စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်လှသည့် မရပ်မနားတိုက်ခိုက်မှုများအတွက် ချက်ချင်း တရားမျှတမှုရရှိရန်လိုအပ်ကြောင်း တောင်းဆိုသည်။

စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်လှသည့် မရပ်မနားတိုက်ခိုက်မှုများအတွက် ချက်ချင်း တရားမျှတမှုရရှိရန်လိုအပ်ကြောင်း တောင်းဆိုသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်။ ။ ယနေ့သည် မြန်မာနိုင်ငံအား ကြီးမားဆိုးရွားလှသော စစ်ကိုင်းငလျင်များလှုပ်ခတ်ခဲ့သည်မှာ တစ်လပြည့်မြောက်သည့်နေ့ဖြစ်ပြီး၊ အနည်းဆုံး လူပေါင်း ၃,၇၀၀ ဦး သေဆုံးကာ ၅,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်၊ ထို့ပြင် လူ ၄.၃ သန်းမှာ ညတွင်းချင်း အရေးပေါ်လိုအပ်ချက်များပေါ်ပေါက်ခဲ့ပြီး နေအိမ်များနှင့် အရေးပါသော အခြေခံအဆောက်အအုံများမှာလည်း အတိပြိုကျပျက်စီးခဲ့ရသည်။

လေးနှစ်ကျော်ကာလအတွင်း အရပ်သားထောင်ပေါင်းများစွာ၏အသက်ကို နုတ်ယူခဲ့ပြီး လူသန်းပေါင်းဆယ်နှင့်ချီ၍ ဆင်းရဲမွဲတေမှုနှင့် ဒုက္ခဝေဒနာများအတွင်းသို့ ကျရောက်စေခဲ့သည့် ပြည်သူလူထုအပေါ် စစ်အုပ်စုမှဆင်နွှဲနေသောစစ်ပွဲသည် ရှိရင်းစွဲ အရင်းခံဘေးဒုက္ခပင်ဖြစ်ပြီး ဤအဖြစ်ဆိုးသည် ၎င်းအရင်းခံဘေးဒုက္ခကို ထပ်လောင်း၍ပိုမိုဆိုးရွားစေခဲ့သည်။

ငလျင်များလှုပ်ခတ်ပြီးနောက်ပိုင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ဆက်လက်တိုက်ခိုက်နေမှုများသည် ၄င်း၏ ပင်ကိုသဘာဝအမှန်ကို ထုတ်ဖော်နေလျှက်ရှိသည်။  စစ်ရာဇဝတ်ကောင်ဟုစွပ်စွဲခံထားရသော စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က သူ၏တပ်ဖွဲ့များသည် ဧပြီလ ၂ ရက်နေ့မှစ၍ စစ်ဆင်ရေးများ ခေတ္တရပ်နားမည်ဟု ကြေညာခဲ့သော်လည်း ဤ “အပစ်အခတ်ရပ်စဲရေး” မှာ နာရီပိုင်းအတွင်း၌ ပျက်ပြားခဲ့သည်။ ယခင်ကျူးလွန်မှုများအပြင် ရက်စက်ကြမ်းကြုတ်မှုအသစ်များကို ထပ်ဆင့်ကျူးလွန်လျှက်ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီးဌာန၏အဆိုအရ၊ ဧပြီလ ၂ ရက်မှ ၅ ရက်နေ့အတွင်း၌ပင် စစ်အုပ်စုသည် ချင်း၊ ကချင်၊ ကရင်နီပြည်နယ်များနှင့် မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းများအပါအဝင် မြန်မာနိုင်ငံတဝန်းတွင် သီးခြားဖြစ်သော တိုက်ခိုက်မှုစုစုပေါင်း ၆၃ ကြိမ်ပြုလုပ်ခဲ့ရာ အနည်းဆုံး အရပ်သား ၆၈ ဦး သေဆုံးခဲ့သည်။

ဧပြီလ ၁၇ ရက်နေ့တွင် မင်းအောင်လှိုင်သည် အာဆီယံဥက္ကဋ္ဌနှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံမှုတွင် အပစ်အခတ်ရပ်စဲရေး ဆက်လက်မြဲမြံမည်ဟူ၍ “အာမခံချက်” ပေးခဲ့သည်။ ၎င်းတို့၏ တွေ့ဆုံမှုမပြီးဆုံးမီမှာပင် ဤ “အာမခံချက်”အား လိမ်လည်မှုအဖြစ် မြင်သာလာသည်။ အရပ်ဘက်လူ့အဖွဲ့အစည်း၏သတင်းရင်းမြစ်များအရ၊ ဧပြီလ ၂ ရက်နေ့နောက်ပိုင်း စစ်အုပ်စု၏တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၆၁ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၃၀၀ ဦး ဒဏ်ရာရရှိခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) သည် အာဆီယံ၊ မြန်မာ့အိမ်နီးချင်းများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ထပ်လောင်းတောင်းဆိုမှုပြုရာတွင် လိုအပ်နေသော အသိုင်းအဝိုင်းအားလုံးထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ပစ္စည်းဆိုင်ရာ အကူအညီများအား အဆောတလျင်အားဖြင့်၊ ဘက်မလိုက်ဘဲ၊ အဟန့်အတားမရှိပေးပို့ရေးကို ထောက်ပံ့ပေးပါရန် ထပ်မံတောင်းဆိုထားပြီး  ဤအကူအညီပေးပို့မှုများကို NUG၊ တိုင်းရင်းသားနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အဓိကအားဖြင့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတဆင့်၊ ရရှိနိုင်သည့်နည်းလမ်းအားလုံးဖြင့် ဆောင်ရွက်သင့်ကြောင်း တောင်းဆိုမှုတွင်ပါရှိသည်။ ထို့အပြင်၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများကိုအားဖြည့်ရန်နှင့် ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကိုဖြေရှင်းရန်ရည်ရွယ်သည့်  ငွေကြေးအထောက်အပံ့ဆိုင်ရာတိုးမြှင့်ခြင်းကိုလည်း ကျွန်ုပ်တို့ ဆက်လက်တောင်းဆိုအပ်ပါသည်။

သို့သော် တာဝန်ယူ/ခံမှုနှင့်ပတ်သက်၍ တစ်ရက်ပင် ထပ်မံဆိုင်းငံ့မရတော့ပေ။ ဆယ်စုနှစ်များစွာတိုင် မြန်မာစစ်တပ်သည် သဘာဝဘေးအန္တရာယ်များကို အခွင့်ကောင်းယူ၍ လူသားချင်းစာနာမှုဆိုင်ရာဝင်ရောက်ခွင့်အား ကြိုးကိုင်ခြယ်လှယ်ခြင်း၊ ပိတ်ဆို့တားဆီးခြင်းများ ပြုလုပ်ခဲ့သည့်အစဉ်အလာရှိသည်။ စစ်အုပ်စုသည် ယခုအခါတွင်လည်း ထိုနည်းဗျူဟာကိုပင် ပြန်လည်ကျင့်သုံးနေသည်။ လွန်ခဲ့သည့်သုံးနှစ်အတွင်း နှစ်စဉ်နှစ်တိုင်းကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးအသစ်များက စစ်အုပ်စုအတွက် အခွင့်အလမ်းသစ်များအဖြစ်ရောက်ခဲ့သည် – ၂၀၂၃ ခုနှစ်၌ ဆိုင်ကလုန်းမုန်တိုင်းမိုခါ၊ ၂၀၂၄ ခုနှစ်၌ တိုင်ဖွန်းမုန်တိုင်းယာဂီ နှင့် ယခု စစ်ကိုင်းငလျင်များမှာ သာဓကပင်ဖြစ်သည်။

SAC-M ၏ တည်ထောင်သူအဖွဲ့ဝင်များသည် ယခင်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်နှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် သက်ဆိုင်ရာအခန်းကဏ္ဍများတွင် တာဝန်ထမ်းဆောင်ခဲ့စဉ် နှစ်ပေါင်းများစွာ တာဝန်ယူ/ခံမှုအတွက် တောင်းဆိုခဲ့ကြသူများဖြစ်သည့်အားလျော်စွာ ယင်းအတွေ့အကြုံများအရ၊ စစ်အုပ်စု၏ ရာဇဝတ်မှုဆိုင်ရာအပြုအမူသည် ပြောင်းလဲမည်မဟုတ်ကြောင်း အကြွင်းမဲ့ ဧကန်မုချ ပြောဆိုနိုင်သည်။ စစ်တပ်၏ အရပ်သားများအား သတ်ဖြတ်ခြင်းများမှာလည်း ရပ်တန်းမှရပ်မည်မဟုတ်ပါ။  စစ်အုပ်စုအား လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်တည့်မတ်ရန် အခွင့်အရေးပေးခြင်းမှန်သမျှသည် ပြစ်မှုကျူးလွန်ရာတွင် ကြံရာပါအဖြစ် ပါဝင်ခြင်းပင်ဖြစ်သည်။

မြန်မာပြည်သူများက တရားမျှတမှုကို တောင်းဆိုသည်။ ၎င်းတို့၏ တရားဝင် ကိုယ်စားလှယ်များဖြစ်သော NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) သည် တာဝန်ယူ/ခံမှုအတွက် ကတိကဝတ်ပြုထားကြသည်။ သို့သော် ၎င်းတို့သည် အကြီးတန်း စစ်အုပ်စုအဖွဲ့ဝင်များကို ဖမ်းဆီးအရေးယူနိုင်ရေးတွင် ကြီးမားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် နိုင်ငံတကာရာဇဝတ်မှုများကို တရားစွဲဆိုရန်လိုအပ်သော အရင်းအမြစ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရပါသည်။

ငလျင်များလှုပ်ခတ်ပြီး တစ်လအကြာတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အဖွဲ့၀င်နိုင်ငံတစ်နိုင်ငံချင်းစီပါဝင်သော နိုင်ငံတကာအသိုင်းအဝိုင်းသည် လက်ရှိ အရေးယူရန်ပျက်ကွက်သည့်အခြေအနေကို အဆုံးသတ်ရပါမည်။ ထို့ပြင် တရားမျှတမှု ဖော်ဆောင်ရေးအတွက် ချက်ချင်းဖြစ်ပြီး၊ စိတ်ပိုင်းဖြတ်မှုရှိရှိဖြင့် ဟန်ချက်ညီညီဆောင်ရွက်သည့်လုပ်ဆောင်ချက်များအား စတင်လုပ်ဆောင်ရပါမည် –

  • နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သည် မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းထုတ်ပြန်ရမည်။ ရိုဟင်ဂျာများအပေါ်စွပ်စွဲထားသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်အုပ်စုခေါင်းဆောင်အားဖမ်းဆီးရန် ICC အမှုစွဲအရာရှိ၏ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ လျှောက်ထားမှုမှာ ငါးလကြာမြင့်ခဲ့ပြီဖြစ်သည်။ ICC အမှုစွဲအရာရှိသည် အခြား အကြီးတန်းစစ်အုပ်စုအဖွဲ့ဝင်များအား ဖမ်းဆီးရန် လျှောက်ထားမှုများ တင်သွင်းမည်ဟူသော သူ၏ ကတိကဝတ်အား ဆက်လက်လုပ်ဆောင်သင့်သည်။
  • ICC သည် ၂၀၂၁ ခုနှစ်တွင် NUG မှ တင်သွင်းခဲ့သော ရောမဥပဒေ အပိုဒ် ၁၂ (၃) အရ ကြေညာချက်ကို လက်ခံသင့်ပြီး၊ ၎င်းမှာ ၂၀၀၂ ခုနှစ် နောက်ပိုင်းကာလများအတွက် မြန်မာနိုင်ငံတဝန်းလုံးအပေါ် ခုံရုံး၏တရားစီရင်ပိုင်ခွင့်ကို အပ်နှင်းခြင်းဖြစ်သည်။ ဖြည့်စွက်ပံ့ပိုးသည့်ခြေလှမ်းတစ်ခုအနေဖြင့် ရောမဥပဒေ အပိုဒ် ၁၄ အရ သဘောထားတူညီသောအဖွဲ့၀င်နိုင်ငံများက မြန်မာနိုင်ငံအခြေအနေကို ICC အမှုစွဲအရာရှိထံသို့ လွှဲပြောင်းပေးပို့ခြင်းကို ပြင်ဆင်သင့်သည်။
  • အာဂျင်တီးနားနိုင်ငံသည် အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းများတွင် အမည်ပါရှိသော အကြီးတန်း မြန်မာ စစ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ အရာရှိ ၂၅ ဦးအား ယာယီဖမ်းဆီးခြင်းနှင့် အာဂျင်တီးနားနိုင်ငံသို့ လွှဲပြောင်းပေးပို့ခြင်းအတွက် ကူညီရန် ကမ္ဘာတဝန်းရှိ ဥပဒေစိုးမိုးရေးအဖွဲ့များအား တောင်းဆိုသည့် Red Notice များ ထုတ်ပြန်ပေးရန် အင်တာပိုလ် (Interpol) အား ချက်ချင်း တောင်းဆိုသင့်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအားလုံးသည် Interpol အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။
  • နောက်ဆုံးအနေဖြင့်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တာဝန်မှ ကွင်းလုံးကျွတ် လွတ်မြောက်ခွင့်မပေးသင့်ပါ။ ကောင်စီသည် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အသစ်တစ်ရပ်ကို အတည်ပြုချမှတ်ရန် အရေးပေါ်အစည်းအဝေး ခေါ်ယူသင့်ပြီး၊ ၎င်းဆုံးဖြတ်ချက်တွင် ပါ၀င်သင့်သော အရေးယူဆောင်ရွက်မှုများမှာ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲအပ်ရန်၊ စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်းမီးကျောက်နှင့် အခြားစစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ လွှဲအပ်ခြင်းတို့ကို တားမြစ်သည့် လက်နက်ပိတ်ဆို့မှုချမှတ်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို သက်ရောက်မှုရှိစေရန်၊ နှင့် ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလတွင် ချမှတ်ခဲ့သော ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ယခင်ဆုံးဖြတ်ချက် UNSCR 2669 ကို လိုက်နာရန်လိုအပ်မှုအပေါ် လုံး၀ပျက်ကွက်မှုအတွက် စစ်အုပ်စုအဖွဲ့ဝင်များအပေါ် အရေးယူဆောင်ရွက်ရန် တို့ဖြစ်သည်။

English version.

Original post.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia