23 April 2025
Justice For Myanmar
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုများနှင့် ငလျင်ဘေးအပြီး အပစ်အခတ်ရပ်စဲရေး တိုက်တွန်းမှုများ ရှိနေသော်လည်း လက်ရှိအာဆီယံဥက္ကဌဖြစ်သည့် မလေးရှားနိုင်ငံက အာဆီယံ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အစီအစဉ်များသို့ မြန်မာစစ်တပ်ကို ဖိတ်ခေါ်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုများတွင် အာဆီယံ အဖွဲ့အစည်း၏ ကြံရာပါမှုကို ပိုမိုနက်ရှိုင်းစေရုံသာမက မလေးရှားနိုင်ငံက ထုတ်ဖော်ပြောကြား ထားသည့် ကတိကဝတ်များကိုပါ ထိခိုက်စေသည်။
အဆိုပါဝိရောဓိသည် ပြီးခဲ့သည့် မတ်လအတွင်း ဖုံးမနိုင်ဖိမရ ထွက်ပေါ်လာခဲ့သည်။ ယင်းအချိန်က မြန်မာစစ်တပ်သည် မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ၁၄ ကြိမ်မြောက် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် ထပ်ပေါင်း ဝန်ကြီးများ အစည်းအဝေး၏ ကျွမ်းကျင်ပညာရှင်လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
နယူးဒေလီမြို့တော်တွင် ကျင်းပခဲ့သည့် နှစ်ရက်ကြာအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်များနှင့် တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ ဩစတြေးလျ၊ နယူးဇီးလန်၊ ဂျပန်နှင့် တောင်ကိုးရီးယား အပါအဝင် ဆွေးနွေးဖက်နိုင်ငံများ အတူတကွ တက်ရောက်ခဲ့သည်။ အထူးသဖြင့် (EWG on Counter Terrorism) ၏ လက်ရှိပူးတွဲဥက္ကဌဖြစ်သူ အိန္ဒိယနိုင်ငံသည် မြန်မာစစ်အုပ်စုအတွက် စစ်လက်နက်အများဆုံး ရောင်းချသည့် နိုင်ငံများမှ တစ်နိုင်ငံ ဖြစ်သည်။
အဆိုပါအစည်းအဝေးသည် မလေးရှားနှင့် အိန္ဒိယတို့၏ နှစ်ပေါင်းများစွာကြာ အလုပ်အဖွဲ့ ပူးတွဲဥက္ကဌ တာဝန်ယူချိန်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းအစီအစဉ်တွင် ၂၀၂၆ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ ကျင်းပမည့် စားပွဲဝိုင်းလက်တွေ့လေ့ကျင့်မှု၊ ၂၀၂၇ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံ၌ မြေပြင်လက်တွေ့လေ့ကျင့်မှုများ ပါဝင်မည် ဖြစ်သည်။
ယင်းထိတွေ့ဆက်ဆံမှုများသည် “မြေပြင်အတွေ့အကြုံများ” တည်ဆောက်ရန်နှင့် ဒေသတွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ ထဲထဲဝင်ဝင် လုပ်ဆောင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး၊ လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများ အပါအဝင် နိုင်ငံတဝန်း အကြမ်းဖက်စစ်ဆင်ရေးများကို “အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး” အသွင်ဖြင့် အပြစ်ပေးအရေးယူခံရခြင်း စိုးစဥ်းမျှမရှိ ရက်စက်ကြမ်းကြုတ်မှုကြီးများအား ကျူးလွန်နေသည့် စစ်အုပ်စုအတွက် နည်းပညာနှင့် နည်းဗျူဟာပံ့ပိုးမှုများကို ထိထိရောက်ရောက် ပံ့ပိုးပေးအပ်နေသည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ADMM အကြမ်းဖက်တန်ပြန် တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ကို ရုရှားနိုင်ငံနှင့်အတူ ဦးဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ယင်းလုပ်ငန်းအဖွဲ့သည် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးစစ်ရေးလေ့ကျင့်မှုများကို ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည်။ အဆိုပါလေ့ကျင့်မှုများတွင် မြန်မာစစ်အုပ်စု၏ လက်နက်တိုက်များရှိ စစ်လက်နက်များကို အသုံးပြုခဲ့ပြီး၊ စစ်အုပ်စုအား မြန်မာပြည်သူများအပေါ် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးတွင် ပြန်လည်အသုံးချနိုင်သည့် နည်းဗျူဟာများကို လေ့ကျင့်သင်ကြားပေးခဲ့သည်။
စစ်အုပ်စုသည် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံအတွင်း ၇.၇ မဂ္ဂနီကျူ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်အပြီးတွင်ပင် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ငလျင်ကြီးနောက်ပိုင်း စစ်အုပ်စုသည် နိုင်ငံတဝန်း အနည်းဆုံးလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုပေါင်း ၂၈၀ ကျော်ကို လုပ်ဆောင်ခဲ့ပြီး၊ အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါထိခိုက်စေခြင်း၊ ရပ်ရွာလူထုများအား ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်နေသည်။
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၏ Cybersecurity and Information Centre of Excellence (ACICE) နှင့် ဆိုက်ဘာကာကွယ်ရေးဆိုင်ရာသင်တန်းများမှစ၍ အာဆီယံကာကွယ်ရေး ဝန်ကြီးများသီးသန့်အစည်းအဝေးများ (ADMM Retreats)၊ ဒေသတွင်း ကာကွယ်ရေးတက္ကသိုလ်များ၊ ကော်လိပ်များနှင့် အဖွဲ့အစည်းများဆိုင်ရာအစည်းအဝေးများအထိ အာဆီယံပလက်ဖောင်းများတွင် မြန်မာစစ်အုပ်စု ဆက်လက်ပါဝင်နေခြင်းသည် တရားမဝင်စစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှု ပေးအပ်ခြင်းနှင့် စစ်ရေးလေ့ကျင့်သင်ကြားပေးခြင်း ပုံစံတစ်ရပ်ကို ပြသနေသည်။ ယင်းက တရားမဝင် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှု ရပ်ဆိုင်းရေး၊ ၎င်းတို့ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံစေရေးတို့အတွက် အာဆီယံအားအရှိန်အဟုန်ဖြင့် တောင်းဆိုမှုများနှင့် သွေဖည်နေသည်။
ဥပမာအားဖြင့် ACICE သည် မြန်မာစစ်အုပ်စုမှ ဗိုလ်မှူးချုပ်တစ်ဦးအား ၎င်းတို့၏ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ် ခွင့်ပြုထားသည်။ ယင်းအဖွဲ့သည် ဆိုက်ဘာခြိမ်းခြောက်မှု သရုပ်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း တစ်ခုကိုလည်း စင်ကာပူနိုင်ငံရှိ Temasek Polytechnic နှင့် စီစဉ်ပေးခဲ့သည်။ ယင်းလေ့ကျင့်မှုတွင် စစ်အုပ်စု ပါဝင်တက်ရောက်ခဲ့ပြီး၊ စစ်အုပ်စုက ဒစ်ဂျစ်တယ်အာဏာရှင်စနစ် ထူထောင်နေချိန် အာဆီယံ၏ ဆိုက်ဘာကာကွယ်ရေး ကွန်ရက်အတွင်း ထဲထဲဝင်ဝင် ရှိနေစေခဲ့သည်။
ဧပြီလ ၂၄ ရက်နေ့သည် အာဆီယံနှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား ဘုံသဘောထား ငါးရပ် သဘောတူခဲ့သည့် လေးနှစ်ပြည့် ဖြစ်သည်။ ဘုံသဘောထားငါးရပ်သည် စစ်အုပ်စု၏ အကြမ်းဖက်မှုများအား ရပ်တန့်ရန် ပျက်ကွက်ခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်သာ ဖြစ်ခဲ့သည်။
အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ် မအောင်မြင်မှုနှင့်အတူ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကြီးများ ဆက်လက်ရှိနေသော်လည်း အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများသည် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်နေပြီး၊ မြန်မာနိုင်ငံတွင်း အကျပ်အတည်းများဖြေရှင်းရေး အားထုတ်မှုများကို ဦးဆောင်နေကြောင်း ပြောဆိုနေသည်။ လက်တွေ့တွင်မူ အခြေအနေများကို ပိုမိုဆိုးရွားစေပြီး၊ နိုင်ငံတကာ၏ ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ပိတ်ပင်နေခြင်း ဖြစ်သည်။
ဧပြီလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ် အန်ဝါအီဗရာဟင်သည် လူသားချင်းစာနာမှုဆိုင်ရာဆွေးနွေးပွဲ ခေါင်းစဉ်အောက်တွင် မင်းအောင်လှိုင်အား တွေ့ဆုံခဲ့ပြီး၊ ငလျင်နောက်ပိုင်း အပစ်အခတ်ရပ်စဲမှုအား လေးစားလိုက်နာရန် တိုက်တွန်းခဲ့သည်။
ဝန်ကြီးချုပ်သည် အဆိုပါတွေ့ဆုံမှုကို “အလွန်အောင်မြင်သော” တွေ့ဆုံမှုဟု ညွှန်းဆိုခဲ့သော်လည်း စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများအား အရှိန်မြှင့်ဆောင်ရွက်လာသည်သာ ဖြစ်ပြီး၊ ငလျင်ဘေးထိခိုက်သည့် ဒေသများအပါအဝင် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။
ဥပမာအားဖြင့် မင်းအောင်လှိုင်နှင့် အန်ဝါအီဗရာဟင်တို့ တွေ့ဆုံပြီးနောက် နှစ်ရက်အတွင်း စစ်အုပ်စုက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ကျေးရွာနှစ်ရွာရှိ ကလေးငယ်များအပါအဝင် အရပ်သားပြည် သူ ၃၆ ဦးအား သတ်ဖြတ်ခဲ့သည်။
အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးသင်တန်း၊ ဆိုက်ဘာပူးပေါင်းဆောင်ရွက်မှုများနှင့် ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေမှုများမှတဆင့် စစ်အုပ်စုနှင့် အာဆီယံ၏ သံတမန်ရေးရာ၊ နည်းပညာနှင့် စစ်ဘက်ဆိုင်ရာ ဆက်လက်ထိတွေ့ဆက်ဆံမှုများသည် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုကြီးများကိုသာ ဖြစ်ပေါ်စေမည် ဖြစ်သည်။ ယင်းက ပိုမိုကျယ်ပြန့်သည့် နိုင်ငံတကာဖိအားများ၊ ကုလသမဂ္ဂနှင့် အခြားသော ကမ္ဘာ့ဇာတ်ကောင်များ၏ ပြတ်သားသည့် အရေးယူ ဆောင်ရွက်မှုများမှလည်း စစ်အုပ်စုအား ကာကွယ်ပေးထားသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်အုပ်စုနဲ့ လုပ်ဆောင်နေတဲ့ အာဆီယံရဲ့စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေက သူတို့ရဲ့ ဘုံသဘောထားငါးရပ်နဲ့ မလေးရှားနိုင်ငံရဲ့ အနှစ်မဲ့ ငြိမ်းချမ်းရေးတောင်းဆိုမှုတွေရဲ့ ကြောင်သူတော်မျက်နှာဖုံးတွေကို ခွာချလိုက်တာ ဖြစ်ပါတယ်။
အာဆီယံ၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ စစ်အုပ်စုကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှု ကြီးတွေကို တက်တက်ကြွကြွ အားပေးကူညီနေပြီး၊ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေချိန်မှာ မြန်မာနိုင်ငံအတွက် အဖြေတွေဆောင်ကြဥ်းနေပါတယ်လို့ မပြောကောင်းပါဘူး။
အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အုပ်စုကို အားပေးကူညီခြင်းက ကျင့်ဝတ်ဆိုင်ရာ ရမ်းကားမှုတစ်ရပ်သာဖြစ်ပြီး၊ ငြိမ်းချမ်းရေး ဦးဆောင်သူအဖြစ် ကြွေးကြော်ထားတဲ့ အာဆီယံအနေနဲ့ ရှက်သင့်ပါတယ်။
စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ အာဆီယံရဲ့ ကြံရာပါမှုက အတိုင်းထက်အလွန် ကြာမြင့်နေပြီဖြစ်ပြီး၊ အာဆီယံရဲ့ ယုံကြည်ထိုက်မှုအပေါ် စွန်းထင်းနေတဲ့ အမဲစက်တစ်စက် ဖြစ်နေပါပြီ။ မြန်မာစစ်အုပ်စု အတွက် အရှက်မဲ့ပံ့ပိုးမှုတွေ၊ စစ်ရာဇဝတ်ကောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို အဆုံးသတ်ဖို့အချိန် ရောက်နေပါပြီ။
အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးအတွက် ကတိကဝတ်တွေကို ပြသချင်ရင် ဖက်ဒရယ်ဒီမိုကရေစီအတွက် အသက်တွေရင်းပြီး စစ်အုပ်စုကို ရဲရဲရင့်ရင့် ဆက်လက်ခုခံတော်လှန်နေတဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို လေးစားရမှာ ဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့အတိုင်း ဘုံသဘောထားငါးရပ်ကို ကျော်လွန်တဲ့ မြန်မာ လူထုဗဟိုပြုနည်းလမ်းနဲ့သာ ငြိမ်းချမ်းရေးကို ဆောင်ကြဥ်းနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.