မြန်မာနိုင်ငံထံ စစ်လက်နက်ရောင်းချမှုများကြောင့် Bharat Electronics Limited အား ဆွီဒင် ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံစာရင်းမှ ထုတ်ပယ်ခြင်းကို JFM ကြိုဆို

20 March 2025

မြန်မာနိုင်ငံထံ စစ်လက်နက်ရောင်းချမှုများကြောင့် Bharat Electronics Limited အား ဆွီဒင် ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံစာရင်းမှ ထုတ်ပယ်ခြင်းကို JFM ကြိုဆို

ဆွီဒင်နိုင်ငံ AP Pension Funds ၏ ကျင့်ဝတ်ဆိုင်ရာကောင်စီသည် မြန်မာစစ်တပ်ထံ စစ်လက်နက် များ ရောင်းချမှုအတွက် အိန္ဒိယစစ်လက်နက်ကုမ္ပဏီ Bharat Electronics Limited (BEL) အား ရင်းနှီးမြှုပ်နှံမှုစာရင်းမှ ဖယ်ထုတ်ရန် အကြံပြုတိုက်တွန်းထားသည်။

ကောင်စီ၏ ၂၀၂၄ ခုနှစ် နှစ်စဉ်အစီရင်ခံစာအတွင်း အသေးစိတ်ဖော်ပြထားသည့် အဆိုပါ ဆုံးဖြတ်ချက်တွင် BEL ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်အုပ်စု၏ တရားမဝင်အာဏာ သိမ်းကြိုးပမ်းမှုမတိုင်မီနှင့် နောက်ပိုင်း ကာလနှစ်ခုလုံးတွင် စစ်ရေယာဉ်များ အတွက် ရေဒါစနစ်များ၊ လေကြောင်းရန်ကာကွယ်ရေးစစ်လက်နက်အထိုင်စခန်းတစ်ခု၊ ရေဒီယိုစနစ်များနှင့် စက်ပစ္စည်းကိရိယာများကို မြန်မာစစ်တပ်ထံ ရောင်းချပေးခဲ့သည်ဟု ဖော်ပြထားသည်။

Justice For Myanmar သည် မြန်မာစစ်တပ်ထံ BEL ကုမ္ပဏီ၏ စစ်လက်နက်နှင့် စက်ပစ္စည်းကိရိယာ ရောင်းချပေးအပ်မှုများကို ပြီးခဲ့သည့် လေးနှစ်အတွင်း အစီရင်ခံစာများစွာဖြင့် ဖော်ထုတ်ခဲ့သည်။ ယင်းတို့တွင် ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ၆ လအတွင်းပင် အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုးရှိသော စစ်တပ်က နောက်ဆုံးလက်ဝယ်အသုံးပြုမည့် စက်ပစ္စည်းကိရိယာများလည်း ပါဝင်သည်။

အနီးကပ်ဆုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လတွင် မြန်မာစစ်တပ်အတွက် သုံးဘက်မြင်စောင့်ကြည့် ထောက်လှမ်းရေးရေဒါတစ်ခုအတွက် ထိန်းချုပ်ရေးကိရိယာတစ်စုံကို BEL က လွှဲပြောင်းရောင်းချ ပေးခဲ့ခြင်း အပါအဝင် လတ်တလောအချိန်အထိ လွှဲပြောင်းရောင်းချထားမှုများကို Justice For Myanmar က ရရှိခဲ့သည့် ကုန်တင်ပို့မှုမှတ်တမ်းများအရ သိရသည်။

BEL ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားပြီး၊ ယင်းရုံးခွဲသည် မှတ်ပုံတင်ထားဆဲ ဖြစ်သည်။

BEL ကုမ္ပဏီသည် ၎င်းတို့ရောင်းချပေးနေသည့် စစ်လက်နက်များနှင့် စက်ပစ္စည်းကိရိယာများကို အသုံးပြု၍ မြန်မာစစ်တပ်မှ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုနိုင်ကြောင်း ကောင်းစွာသိလျက်နှင့်ပင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရာဇ၀တ်မှုများကို ကုလသမဂ္ဂက အကျယ်တဝင့် မှတ်တမ်းတင်ထားသည်။

BEL ကို ကုမ္ပဏီ၏ အများစုရှယ်ယာရှင်ဖြစ်သည့် အိန္ဒိယအစိုးရက ထိန်းချုပ်ထားသည်။ BEL ကုမ္ပဏီ အနေဖြင့် နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များ၊ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများအရ ၎င်းတို့၏ လူ့အခွင့်အရေးတာဝန် ဝတ္တရားများကို လိုက်နာလုပ်ဆောင်ရန် အကြိမ်ကြိမ်ပျက်ကွက်မှုကြောင့် ယင်းကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် ဆွီဒင်ပင်စင်ရန်ပုံငွေအပါအဝင် BEL ၏ ရင်းနှီးမြှုပ်နှံသူ အဖွဲ့အစည်းများကို Justice For Myanmar က တိုက်တွန်းထားသည်။

BEL အနေဖြင့် မြန်မာကဲ့သို့ ပဋိပက္ခဒဏ်ခံစားနေရသောနိုင်ငံများနှင့် စီးပွားရေးလုပ်ဆောင်သည့် အခါမျိုးတွင် နိုင်ငံတကာလူသားစာနာမှုဥပဒေ၏ စံနှုန်းများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ထိုသို့လိုက်နာရန် ပျက်ကွက်ပါက လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီတို့အနေဖြင့် ရာဇဝတ်မှုနှင့် တရားမမှုဆိုင်ရာ တာဝန်ခံရစေနိုင်သည့် အန္တရာယ်များကို ရင်ဆိုင်ရနိုင်ကြောင်း ကိုလည်း Justice For Myanmar က သိရှိနားလည်ထားပါသည်။ BEL ၏ မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ဆောင်မှုများကြောင့် ၎င်းတို့၏ အစုရှယ်ယာများသည် ဥပဒေရေးရာနှင့် ငွေကြေးဆိုင်ရာ အန္တရာယ်များကိုသာ တိုးပွားစေမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် Nordea Bank သည် BEL ကုမ္ပဏီအား မြန်မာနိုင်ငံသို့ စစ်လက်နက်တင်ပို့ မှုအတွက် ၎င်းတို့၏ ထုတ်ပယ်စာရင်းတွင် ထည့်သွင်းခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် နော်ဝေအချုပ်အခြာ ဓနရံပုံငွေအဖွဲ့သည် BEL ကုမ္ပဏီအား မြန်မာစစ်တပ်ထံ စစ်လက်နက်ရောင်းချမှုအတွက် ရင်းနှီးမြှပ်နှံစာရင်းမှ ထုတ်ပယ်ခဲ့ပြီး၊ BEL ၏ ထိုလုပ်ရပ်သည် “ဆိုးရွားပြီး၊ စနစ်တကျ ကျူးလွန်သည့် နိုင်ငံတကာလူသားစာနာဥပဒေချိုးဖောက်မှုများ” မြောက်ကြောင်း ထောက်ပြ ပြောဆိုထားသည်။

ကျင့်ဝတ်ဆိုင်ရာကောင်စီသည် ဆွီဒင်နိုင်ငံ၏ ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္တ AP ရံပုံငွေအဖွဲ့များ အကြား သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသည့်ကုမ္ပဏီများအား တွန်းအားပေးဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ် ဖြစ်သည်။

AP2 ၏ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ နိုင်ငံခြားရှယ်ယာများဆိုင်ရာထုတ်ပြန်ချက်တွင် အဖွဲ့အနေဖြင့် BEL ကုမ္ပဏီတွင် ဆွီဒင်ခရိုနာ ၃၅၉ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၃.၈ သန်း) ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားပြီး၊ ထိုရင်းနှီးမြှပ်နှံမှုများ အား ရုပ်သိမ်းလိုက်ပြီး ဖြစ်သည်။

ကျင့်ဝတ်ဆိုင်ရာကောင်စီ၏ အစိတ်အပိုင်းမဟုတ်သော ဆွီဒင်ရံပုံငွေအဖွဲ့ဖြစ်သော AP7 သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သိရှိထားမှုအရ BEL တွင် ဆွီဒင်ခရိုနာ ၂၈၉ သန်းကျော် (အမေရိကန်ဒေါ်လာ ၂၈.၇ သန်း) တန်ဖိုးရှိသည့် ရှယ်ယာများကို ဆက်လက်ပိုင်ဆိုင်ထားသည်။

AP7 နှင့် BEL ကုမ္ပဏီ၏ အခြားရင်းနှီးမြှုပ်နှံသူအားလုံးအနေဖြင့် ၎င်းတို့၏ နိုင်ငံတကာ လူ့အခွင့်အရေးတာဝန်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် သို့မဟုတ် ၎င်းတို့၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များအပေါ် တာဝန်ယူမှုရှိရန် Justice For Myanmar က တောင်းဆိုပါသည်။

ကျင့်ဝတ်ဆိုင်ရာကောင်စီ၏ ဆုံးဖြတ်ချက်သည် အိန္ဒိယ၏ မြန်မာစစ်တပ်နှင့် ကြံရာပါအဖြစ် ဆက်လက်ပါဝင်ပတ်သက်မှုကို ထပ်မံ၍ အာရုံစိုက်မှုများ ဖြစ်စေခဲ့သည်။ မြန်မာစစ်တပ်ထံ စစ်လက်နက်များ၊ စက်ပစ္စည်းများနှင့် နည်းပညာများ ပေးအပ်ခြင်းဖြင့် အိန္ဒိယသည် စစ်အုပ်စု၏ မြန်မာပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများတွင် တိုက်ရိုက်ပံ့ပိုးပေးနေပြီး၊ စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိသည်။

အိန္ဒိယအနေဖြင့် မြန်မာစစ်အုပ်စုအပေါ် စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးကို ချက်ချင်းပြဌာန်းရန်၊ သင်တန်းနှင့် အခြားစစ်ဘက်ဆိုင်ရာပံ့ပိုးမှုများအားလုံးကို ရပ်တန့်ရန် Justice For Myanmar က တောင်းဆိုသည်။

Adani ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံ

နှစ်စဉ်အစီရင်ခံစာတွင် ဆွီဒင်၏ ကျင့်ဝတ်ဆိုင်ရာကောင်စီအနေဖြင့် Adani Ports and Special Economic Zone (APSEZ) နှင့် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့မှ မြန်မာနိုင်ငံတွင် ပူးပေါင်းလုပ်ဆောင်နေသည့် ဆိပ်ကမ်းရင်းနှီးမြှုပ်နှံမှု APSEZ နှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးမှုကို အပြုသဘောဆောင် အဆုံးသတ်နိုင် ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ကောင်စီသည် APSEZ အနေဖြင့် မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိစွာ ထွက်ခွာခဲ့ကြောင်း သုံးသပ်ခဲ့ပြီး၊ ၎င်း၏ ကောက်ချက်အတွက် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ကောင်စီသည် ဩစတြေးလျနှင့် အိန္ဒိယရှိ ကုမ္ပဏီ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများအပေါ် သီးခြားဆွေးနွေးပြောဆိုမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားထားသည်။

Justice For Myanmar အနေဖြင့် အဆိုပါဆုံးဖြတ်ချက်များအပေါ် စိတ်ပျက်မိပါသည်။ APSEZ ၏ မြန်မာစီးပွားရေးလုပ်ငန်းရောင်းချမှုကို ဝယ်ယူသူ၏ အမှန်တကယ်ပိုင်ရှင်များအကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဝယ်ယူသူကုမ္ပဏီသည် ယူကေနိုင်ငံ၏ လျှို့ဝှက်သော အာဏာပိုင်နယ်မြေ အန်ဂူလာတွင် မှတ်ပုံတင်ထားသည့် Solar Energy Limited ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ မတ်လတွင် နိုင်ငံတကာတရားမျှတမှုဆိုင်ရာဩစတြေးလျစင်တာနှင့် Justice For Myanmar တို့က Adani Ports ၏ မြန်မာစီးပွားရေးအကြောင်းအစီရင်ခံစာ Port of Complicity ကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် MEC သို့ ငွေပေးချေမှုအထောက်အထားသစ်များ၊ ကုမ္ပဏီနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြား တိုက်ရိုက်ဆက်ဆံရေးများ ပါဝင်ခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံသူများ အပေါ် ဖိအားများ တိုးစေခဲ့သည်။ Adani Ports ၏ ကနဦးတုန့်ပြန်ချက်များသည် MEC နှင့် ၎င်းတို့အကြား စီးပွားရေးဆက်နွှယ်မှုများ၏ ထင်ရှားသည့် သက်သေအထောက်အထား များကို ငြင်းဆန်ခဲ့ သည်။

၂၀၂၃ ခုနှစ်တွင် Justice For Myanmar သည် MEC သို့ APSEZ ၏ မသမာကြေးပေးဆောင်မှုများကို ထုတ်ဖော်ခဲ့သည်။ ထို့အပြင် စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံအတွင်း အခြား Adani စီးပွားရေးနှစ်ခု၏ ပါဝင်ပတ်သက်မှုများအကြောင်းကိုလည်း ဖော်ထုတ်ခဲ့သည်။

ကောင်စီအနေဖြင့် APSEZ နှင့် ပြောဆိုဆွေးနွေးမှုများကို ပြန်လည်လုပ်ဆောင်ရန်၊ Solar Energy Limited ၏ ပိုင်ရှင်အစစ်အမှန်များအကြောင်း၊ မြန်မာနိုင်ငံမှ စီးပွားရေးရုပ်သိမ်းထွက်ခွာမှုနှင့် ပတ်သက်၍ APSEZ လုပ်ဆောင်သင့်သည့် လူ့အခွင့်အရေးဆိုင်ရာတင်ကြိုစိစစ်မှုများကို ထုတ်ပြန်ရန် Justice For Myanmar က တိုက်တွန်းထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို နှစ်ပေါင်းများစွာ အားပေးကူညီလာခဲ့တဲ့ BEL ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုစာရင်းက ဖယ်ထုတ်ခဲ့တဲ့ ဆွီဒင် ပင်စင်ရန်ပုံငွေရဲ့ လုပ်ဆောင်ချက်ကို ကျမတို့ ကြိုဆိုပါတယ်။

ဒီဆုံးဖြတ်ချက်က မြန်မာစစ်တပ်နဲ့ လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတကာဥပဒေတွေကို ဆန့်ကျင်ရုံသာမက ဆိုးရွားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖြစ်တယ်လို့ BEL ကုမ္ပဏီကို ပြတ်သားတဲ့ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။

AP7 နဲ့ အခြားသော BEL ရင်းနှီးမြှုပ်နှံသူအားလုံးအနေနဲ့ ယခုလို လိုက်ပါလုပ်ဆောင်ပြီး၊ ချက်ချင်း ရင်းနှီးမြှုပ်နှံမှု ရုတ်သိမ်းသင့်ပါတယ်။

ဒီဆုံးဖြတ်ချက်က အိန္ဒိယအစိုးရအနေနဲ့  မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ လွှဲပြောင်းရောင်းချမှုအားလုံး အဆုံးသတ်ရပ်တန့်ပြီး နိုင်ငံတကာဥပဒေအရ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို လေးစားလိုက်နာဖို့ လှုပ်နှိုးလိုက်တာမျိုး ဖြစ်သင့်ပါတယ်။

မြန်မာပြည်သူတွေက အကြမ်းဖက်စစ်တပ်ကို လေးနှစ်ကျော်ကြာ သတ္တိပြောင်စွာ ခုခံတော်လှန်ခဲ့ကြ ပြီး ဖြစ်ပါတယ်။ စစ်တပ်ဆီကို အရင်းအမြစ်တွေ ဆက်လက်ပေးအပ်နေတဲ့ နိုင်ငံတကာစီးပွားရေး ကွန်ရက်က စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေတာ ဖြစ်ပါတယ်။

ရင်းနှီးမြုပ်နှံသူအဖွဲ့အစည်းတွေအနေနဲ့ စစ်အုပ်စုနဲ့ လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အဆုံးသတ်ရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းရေးအတွက် ကုမ္ပဏီတွေကို ပိုပြီးတော့ ဖိအားပေးနိုင်အောင် လုပ်ဆောင်ဖို့လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။


pdf ဖိုင် ရယူရန် in English | Myanmar

Original post

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia