12 March 2025
လူသတ်မှုနှင့်စပ်လျဥ်းသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုဟူသောစွပ်စွဲချက်ဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ထုတ်ပြန်ထားသောဖမ်းဝရမ်းအား ဖိလစ်ပိုင်အစိုးရအနေဖြင့် လျင်မြန်စွာ အကောင်အထည်ဖော်ခဲ့ခြင်းအပေါ် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) မှ ချီးကျူးသြဘာပေးအပ်လိုက်ပါသည်။ မစ္စတာဒူတာတေးအား ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဖိလစ်ပိုင်အာဏာပိုင်များကဖမ်းဆီးခဲ့ပြီး။။။ သည်ဟိတ်မြို့သို့ လွှဲပြောင်းပေးခဲ့သည်။
“နိုင်ငံတကာဥပဒေနှင့် ICC တို့ တိုက်ခိုက်ခံနေရချိန်တွင် ဤအခြင်းအရာသည် တာဝန်ယူ/ခံမှုအတွက် အခရာကျသော အားပေးမြှင့်တင်မှုတရပ်ဖြစ်သည်“ ဟု SAC-M တည်ထောင်သူအဖွဲ့ဝင် Yanghee Lee က ပြောကြားသည်။ “၂၀၁၉ ခုနှစ်တွင် ရောမဥပဒေမှနုတ်ထွက်ခဲ့ပြီးသော်လည်း ဖိလစ်ပိုင်အစိုးရက ထိုသို့ပြတ်သားစွာ အရေးယူဆောင်ရွက်ခြင်းကြောင့် ၎င်းအခြင်းအရာသည် ပို၍ပင် အရေးပါလှသည်။“
မစ္စတာဒူတာတေး၏ဖမ်းဆီးမှုသည် ဒေသတွင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် ပြင်းထန်သော သတင်းစကားတရပ်ပါးလိုက်ခြင်းပင်ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ICC ၏ တရားလိုရှေ့နေသည် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြစ်သည့် ပြည်နှင်ဒဏ်ပေးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုတို့အတွက် မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားခဲ့သည်။ လတ်တလော ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဂျင်တီးနားတရားရုံးသည် ကမ္ဘ့ာနေရာတိုင်းတွင် တရားစီရင်ပိုင်ခွင့်ကိုကျင့်သုံး၍ ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သော လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟူသောစွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံရှိ စစ်ဘက်နှင့်အစိုးရရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ် ၂၅ ဦးအတွက် ဖမ်းဝရမ်းများထုတ်ပြန်ခဲ့သည်။
ICC ၏ အကြိုကြားနာရုံး အမှတ် (၁) (Pre-Trial Chamber I) မှ မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းထုတ်ပြန်ရန် မျှော်လင့်ထားပြီး၊ ICC ၏တရားလိုရှေ့နေမှလည်း နောက်ထပ်လျှောက်ထားမှုများ ရှိလာမည်ဟု အရိပ်အမြွက် ပြောကြားထားပြီးဖြစ်သည်။ ထို့အပြင် အာဂျင်တီးနားအစိုးရသည် ၎င်း၏ဝရမ်းများတွင် အမည်ပါရှိသူ ၂၅ ဦးကိုဖမ်းဆီးပြီး အာဂျင်တီးနားသို့လွှဲပြောင်းပေးရေးတွင် ပူးပေါင်းဆောင်ရွက်ရေးအလို့ငှာ အင်တာပိုလ်အဖွဲ့ဝင်များအားတောင်းဆိုရန် မျှော်လင့်ရသည်။
SAC-M သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အခြားမြန်မာအာဏာပိုင်များအား ဖမ်းဝရမ်းတွင်အမည်ပါရှိသူများအပေါ် ဖမ်းဆီးရေးနှင့် လွှဲပြောင်းပေးရေးအတွက် ပေါင်းစပ်ညှိနှိုင်းမှုများပြုလုပ်ရန်တိုက်တွန်းပါသည်။
ကျွန်ုပ်တို့သည် အာဆီယံအနေနှင့် နိုင်ငံတကာဖမ်းဝရမ်းများအားလိုက်နာခြင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းတို့မှတဆင့် အမည်စာရင်းပါရှိသူများ တရားရင်ဆိုင်ရန် လွှဲပြောင်းပေးရေးကို အထမြောက်အောင်ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် မြန်မာပြည်သူများအတွက် တရားမျှတမှုရရှိစေရေးရှေးရှုကာ ကူညီပေးပါရန်တောင်းဆိုပါသည်။ “ဒူတာတေး၏ ဖမ်းဆီးမှုသည် အလွန်အားကောင်းသော ထုတ်ပြန်ကြေညာချက်တရပ်ဖြစ်သည်”ဟု SAC-M တည်ထောင်သူအဖွဲ့ဝင် Marzuki Darusman က ပြောကြားသည်။ “သြဇာတိက္ကမလွှမ်းသော အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနှင့် ၎င်းသည် ICC နှင့်အင်တာပိုလ်တို့အား လေးစားပြီး နိုင်ငံတကာတာဝန်ယူ/ခံမှုအား ထောက်ခံကြောင်း ကြေညာခဲ့ခြင်းပင်သည်။ ဤသည်မှာ မင်းအောင်လှိုင်အတွက် ၎င်း၏တရားခွင်သို့ ရောက်မည့်အချိန် မုချစင်စစ် ဆိုက်ရောက်လာမည်ဖြစ်ကြောင်း ပြတ်ပြတ်သားသားအသိပေးလိုက်ခြင်း ဖြစ်သည်။“
“မြန်မာပြည်သူများက ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစနစ်နှင့် တရားမျှတမှု ကတိကဝတ်အပေါ် လုံးဝယုံကြည်မှုကင်းမဲ့နေချိန်တွင် ဤအဖြစ်သည် မျှော်လင့်ချက်အလင်းရောင်အား ခပ်ရေးရေး ပေးခြင်းဖြစ်သည်” ဟုSAC-M တည်ထောင်သူအဖွဲ့ဝင် Chris Sidoti က ထပ်လောင်းပြောကြားသည်။
မစ္စတာဒူတာတေး၏ဖမ်းဆီးမှုသည် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရန်ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေသည်။ ဖိလစ်ပိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏ (ယခင်၊ လက်ရှိနှင့် လာမည့် အာဆီယံဥက္ကဋ္ဌများ ပါဝင်သော) ထရွိုင်ကာယန္တရား (Troika mechanism) ၏ အဖွဲ့ဝင်လည်းဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံ၏အကျပ်အတည်းအား အာဆီယံ၏ကိုင်တွယ်ဖြေရှင်းမှုတွင် အမြဲမပြတ်ရှိစေရန် တည်ထောင်ထားခြင်းဖြစ်သည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.