇင်နှင့်ချီသော မြို့များနှင့် စစ်စခန်း ရာပေါင်းများစွာတို့ ပါဝင်သည်။ လားရှိုးမြို့အောင်ပွဲသည်လည်း ဤထိုးစစ်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။
MNDAA က လားရှိုးမြို့ကို မြန်မာစစ်အုပ်စုထံ ပြန်လွှဲအပ်ရန် ဆုံးဖြတ်လိုက်ခြင်းသည် မြို့လွတ်မြောက်ရေးအတွက် အသက်ပေးခဲ့ကြသော တော်လှန်ရေးသမား ရာပေါင်းများစွာ၏ ပေးဆပ်စွန့်လွှတ်မှုများကို သစ္စာဖောက်ခြင်းပင်ဖြစ်သည်။ ဤဆုံးဖြတ်ချက်သည် အန္တရာယ်ရှိပြီး အဖျက်သဘောဆောင်သော ရှေ့ပြေးသာဓက အသွင်တရပ်ကိုလည်း ဖြစ်ပေါ်စေကာ MNDAA ၏ တော်လှန်ရေးတိုက်ပွဲနှင့် စစ်အုပ်စုအပေါ် လုံးဝအောင်ပွဲခံရေးဟူသော ကတိကဝတ်ကို ထိခိုက်စေသည်၊ ဤကတိကဝတ်မှာ မြန်မာပြည်သူများနှင့် အခြားတော်လှန်ရေးအင်အားစုအားလုံးအပေါ် MNDAA က ပြုလုပ်ထားခဲ့ခြင်းပင် ဖြစ်သည်။ ထို့အပြင်၊ ဤဆုံးဖြတ်ချက်ကြောင့် လားရှိုးမြို့ခံများသည် စစ်အုပ်စု၏ လက်တုံ့ပြန်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ၏ ပိုမိုကြီးမားသောအန္တရာယ်ကို ရင်ဆိုင်ရနိုင်ခြေရှိလာပါသည်၊ မြို့ခံအများအပြားမှာ ယခင် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ပြီး ဖြစ်သည်။
MNDAA အနေဖြင့် စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်မှုများ ရပ်တန့်ကာ လားရှိုးမြို့မှ ဆုတ်ခွာစေရန် တရုတ်နိုင်ငံက အတင်းအကျပ် ဖိအားပေးခဲ့သည်။ ထိုသို့ဖိအားပေးရာတွင် တရုတ်အာဏာပိုင်များက နယ်စပ်ဂိတ်များပိတ်ခြင်း၊ MNDAA ထိန်းချုပ်နယ်မြေများသို့ လျှပ်စစ်နှင့် အင်တာနက်ဖြတ်တောက်ခြင်းတို့ ပြုလုပ်ခဲ့သည်။ တဖက်တွင်လည်း တရုတ်နိုင်ငံသည် စစ်အုပ်စုအား တိုက်လေယာဉ်များ ထောက်ပံ့ပေးခဲ့ပြီး၊ ၎င်းလေယာဉ်များဖြင့် စစ်အုပ်စုက လားရှိုးမြို့နှင့် MNDAA ထိန်းချုပ်မှုအောက်ရှိ အခြားနေရာများအပါအဝင် မြန်မာနိုင်ငံတဝန်းလုံးကို မရပ်မနား လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ ဤလုပ်ရပ်များသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေး၌ မစွက်ဖက်ဟူ၍ တရုတ်နိုင်ငံက ပုံမှန်ထုတ်ဖော်ပြောဆိုလေ့ရှိသော အခြေခံမူနှင့် ဆန့်ကျင်လျက်ရှိပြီး၊ ၎င်းမှာ လိမ်ညာမှုသာဖြစ်ကြောင်း ပေါ်လွင်စေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း မြန်မာ့ပဋိပက္ခတွင်၊ လားရှိုးမြို့ကို လက်လွှတ်ခဲ့ရခြင်းသည် တရုတ်အစိုးရ၏ တိုက်ရိုက်အကျဆုံး ကြားဝင်စွက်ဖက်မှုပင် ဖြစ်သည်။ ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ၊ ဧပြီလ ၁၉ နှင့် ၂၀ ရက်နေ့များတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ လားရှိုးမြို့သို့ လာရောက်ခဲ့သည်၊ ၎င်းတို့ လာရောက်ရခြင်း၏ရည်ရွယ်ချက်မှာ စစ်အုပ်စုတပ်များ မြို့သို့ ပြန်လည်ဝင်ရောက်ခြင်းကို ကြီးကြပ်ရန်နှင့် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်စစ်ဆေးရန် ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအရေး၌ နှစ်ဖက်မျှသောမူဝါဒကို ကျင့်သုံးနေသည်ဟု ရှုမြင်နိုင်သော်လည်း၊ စစ်အုပ်စုကို ကျောထောက်နောက်ခံပြုခြင်းမှာ တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အကျိုးစီးပွားကိုပင် ဆန့်ကျင်ထိခိုက်စေလျက်ရှိသည်။အကြောင်းမှာ စစ်အုပ်စုသည် မြန်မာနိုင်ငံကို ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်စေသည့် နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် စီးပွားရေး အကျပ်အတည်းအတွင်းသို့ ကျရောက်စေခဲ့သောကြောင့်ဖြစ်သည်။ ဤအကျပ်အတည်းများကြောင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် စီးပွားရေးအကျိုးစီးပွားများမှာလည်း လမ်းလွဲခဲ့ရသည်။ ထို့ထက်မက စစ်အုပ်စုသည် တရုတ်နယ်စပ်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများကို ထပ်ခါတလဲလဲ ပြုလုပ်ခဲ့ရာ အချို့မှာ တရုတ်ပိုင်နက်ကိုပင် ထိခိုက်ခဲ့သည်။ ဥပမာအားဖြင့် လွန်ခဲ့သည့်လက ရှမ်းပြည်နယ်တွင် ငလျင်ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် တရုတ်ကြက်ခြေနီ ယာဉ်တန်းတစ်ခုကို စစ်အုပ်စုတပ်များက ပစ်ခတ်ခဲ့သည်။ ဤသည်မှာ ပေါ့လျော့စွာဖြင့်ပင် တွေ့လျှင်တွေ့ချင်း ပစ်ခတ်သည့် (shoot-first) မူဝါဒအားကျင့်သုံးကြောင်း ပြသခြင်းပင် ဖြစ်သည်။
လားရှိုးမြို့မှ ဖြစ်ရပ်များသည် တော်လှန်ရေး လေးနှစ်အကြာတွင် စစ်အုပ်စု မည်မျှ အားနည်းလာသည်ကို ပိုမို ထင်ရှားစေသည်။ စစ်အုပ်စု၏ဆုံးရှုံးမှုများ ဆက်တိုက် များပြားလာနေချိန်တွင်၊ ယခင်က တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် စစ်အုပ်စု၏ အဓိကကျသော မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများအပေါ် အမည်ခံရုံ ထိန်းချုပ်မှုမျှ ပြန်လည်ရရှိရန်အတွက်ပင် ယခုအခါ စစ်အုပ်စုသည် နိုင်ငံပြင်ပမှ ကြားဝင်စွက်ဖက်မှုအပေါ် လုံးဝ မှီခိုနေရသည့် ကိန်းသို့ ဆိုက်ရောက်နေသည်။
ရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုအတွက် တရုတ်နိုင်ငံ၏ စစ်ရေးအထောက်အပံ့ပေးမှုနှင့် မြန်မာနိုင်ငံတွင်း မျက်နှာပြောင်တိုက် ကြားဝင်စွက်ဖက်နေမှုမှာ လွဲမှားစွာ လောင်းကြေးထပ်ခြင်းတစ်ခုပင်ဖြစ်သည်။ ဤသို့လောင်းကြေးမှားထပ်ခြင်းက စစ်အုပ်စုကို ကယ်တင်နိုင်မည် မဟုတ်သည့်အပြင် မြန်မာပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို ရှည်ကြာစေရုံသာမက စစ်မှန်သော ငြိမ်းချမ်းရေး ရောက်ရှိလာမှုကိုလည်း နှောင့်နှေးကြန့်ကြာစေမည်သာဖြစ်သည်။ စစ်အုပ်စု မလွဲမသွေ ကျဆုံးသည့်အခါတွင်မူ မြန်မာပြည်သူများသည် တရုတ်နိုင်ငံ မည်သည့်ဘက်က ရပ်တည်ခဲ့သည်ကို အသေအချာ မှတ်မိနေကြမည်ပင် ဖြစ်သည်။
19 May 2026

19 June 2026