14 March 2025
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပြီးခဲ့သည့် သတင်းပတ်ကာလအတွင်းသွားရောက်ခဲ့သော ရုရှားနှင့် ဘီလာရုစ်ခရီးစဉ်အရ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲတွင် ရုရှားနှင့် ဘီလာရုစ်တို့၏ ပါဝင်ပတ်သက်မှုနှင့်စပ်လျဉ်းပြီး စိုးရိမ်မှုအသစ်များ ပေါ်ထွက်လာသည်။
ဘီလာရုစ်တွင် မင်းအောင်လှိုင်က ‘သမ္မတ’ အလက်ဆန်းဒါး လူကာရှင်ကိုအား ၄င်းစစ်အုပ်စု၏ တရားမဝင် ရွေးကောက်ပွဲသို့ ရွေးကောက်ပွဲစောင့်ကြည့်သူများ လွှတ်ပေးရန် ဖိတ်ကြားခဲ့ပြီး လူကာရှင်ကိုကလည်း တောင်းဆိုချက်ကို လက်ခံခဲ့သည်။
လူကာရှင်ကိုသည် ဒီမိုကရေစီကို ထောက်ခံသူ မဟုတ်ပါ။ ၁၉၉၄ ခုနှစ်တွင်ရွေးကောက်ခံပြီးကတည်းက နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များ၏ လေ့လာတွေ့ရှိချက်အရ ဘီလာရုစ်နိုင်ငံတွင် ကျင်းပသည့် မည်သည့်ရွေးကောက်ပွဲမှ လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်း တွေ့ရှိခဲ့သည်။
၂၀၂၀ ခုနှစ် ဘီလာရုစ် အထွေထွေရွေးကောက်ပွဲ ရလဒ်များသည် ကြီးမားသော ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့သည်။ အတိုက်အခံပါတီက မဲ ၆၀ ရာခိုင်နှုန်း အနိုင်ရထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့နောက် အဓိက အတိုက်အခံခေါင်းဆောင်များ ဖမ်းဆီးခံရခြင်း သို့မဟုတ် ထွက်ပြေးရခြင်းတို့ဖြင့် ရင်ဆိုင်ခဲ့ရသည်။ နောက်ပိုင်းတွင် တစ်နိုင်ငံလုံးဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ ၄င်းကို ရှုပ်ချခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဘီလာရုစ်နိုင်ငံ အထွေထွေရွေးကောက်ပွဲရလဒ်များအရ လူကာရှင်ကိုက ထောက်ခံမဲ ၈၇ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ကြေညာခဲ့ပြီးနောက် အတုအယောင်ရလဒ်ကို ငြင်းပယ်သည့်ဆန္ဒပြပွဲများ ကျယ်ကျယ်လောင်လောင် ဖြစ်ပေါ်ခဲ့ပြီး အနောက်တိုင်း နိုင်ငံများကလည်း လူကာရှင်ကိုအစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
လူကာရှင်ကိုနှင့် စစ်အုပ်စုသည် ယခင်ကတည်းက ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြသည်။ စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ ဝါဒဖြန့်ချီရေးမီဒီယာမှ ပြီးခဲ့သည့် ဘီလာရုစ်အထွေထွေရွေးကောက်ပွဲကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ သွားရောက်လေ့လာခဲ့ကြောင်း ထုတ်ဖော်ပြသခဲ့သည်။
မင်းအောင်လှိုင်၏ ရုရှားခရီးစဥ်အတွင်း ရုရှားသည်လည်း စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို ထောက်ခံသွားမည် ဖြစ်ကြောင်း စစ်အုပ်စု၏ ဝါဒဖြန့်ချီရေးမီဒီယာက ဖော်ပြခဲ့သည်။
Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က “အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ရတဲ့အကြောင်းရင်းက သူတို့ရဲ့ တရားမဝင်အာဏာ အတင်းသိမ်းဖို့ကြိုးပမ်းခဲ့တာကို တရားဝင်မှုရအောင် အားထုတ်မှုတစ်ရပ်သာဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောချင်ပါတယ်”
လူကာရှင်ကိုရဲ့ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံလာပြီး ရွေးကောက်ပွဲစောင့်ကြည့်မယ်ဆိုတာဟာ တရားမဝင် ရွေးကောက်ပွဲ တစ်ခုမှာ အာဏာရှင်တစ်စုက ရာဇဝတ်ကောင်စစ်အုပ်စုကို ထောက်ခံကူညီပေးတာလောက်ပဲရှိပါတယ်။
သူတို့ကြား ပူးပေါင်းမှုက တရားမဝင်တဲ့ အာဏာကိုဆုပ်ကိုင်ထားဖို့ ကြံစည်နေကြတဲ့ အာဏာရှင်တွေအချင်းချင်း အပြန်အလှန်ဖေးမနေကြခြင်းပဲ ဖြစ်ပါတယ်။
ဒါဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲရဲ့အနှစ်သာရကို လုံးဝဖျက်ဆီးလိုက်တဲ့အပြင် မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရယူလိုတဲ့ဆန္ဒကို အားနည်းယုတ်လျော့စေပါတယ်။
လူကာရှင်ကိုရဲ့ ရာဇဝတ်ကောင်စစ်အုပ်စုကို ထောက်ပံ့ကူညီနေတာတွေကို ကျွန်တော်တို့ ရှုပ်ချပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရုန်းကန်နေကြတဲ့ ပြည်သူတွေကို ကူညီပြီး ရာဇဝတ်ကောင်စစ်အုပ်နဲ့ သူရဲ့အပေါင်းအပါတွေ အားထုတ်ဖော်ဆောင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲမှန်သမျှကို ငြင်းပယ်ဆန့်ကျင်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ ဘီလာရုစ်ပြည်သူတွေနဲ့လည်း ကျွန်တော်တို့ တစ်သားတည်း ရပ်တည်ပါတယ်။” ဟု ပြောကြားသွားသည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.