တရုတ်အစိုးရပိုင်ကုမ္ပဏီတွေနဲ့အကျိုးစီးပွားဆက်စပ်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ကို ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းလုပ်ဆောင်ပြီး အရေးယူပေးဖို့ မြန်မာ့အရေးဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်း ၂၉၀ က တောင်းဆိုလိုက်ပါတယ်။
ဒီနေ့မတ်လ ၁၇ ရက်နေ့ရက်စွဲနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတို့ကို လိပ်မှုရေးထားတဲ့ အိတ်ဖွင့်ပေးစာမှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေက မြန်မာ့အရေး လှုပ်ရှားနေတဲ့ နိုင်ငံတကာအခြေစိုက် အဖွဲ့အစည်းတွေအပြင်၊ ပြည်တွင်း အခြေစိုက်အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။
အိတ်ဖွင့်ပေးစာမှာ လက်မှတ်ထိုးထားတဲ့အဖွဲ့အစည်းတွေထဲမှာ ယူကေအခြေစိုက် Burma Campaign UK၊ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဥ်းးသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၊ Justice For Myanmar (JFM)အဖွဲ့တွေအပြင် ရန်ကုန်၊ မန္တလေးနဲ့ မုံရွာအခြေစိုက် ကျောင်းသားအဖွဲ့အစည်းတွေလဲပါပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘိရှော့ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုနဲ့ပေါင်းပြီး စီးပွားရေးလုပ်နေတဲ့ တရုတ်အစိုးရပိုင် Shenghe Resources ကုမ္ပဏီနဲ့ China Communications Construction Company တို့နဲ့ အကျိုးစီးပွားဆက်နွယ်မှုတွေ ရှိနေတာကြောင့် ဘက်မလိုက်မှု သမာသမတ်ကျမှုနဲ့ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေအပေါ် ပိုမိုထိခိုက်မှုတွေဖြစ်လာစေနိုင်တယ်လို့ အိတ်ဖွင့်ပေးစာထဲမှာ ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရုတ်အစိုးရက စစ်ဘက်ဆိုင်ရာ ပံ့ပိုးကူညီမှုတွေနဲ့ တရားဝင်မှုပိုရလာအောင် လုပ်နေတဲ့အတွက် တရုတ်အစိုးရကုမ္ပဏီတွေနဲ့ စီးပွားရေးဆက်နွယ်နေတဲ့ မြန်မာနိုင်ံဆိုင်ရာ အထူးသံတမန်ကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ အိတ်ဖွင့်ပေးစာထဲမှာ တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကလည်း တရုတ်အစိုးရပိုင် ကုမ္ပဏီတွေနဲ့ ပတ်သက်ဆက်နွယ်မှုတွေရှိနေတဲ့ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘိရှော့ကို ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပေးဖို့ Justice For Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။
ဂျူလီဘိရှော့အား ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီလက ခန့်အပ်ခဲ့ပါတယ်။သူ့ရဲ့တာဝန်ဟာ မြန်မာနိုင်ငံတွင်းက အကျပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက်ရမှာဖြစ် ပြီး သူ့အနေနဲ့ ဒီမိုကရေစီဘက်သားတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ထိခိုက်နစ်နာနေတဲ့ ရပ်ရွာလူထုတွေနဲ့ ထိတွေ့ဆက်ဆံရာတွင် ယုံကြည်မှု နှင့် သမာသမတ်ရှိမှုတို့က လွန်စွာ အရေးပါတယ်လို့ Justice For Myanmar အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။