24 April 2025
၁။ အနှစ်ချုပ်
ယခုအစီရင်ခံစာသည် ၂၀၂၂ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံနှင့် ထိစပ်လျက်ရှိသော မြို့နယ်များနှင့် မန္တလေးတိုင်းတို့တွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် ဒေသခံပျူစောထီးများက ဒေသခံရွာသားများကို လူ့အခွင့်အရေးချိုးဖောက်မှုများ ပို၍ပြင်းထန်စွာ လုပ်ဆောင်လျက်ရှိသည့် အကြောင်းများကို မှတ်တမ်းတင်ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ အစုအပြုံလိုက် ညှင်းပန်းနှိပ်စက်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းသည် အဆိုပါဒေသများ၌ ဓနုကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၏ ဩဇာလွှမ်းမိုးလာမှုများကို တိုက်ရိုက်တုန့်ပြန်ရန်ဖြစ်ကြောင်း ထင်ရှားသည်။
SHRF သည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်စဉ်မှစ၍ ရွာငံမြို့နယ်ရှိ ကျေးရွာငါးရွာတွင် စစ်ကောင်စီတပ်သားများ၏ တရားလက်လွတ်သတ်ဖြတ်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ ဥပဒေမဲ့ဖမ်းဆီးမှုများ၊ ဖောက်ထွင်းလုယူမှုများနှင့် မီးရှို့ဖျက်ဆီးမှုများကို မှတ်တမ်းတင်စာရင်းပြုစုထားပါသည်။ ယခုနောက်ဆုံးအစီရင်ခံစာတွင် ၂၀၂၂ခုနှစ် မေလမှစ၍ စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်မှုများကို ခံရသော ဒေသများ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ရွာငံမြို့နယ်ရှိ ကျေးရွာ ၁၄ရွာအပါအဝင် မန္တလေးတိုင်း သာစည်မြို့နယ်တို့တွင် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သောလများအတွင်း ထိုနေရာတိုင်းတွင် မီးရှို့ဖျက်ဆီးနှုန်းမှာ သိသိသာသာမြင့်တက်လျက်ရှိသည်။ အစောပိုင်းကာလများက တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်မှုရှိသည်ဟု သံသယဝင်ခံရသော သူများ၏ အိမ်များသာ မီးရှို့ဖျက်ဆီးခံရသော်လည်း ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ရွာငံမြို့ အနောက်တောင်ဘက်ရှိ မင်းပလောင်ကျေးရွာတစ်ခုလုံးရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နေအိမ် စုစုပေါင်း ၁၇၀လုံး ကို စစ်ကောင်စီတပ်မ ၅၅ တပ်သားများက ဓနုတော်လှန်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်မှုကို အစုအပြုံလိုက်အပြစ်ပေးသည့်အနေဖြင့် မီးရှို့ပြာချခဲ့သည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ကောင်စီသည် ဓနုတော်လှန်ရေးတပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးဖြင့်အပြင်းအထန်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာလ ၁၈ရက်နေ့မှ ဇန်နဝါရီလ ၁၆ရက်နေ့အတွင်း ရပ်စောက်မြို့နယ်မြောက်ဖက်ရှိ ကျောက်ဂူကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့် ကျေးရွာသား ၃ဦးသေဆုံးပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ရွာငံကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။
ဤအစီရင်ခံစာတွင် စစ်ကောင်စီတပ်သားများ ကျူးလွန်လျက်ရှိသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုလည်း မီးမောင်းထိုးပြထားပြီး ထိုအထဲတွင် ၂၀၂၃ခုနှစ် မေလက တပ်မ၅၅ တပ်သားများ၏ အုပ်စုဖွဲ့မုဒိန်းပြုကျင့်ခြင်းခံရသော အမျိုးသမီးသုံးဦးအကြောင်းနှင့် ရွာငံမြို့တွင် ဖမ်းဆီးခံရကာ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၁၂နှစ် ချမှတ်ခံခဲ့ရသော ၂၃နှစ်အရွယ်အမျိုးသမီးတစ်ဦး အကြောင်းတို့ပါဝင်သည်။
စစ်ကောင်စီတပ်၏ ပိုမိုပြင်းထန်လာသော ညှင်းပန်းနှိပ်စက်မှုများ၊ အထူးသဖြင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ယခုအချိန်တွင် နေရပ်စွန့်ခွာထွက်ပြေးသူ ၁၀၀၀ ကျော်ရှိလာခဲ့ပြီး ၎င်းတို့သည် ရွာငံရှိ တောတောင်များတွင် သွားရောက်ခိုလှုံနေကြရသည်။ စစ်ကောင်စီ၏ စစ်ဆင်ရေးများကြောင့် အချို့မှာ ကြိမ်ဖန်များစွာ ထွက်ပြေးကြရသည်။ ထိုကဲ့သို့ ဆင်းရဲဒုက္ခများစွာကို ကြုံတွေ့နေရသော်လည်း ထိုနေရပ်စွန့်ခွာထွက်ပြေးသူများသည် လူသားချင်းစာနာမှုအကူအညီများ လုံးဝမရသလောက်နီးပါး ဖြစ်နေသည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.