မြန်မာပြည်ရှိ တရုတ်စီးပွားရေးလုပ်ငန်များနှင့် အကျိုးစီးပွားဆက်နွှယ်မှု ဂျူလီဘစ်ရှော့ပ်ငြင်းဆို

မြန်မာပြည်ရှိ တရုတ်စီးပွားရေးလုပ်ငန်များနှင့် အကျိုးစီးပွားဆက်နွှယ်မှု ဂျူလီဘစ်ရှော့ပ်ငြင်းဆို

တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့ အကျိုးစီးပွားဆက်နွှယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်က ငြင်းဆိုလိုက်ပါတယ်။

ဂျူလီဘစ်ရှော့ပ်ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုနဲ့ပေါင်းပြီး စီးပွားရေးလုပ်နေတဲ့ တရုတ်အစိုးရပိုင် Shenghe Resources ကုမ္ပဏီနဲ့  China Communications Construction Company တို့နဲ့  အကျိုးစီးပွားဆကနွှယ်နေတာကြောင့် ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပေးဖို့ Justice For Myanmar အဖွဲ့ အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၂၉၀ စုပေါင်း လက်မှတ်ထိုး တောင်းဆိုထားခဲ့ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘစ်ရှော့ပ်ကတော့ “ကျမ ဒါမှမဟုတ် ကုလသမဂ္ဂဆိုင်ရာ ကျမရဲ့ ကတိကဝတ်တွေနဲ့ ကွဲလွဲနေတဲ့ ကိစ္စတွေမှာ ဘယ်အခါမှ ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး” လို့ AP သတင်းးဌာနရဲ့ မေးမြန်းမှုအပေါ် အီးမေးလ်ကတဆင့် တုံ့ပြန်ထားခဲ့သလို  သူ့အနေနဲ့ ကုလသမဂ္ဂနဲ့ “အပြည့်အ၀ လိုက်လျောညီထွေ” ဖြစ်ကြောင်းလည်း ထည့် သွင်းပြောကြားထားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရက်ကလည်း အထူးကိုယ်စားလှယ်ဟာ ကုလသမဂ္ဂ ပဋိညာဉ်၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုက်နာ လုပ်ဆောင်တဲ့အပြင် သူ့ရဲ့ ပြင်ပလှုပ်ရှားဆောင်ရွက်မှာတွေကိုလည်း အဖွဲ့အစည်းဆီ အသိပေးကြောင်း ပြောထား ပါတယ်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်းတဦးဖြစ်တဲ့ ဂျူလီဘစ်ရှော့ပ်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီ ၅ ရက်မှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဩစတြေးလျ အမျိုးသား တက္ကသိုလ်မှာ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘစ်ရှော့ပ်ဟာ  နိုင်ငံရေး၊ ဥပဒေရေး၊ စီမံခန့်ခွဲရေးနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍ နယ်ပယ်တွေမှာ အတွေ့အကြုံများသူလည်း ဖြစ်ပါတယ်။

ဂျူလီ ဘစ်ရှော့ပ်ဟာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအဖြစ်   ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သလို ဩစတြေးလျ ပါလီမန် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၁၉၉၈ ခုနှစ် ကနေ ၂၀၁၉ ခုနှစ်ထိ နှစ်ပေါင်း ၂၀ ကြာ တာဝန်ထမ်းခဲ့သူလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတို့ကို အဖွဲ့အစည်းပေါင်း ၂၉၀ က ပေးပို့တဲ့ အိတ်ဖွင့်ပေးစာထဲမှာတော့  စစ်အုပ်စုနဲ့ပေါင်းပြီး စီးပွားရေးလုပ်နေတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီတွေနဲ့ အကျိုးစီးပွားဆက်နွှယ်မှုတွေ ရှိနေတာကြောင့် ဘက်မလိုက်မှု သမာသမတ်ကျမှုနဲ့ မြန်မာနိုင်ငံအတွင်းက အခြေခံ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေအပေါ် ပိုမိုထိခိုက်မှုတွေ ဖြစ်လာစေနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် သူ့ရဲ့တာဝန်ဟာ မြန်မာနိုင်ငံတွင်းက အကျပ်အတည်းတွေကို ဖြေရှင်းဆောင် ရွက်ရမှာဖြစ်ပြီး သူ့အနေနဲ့ ဒီမိုကရေစီဘက်သားတွေ၊ အရပ်ဘက်ဖွဲ့အစည်းတွေ၊ ထိခိုက်နစ်နာနေတဲ့  ရပ်ရွာလူထုတွေနဲ့  ထိတွေ့ဆက်ဆံရာမှာ ယုံကြည်မှုနဲ့ သမာသမတ်ရှိမှုတို့က လွန်စွာ အရေးပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


Original post

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia