29 March 2025
သို့
လေးစားအပ်ပါသော ပေထောင်တန်ရှင်နာဝပ်ထရာ
ဝန်ကြီးချုပ်
လေးစားအပ်ပါသော မာရစ်ဆန်ဂီရမ်ဖုန်စာ
နိုင်ငံခြားရေးဝန်ကြီး
ထိုင်းနိုင်ငံအစိုးရ
BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများ
ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများ
လေးစားအပ်ပါသော အင်ဒရာမန်နီပန်ဒေး
အထွေထွေအတွင်းရေးမှူး
BIMSTEC အတွင်းဝန်များရုံး
၂၀၂၅ ခုနှစ်၊ မတ်လ၊ -၂၉ ရက်
လေးစားအပ်ပါသော BIMSTEC ခေါင်းဆောင်များ
အကြောင်းအရာ။ ။ BIMSTEC ထိပ်သီးဆွေးနွေးပွဲသို့ မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းမပြုရန်နှင့် BIMSTEC မှ မြန်မာစစ်အုပ်စုအား ဖယ်ရှားရန် တောင်းဆိုခြင်း။
ဘန်ကောက်မြို့တော်၌ ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပရန် ပြင်ဆင်နေသည့် BIMSTEC ထိပ်သီးဆွေးနွေး ပွဲနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအစိုးရနှင့် BIMSTEC ခေါင်းဆောင်များအနေဖြင့်
(၁) မြန်မာစစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်အား BIMSTEC ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခွင့် တားဆီးပိတ်ပင်ခြင်း
(၂) BIMSTEC အစည်းအဝေးများနှင့် အခမ်းအနားအားလုံးမှ စစ်အုပ်စုကိုယ်စားလှယ်များနှင့် ၄င်းတို့ခန့်အပ်ထားသူအားလုံးအား ဖယ်ရှားခြင်း
တို့ဖြင့် တရားမဝင်စစ်အုပ်စုနှင့် ၎င်းတို့ကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများအား ဆန့်ကျင်ရပ်တည်ပေးပါရန် အောက်တွင်လက်မှတ်ရေးထိုးထားသည့် ကျွန်ုပ်တို့အဖွဲ့အစည်း ၃၁၉ များက ယခုအိတ်ဖွင့်ပေးစာကို ရေးသားပေးပို့ တောင်းဆိုအပ်ပါသည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ၎င်းတို့၏ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ၊ အရပ်ဘက် စစ်ဘက်မခွဲခြားတော့သည့် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ အမြှောက်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက် တိုက်ခိုက်မှုများ၊ အကြီးအကျယ် ညှဉ်းပမ်းနှိပ်စက်မှုများ၊ ကျေးရွာပေါင်းများစွာအား မီးတိုက်ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့သည်။ စစ်တပ်သည် ပြည်သူပေါင်း ၂၈,၉၀၀ ကျော်အား ဥပဒေမဲ့ ဖမ်းဆီးခဲ့သည်။ စစ်အုပ်စုသည် တစ်နှစ်ထက်တစ်နှစ် ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သလို၊ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုအရေအတွက်သည်လည်း မြင့်တက်လာခဲ့သည်။ မြန်မာစစ်တပ်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ကာ နိုင်ငံတွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများအပေါ် တိုက်ခိုက်ခြင်းများ အပါအဝင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၄,၆၃၁ ကြိမ် ထိပြုလုပ်ခဲ့ပြီး၊ ၎င်းတို့ထဲတွင် အရပ်သားရှိရာနေရာများတွင် အသုံးပြုခြင်းမှ တားမြစ်ထားသော မီးလောင်ဗုံး အသုံးပြုတိုက်ခိုက်ခြင်းများလည်း ပါဝင်ခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂,၆၀၃ ဦးနှင့်အထက် သေဆုံးခဲ့ပြီး ၄,၁၈၄ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါရာဇဝတ်မှုများ၏ ရလာဒ်အနေဖြင့် လူပေါင်း ၃ သန်းကျော်သည် ယခုအခါ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ စစ်အုပ်စုသည် မြန်မာနိုင်ငံဥပဒေအရသာမက နိုင်ငံတကာဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်များဖြင့်ပါ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်၏ သတ်မှတ်ချက်များဖြင့် ကိုက်ညီနေသည်။
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကြီးများသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်ပါသည်။ ယင်းရာဇဝတ်မှုတို့ကို ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အခြားသော နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နှင့် အာဂျင်တီးနားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားစီရင်ခွင့်အမှုတို့တွင် တရားရင်ဆိုင်နေရသည့် ထိုစစ်တပ်ကပင် ကျူးလွန်နေခြင်းဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာတရားစီရင်ခွင့်အောက်ရှိ အာဂျင်တီးနားနိုင်ငံအတွင်းမှ ဖက်ဒရယ်ရာဇဝတ်ခုံရုံးတစ်ခုသည် မကြာသေးမီက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ ကျူးလွန်ရာတွင် ၎င်းတို့အပေါ် စွဲဆိုထားသော အခန်းကဏ္ဍများအတွက် စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် မြန်မာလူပုဂ္ဂိုလ် ၂၅ ဦးအား ဖမ်းဝရမ်းထုတ်ခဲ့ပါသည်။
မြန်မာစစ်အုပ်စုသည် မည်သည့်ဖွင့်ဆိုချက်ဖြင့်မှ အစိုးရတစ်ရပ် မဟုတ်ပေ။ ထို့ကြောင့် အစည်းအဝေး အရေးပါမှု သို့မဟုတ် စစ်အုပ်စုကိုယ်စားလှယ်အဆင့်အတန်း မည်သို့ပင်ဖြစ်စေကာမှု ၎င်းတို့အနေဖြင့် မည်သည့် BIMSTEC အစည်းအဝေးများနှင့် လှုပ်ရှားမှုများတွင်မှ မြန်မာပြည်သူများအား ကိုယ်စားပြုရန် နိုင်ငံရေးအရ တရားဝင်မှုမရှိပေ။
နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုအား အစိုးရတစ်ရပ်အနေဖြင့် တွေးထင်၍ ထိ တွေ့ဆက်ဆံမည်ဆိုလျှင်၊ သို့တည်းမဟုတ် စစ်အုပ်စုခန့်အပ်သူများနှင့် ၎င်းတို့မိတ်ဖက်များအား နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ချိတ်ဆက်လုပ်ကိုင်ရန် အားပေးကူညီမည်ဆိုလျှင် –
စစ်အုပ်စုအား တရားဝင်မှုပေးအပ်သူ သို့မဟုတ် ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ရရှိအောင် အားပေးကူညီသူ မှန်သမျှသည် စစ်အုပ်စုကျူးလွန်နေသည့် ရာဇဝတ်မှုကြီးများတွင် ကြံရာပါပတ်သက်မှု ဖြစ်စေနိုင်သည့် အန္တရာယ် ရှိနေပါသည်။ ထို့ကြောင့် နိုင်ငံတကာအစည်းအဝေးများနှင့် ကွန်ရက်များမှတဆင့် မြန်မာစစ်အုပ်စုနှင့် အခြားသူများအ ကြား ဖြစ်လာနိုင်ဖွယ် သံတမန်ဆက်ဆံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံရေးများကို အားပေးကူညီခြင်း မပြုရန်မှာ အလွန်ပင် အရေးကြီးလှပါသည်။
အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် အခြားသောအစိုးရအချင်းချင်းကြားအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုအား အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ထားပြီးဖြစ်ပါသည်။ ဥပမာအားဖြင့် အာဆီယံသည် မြန်မာစစ်အုပ်စုအား ၂၀၂၆ ခုနှစ်တွင် အလှည့်ကျဥက္ကဌတာဝန်အား ရယူခွင့် မပြုရန် ဆုံးဖြတ်ခဲ့ကြပြီး၊ စစ်အုပ်စုအား နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးများနှင့် ထိပ်သီးဆွေးနွေးပွဲများမှ ဖယ်ထုတ်ခဲ့သည်။ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး (ADMM) သည်လည်း စစ်အုပ်စုကာကွယ်ရေးဝန်ကြီးအား ထိပ်သီးဆွေးနွေးပွဲများမှ ဖယ်ရှားခဲ့သည်။ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် စစ်အုပ်စု လက်ခံကျင်းပသည့် ADMM လေတပ်ချုပ်များအစည်းအဝေးကို သပိတ်မှောက်ခဲ့ကြသည်။ စင်ကာပူနိုင်ငံကလည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာစစ်အုပ်စုနှင့် ရုရှားနိုင်ငံတို့ လက်ခံကျင်းပခဲ့သည့် ADMM-Plus အကြမ်းဖက်မှုတန်ပြန် နှိမ်နှင်းရေးသင်တန်းများကို သပိတ်မှောက်ခဲ့သည်။ ထိုလုပ်ရပ်အားလုံးကို မြန်မာပြည်သူများက ကြိုဆိုအသိအမှတ်ပြု ခဲ့ကြပါသည်။
သို့သော်လည်း နောက်ထပ်အလေးအနက်ထား လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေပါသေးသည်။ လာမည့်ခရီးစဉ်နှင့် အစည်းအဝေးများမှ တရားမဝင်မြန်မာစစ်အုပ်စုအား ဖယ်ရှားရန် ခေါင်းဆောင်များ ဆုံးဖြတ်ခဲ့ မည်ဆိုပါက စစ်အုပ်စုအဖွဲ့ဝင်များအား အထွေထွေညီလာခံတွင် မြန်မာနိုင်ငံအား ကိုယ်စားပြုခွင့်မပေးရန် ကုလ သမဂ္ဂ၏ ဆုံးဖြတ်ချက်နှင့်လည်း ကိုက်ညီမည်ဖြစ်ပါသည်။ ယခုတောင်းဆိုချက်သည် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တင်ပြခဲ့သည့် စိုးရိမ်ပူပန်မှုများကိုလည်း ပဲ့တင်ထပ်စေပါသည်။ အထူးကိုယ်စားလှယ်က အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုလူပုဂ္ဂိုလ်များအား အာဆီယံ အစည်းအဝေးမှန်သမျှတွင် ပါဝင်ခွင့်မပေးရန် အကြံပြုခဲ့သည်။ ၎င်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုအဖွဲ့ဝင်များအား ဖိတ်ကြားထားမှုများကို မရုတ်သိမ်းပါက အခမ်းအနားများသို့ တက်ရောက်ခြင်း မပြုရန်လည်း တောင်းဆိုထားသည်။ ထို့အပြင် အထူးကိုယ်စားလှယ်က “မြန်မာပြည်သူများ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့်ဆန္ဒတို့ကို ပံ့ပိုးသော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဝင်အစိုးရအဖြစ် စစ်အုပ်စု၏ မှားယွင်းသော ပြောဆိုချက်များကို လူသိရှင်ကြား ငြင်းပယ်ကြရန် တိုက်တွန်းတောင်းဆိုထားသည်။
ခေါင်းဆောင်များ၏ တုန့်ပြန်မှုကို မျှော်လင့်ချက်များစွာဖြင့် စောင့်မျှော်နေပါသည်။ တစ်ချိန်တည်းတွင် ခေါင်းဆောင် များ၏ လုပ်ဆောင်ချက်များသည် မြန်မာပြည်သူများအပေါ် ပံ့ပိုးကူညီနေသည်လား သို့မဟုတ် တရားမဝင် အကြမ်း ဖက်စစ်အုပ်စုအား ပံ့ပိုးကူညီနေသည်လားဆိုသည်ကို ဆက်လက် စောင့်ကြည့်သွားမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်
ယခုအိတ်ဖွင့်ပေးစာကို မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းကိုယ်စားပြုအဖွဲ့အစည်း ၃၁၉ ဖွဲ့က လက်မှတ်ရေးထိုး တောင်းဆိုပါသည်။ အဆိုပါအဖွဲ့အစည်း ၃၁၉ တို့တွင် အောက်တွင် ဖော်ပြထားသော အဖွဲ့အစည်း ၂၈၅ ဖွဲ့နှင့် အမည်မဖော်ပြရန် တောင်းဆိုထားသည့် အဖွဲ့အစည်း ၃၄ တို့ ပါဝင်သည်။
အဖွဲ့အစည်းများစာရင်း
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
25 February 2025
25 February 2025
21 February 2025
CSO Working Group on Independent National Human Rights Institution (Burma/Myanmar) , Asian NGO Network on National Human Rights Institutions (ANNI)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.