29 March 2025
ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိုးစစ်ခေတ္တရပ်စဲရေးနှင့် အရေးပေါ်ကူညီရေးအစီအစဉ် ကြေညာချက်
၂၀၂၅ခုနှစ်၊ မတ်လ (၂၉)ရက်
၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့ မြန်မာစံတော်ချိန် မွန်လွဲ ၁၂ နာရီ ၅၀မိနစ် ဝန်းကျင်တွင် မြန်မာ နိုင်ငံ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမိတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန် အင်အားပြင်းသော ငလျင်(ငလျင် အတန်းအစားအရ-ငလျင်ကြီး Major Earthquake) နှင့် နောက်ဆက် တွဲငလျင်ငယ်များ လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတို့တွင် အိမ်နှင့်အဆောက်အအုံများ၊ စေတီဘုရားများ၊ ဗလီများ၊ ကျောင်းများ၊ လမ်းတံတားများ ပြိုကျပျက်စီး၍ ပြည်သူထောင်ချီသေဆုံးကာ သောင်းနှင့်ချီဒဏ်ရာရရှိခဲ့ပြီး လူပေါင်းများစွာ အရေးပေါ်ကယ်ဆယ်ကုသမှုပေးရန် လိုအပ်လျက်ရှိသည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အိမ်၊ အဆောက်အဦနှင့် လုပ်ငန်းခွင်များတွင် ပိတ်မိနေသည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဘေးသင့်သည့် ဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို ၃၀.၃.၂၀၂၅ ရက်နေ့မှ စတင်ကာ နှစ်ပတ်ကြာရပ်နားထားမည်ဖြစ်သည်။
ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အနေဖြင့် ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ရန် ဖိတ်ခေါ်တိုက်တွန်းပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများတွင် ကုလသမဂ္ဂကူညီကယ်ဆယ်ရေးအဖွဲ့များ နိုင်ငံတကာအဖွဲ့အစည်းများ INGOsများ အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ယာယီကယ်ဆယ်ကုသရေးစခန်းများ ဖွင့်လှစ်ရေးတို့ကို တာဝန်ယူပူးပေါင်းဆောင်ရွက်မည်။
စစ်ကောင်စီထိန်းချုပ်နယ်မြေများဖြစ်သော မြို့ကြီးများတွင် လုံခြုံရေးအာမခံချက်ရှိပါက အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော CDM ကျွမ်းကျင်ဝန်ထမ်းများ အနေဖြင့် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်၍ ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့်ကုသရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်။
နိုင်ငံအဝှမ်း ငလျင်ဘေးသင့်ပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေရှိ ငလျင်ဘေးသင့် ပြည်သူများအား ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကနဦးတွင် အမေရိကန်ဒေါ်လာ (၁)သန်း လျာထားသုံးစွဲ ဆောင်ရွက်သွားမည်ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများ၊ မဟာမိတ်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများနှင့် အတူလက်တွဲကာ “ပြည်သူမှ ပြည်သူသို့ အစီအမံ” ဖြင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
တိုင်းရင်းသားပြည်သူတရပ်လုံးအနေဖြင့်လည်း ငလျင်ဘေးသင့် ပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေး အင်အားစုများနှင့် အစွမ်းကုန် ကူညီပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
ထုတ်ပြန်ချက်ကို PDF ဖြင့်ရယူရန် – မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.