01 May 2025
ကမ္ဘာ့အလုပ်သမားနေ့၊ မေဒေးနေ့သည် အဖိနှိပ်ခံအလုပ်သမားလူတန်းစားတို့၏ အောင်ပွဲနေ့ ဖြစ်သည်။
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု- MLA အနေဖြင့် ယနေ့ကျရောက်သည့် (၁၃၅) ကြိမ်မြောက်မေဒေးနေ့တွင် မြန်မာနိုင်ငံတဝှမ်း အလုပ်သမားထုသည် မိမိတို့၏အောင်ပွဲနေ့ကို လွတ်လွပ်စွာကျင်းပနိုင်ခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်၏ လူသားဒိုင်းအဖြစ်သော်လည်းကောင်း၊ ပထဝီ နိုင်ငံရေးအကျိုးအမြတ်များကြား အသုံးချခံ လူတန်းစားအဖြစ်သော်လည်းကောင်း ရင်ဆိုင်ကြုံတွေ့ နေရသည်မှာ ခံပြင်းစရာ (သို့မဟုတ်) လုံးဝလက်မခံနိုင်စရာ ကိစ္စရပ်ဖြစ်ပါသည်။ ထို့အတူ အလုပ်သမား ညီအကိုမောင်နှများသည် မိမိတို့၏ဘဝ၊ မိမိတို့အနေအထားကို မမေ့မလျော့ဘဲ အစဉ်တစိုက် စဉ်းစား သုံးသပ်လေ့လာနေပြီး၊ အလုပ်သမားများ၏လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးအတွက် ညီညွတ်စွာ တော်လှန်တုန့်ပြန်မှုသည်သာလျှင် တရားမျှတမှုနှင့်ရေရှည် တည်တံ့မည့် အပြောင်းအလဲ အတွက် အဖြေမှန်ဖြစ်ကြောင်း (၁၃၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထု၏ ဆန္ဒမဲ၊ အလုပ်သမားထု၏ဆန္ဒမဲတို့ကို လက်နက်အားကိုးဖြင့် ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ အာဏာ သိမ်းခဲ့သည်။ သို့သော် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန့်ကျင်တော်လှန်ပုန်ကန်မှုကြောင့် ပြည်သူက အပ်နှင်းထားသော အာဏာမရရှိသလို ၎င်း၏အာဏာသိမ်းမှုသည်လည်း အထမမြောက် မအောင်မြင် ခြင်း ဖြစ်သည်။
အကြမ်းဖက်စစ်အုပ်စုအား ယနေ့ထိတိုင် ဆန့်ကျင်တော်လှန်နေသူများတွင် နိုင်ငံ့ဝန်ထမ်း (Public)၊ ပုဂ္ဂလိက (Private) အလုပ်သမားထုများ ပါဝင်သည်။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု အနေဖြင့် အလုပ်သမားထုကို နည်းလမ်းမျိုးစုံဖြင့် ရက်စက်စွာ နှိပ်ကွပ်သည်။ အလုပ်သမားထု အင်အား ချိနဲ့စေရန် အလုပ်သမားတို့၏ လွတ်လပ်စွာထုတ်ဖော်ခွင့်၊ စုဝေး စည်းရုံးခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့်၊ နိုင်ငံသားတစ်ဦး၏ လွတ်လပ်ခွင့်တို့ကို နည်းလမ်းမျိုးစုံဖြင့် နှိပ်ကွပ်သည်။ နိုင်ငံရေး အန်တုမှုတွင် ပါဝင်တော်လှန်ကြသည့် နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ အလုပ်သမား သမဂ္ဂခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူများကို မတရားသဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချ၊ သတ်ဖြတ်ခြင်းများ ပြုလုပ်သည်။
ပို၍ဆိုးရွားလှသည်မှာ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၀)ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဟု သုံးနှုန်း၍ စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံး၍ အတင်းအကြပ် စစ်သားစုဆောင်းမှုကို ပြုလုပ်သည်။ အတင်းအကြပ် စစ်သားစုဆောင်းခံရသူအားလုံးနီးပါးသည် အလုပ်သမားများဖြစ်သည်။ ထိုစုဆောင်း ခံရသူများတွင် အလုပ်သမားများ၏ သားသမီး ကလေးသူငယ်၊ အမျိုးသမီးများ ပါဝင်သည်။ အတင်း အကြပ် စစ်သားစုဆောင်းမှု ဈေးကွက်အတွင်း ဝင်ငွေနှင့် လုံးဝအခြေခံကျသည့် အလုပ်သမားထုသည် လူကုန်ကူးသူများ၊ ပြည်သူ့စစ်များ၊ ဒုစရိုက်ဂိုဏ်းသားများ၊ အကြမ်းဖက်စစ်တပ်၏ အဖွဲ့ဝင်များ၊ အပေါင်းအပါတို့၏ သားကောင်များဖြစ်နေသည်ကို ခံပြင်းစွာတွေ့ရှိရသည်။ ထို့အပြင် အကြမ်းဖက် စစ်တပ်သည် စစ်ပွဲများအတွင်း မြေမြှုပ်မိုင်းများကို ရှင်းလင်းရန်၊ ၎င်းတို့တပ်ဖွဲ့ဝင်များ၏ အရှေ့အကာ အရံဒိုင်းအဖြစ် အသုံးပြုရန် ယင်းစစ်သားစုဆောင်းခံရသူ အလုပ်သမားများကို အသုံးပြုသည်။ အချို့မှာ စိတ်ကြွရူးသွပ် ဆေးပြားများအကြွေးခံရ၍ လူသားဒိုင်းအဖြစ် အသုံးပြုခံရသည်ကို သိရှိရသည်။
ထိုကဲ့သို့သော အကြမ်းဖက်စစ်တပ်၏ လူမဆန်သော ရက်စက်ယုတ်မာမှုများ၊ အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အခြေခံအလုပ်သမား အခွင့်အရေးများဖြစ်သည့် လွတ်လွပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် အဓမ္မလုပ်အားခိုင်းစေမှုပပျောက်ရေးတို့ကို ဆိုးရွားစွာ ချိုးဖောက်နေမှု များအတွက် အရေးယူဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရာတွင် အိမ်နီးချင်း နိုင်ငံများ၊ အချို့သော ကမ္ဘာ့နိုင်ငံများ၊ ရင်းနှီးမြှုပ်နှံသူများသည် လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး အခြေခံ စံတန်ဖိုး များကို လျှစ်လျှူရှုကာ၊ ၎င်းတို့၏ကိုယ်ကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားပေါ်ကိုသာ အာရုံစိုက်၍ အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်သည်။ ရွှေ့ပြောင်းအလုပ်သမားများကို အတင်း အကြပ် စစ်သားစုဆောင်းခံရမှုတွင် သားကောင်ဖြစ်စေရန် အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက် သည်။ အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့် မရရှိသည့်အခြေအနေတွင် ထိခိုက် လွယ်သော အလုပ်သမားနှင့် မိသားစုများအတွက် “အလုပ်အကိုင် ဖန်တီးပေးလိုသည်”ဟု ခေါင်းစဉ် တပ်လျှက် အကြမ်းဖက်စစ်တပ်စနစ်၏ လက်အောက်တွင် အလုပ်သမားအခွင့်အရေးများကို ချိုးဖောက် ကာ ရင်းနီးမြှုပ်နှံမှုများကို ဆက်လက်ဆောင်ရွက်သည်။
ငလျှင်ဒဏ်ခံစားနေရသည့် အရေးပေါ်အခြေအနေကာလတွင် အသက်ကယ်ဆယ်ရေး ဆောင်ရွက်ခြင်း မပြုသည့်အပြင် အပြစ်မဲ့ပြည်သူလူထုကို ပြင်းထန်သောထိုးစစ်များ၊ ဗုံးကြဲမှုများ၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် လူမဆန်စွာသတ်နေသည့် အကြမ်းဖက်စစ်တပ်ကို သက်ဆိုးရှည် စေရန် စေ့စပ်ညှိနှိုင်းရေး ခေါင်းစဉ်ဖြင့် အသိအမှတ်ပြုကာ ဆက်ဆံနေသည်များရှိသည်။
အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်ကိုကာကွယ်ပေးရန်သာ တာဝန်ဝတ္တရားရှိသည်။ မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုကို ကာကွယ်ပေးရမည့် အစား ၎င်းတို့ စစ်ဗိုလ်ချုပ်ခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူလူထုကို သတ်ဖြတ် သည်။ မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်နှောက်ယှက်သည်။ အကြမ်းဖက်စစ်တပ်မှ မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်နှောင့်ယှက်နေသမျှ ကာလပတ်လုံး၊ အလုပ်သမားထုအတွက် အရေးကြီးသည့် စီးပွားရေး စနစ်၊ လူမှုရေးစနစ်အတွက် အရေးကြီးသည့် တည်ငြိမ်အေးချမ်းသော နိုင်ငံရေးစနစ်ကို တည်ထောင်နိုင် မည်မဟုတ်ပါ။ အလုပ်သမားအခွင့်အရေးများကိုလည်း လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ရှိ မည်မဟုတ်ပါ။ အလုပ်သမားထု၏ ဘဝသည် စစ်ကျွန်ဘဝတွင် လူသားဒိုင်း အဖြစ်သာ စတေးခံနေရမည်ဖြစ်ပါသည်။
အကြမ်းဖက်စနစ်လက်အောက်တွင် မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသည့် နေ့စဉ်လူမှုဘဝ၊ အသက်အိုးအိမ်ဆုံးရှုံးစရာ ဖြစ်ရပ်များကို ဆင်ခြင်သုံးသပ်၍ မိမိတို့၏နစ်နာဆုံးရှုံးခဲ့ရမှုများအတွက် တရားမျှတမှုကို ပြန်လည်ရယူရန် အလုပ်သမားထုညီညွတ်ရေးကို တည်ဆောက်၍၊ ပြည်သူလူထု၏ ဘုံရန်သူ အကြမ်းဖက်စစ်တပ်ကို ကြရာအခန်းကဏ္ဍများတွင် ဆန့်ကျင်တော်လှန်သွားကြရန် မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု – MLA အနေဖြင့် တိုက်တွန်းနှိုးဆော် ထုတ်ပြန်ကြေညာလိုက်သည်။
တော်လှန်ရေးသစ္စာဖြင့်
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု- MLA
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.