11 March 2025
စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဆွစ်ဇာလန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို Justice For Myanmar က ကြိုဆိုပါသည်။
ယခုဒဏ်ခတ်ပိတ်ဆို့မှုများသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် MOGE အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီးနောက်တွင် လိုက်ပါလုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံသည် ၎င်းတို့တစ်နိုင်ငံတည်းအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းထက် အီးယူ၊ ကုလသမဂ္ဂ၊ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) တို့က ကုန်သွယ်မှုပိတ်ပင်ရေး ဥပဒေမှတဆင့် ချမှတ်ထားသည့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကိုသာ အကောင်အထည်ဖော်လေ့ ရှိသည်။
MOGE အပေါ် ဆွစ်ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေဖြည့်တင်းရန် ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှဘဏ္ဍာငွေ ရှာဖွေရရှိနေနိုင်သည့် စစ်အုပ်စု၏ ကယ်ပေါက်တစ်ခုအား ပိတ်ပင်ရာတွင် အရေးပါလှသည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍသည် စစ်အုပ်စုအတွက် နိုင်ငံခြားငွေဖြင့် အခွန်ဝင်ငွေအများဆုံးရှာဖွေပေးနေသည့် ရင်းမြစ်တစ်ခု ဖြစ်သည်။ ရေနံနှင့် သဘာဝဓါတ်ငွေ့ဝင်ငွေများကို စစ်အုပ်စု ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် လိုအပ်သည့် စစ်လက်နက်များ၊ လေယာဉ်ဆီနှင့် အခြားအထောက်အကူပြုပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုသည်။
စစ်အုပ်စု၏အချက်အလက်များအရ မြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့မှုမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ ၃ လ အတွင်းပင် အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်းရှိခဲ့သည်။
MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ရန် ဆွစ်ဇာလန်၏ ဆုံးဖြတ်ချက်သည် Justice For Myanmar မှ သတင်းအချက်အလက်သိရှိပိုင်ခွင့်အရ တောင်းဆိုချက်၊ မတ်လ ၇ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်၊ Tages-Anzeiger ၏ သတင်းဖော်ပြမှုများမှတဆင့် အစိုးရအပေါ်ဖိအားပေးတောင်းဆိုမှုများ လုပ်ဆောင်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မတ်လ၊ ၂၃ ရက်နေ့တွင် Justice For Myanmar သည် သတင်းအချက်အလက် သိရှိပိုင်ခွင့်ဥပဒေအရ “ဆွစ်ဇာလန်အနေဖြင့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအား အကောင်အထည်ဖော်သင့်ကြောင်း ဖက်ဒရယ်ကောင်စီအတွက် အကြံပြုရန် ပြင်ဆင်ထားသည့် စာရွက်စာတမ်းအားလုံးကို” ပြသပေးရန် စီးပွားရေးရာအတွင်းဝန်ရုံး (SECO) ထံ တောင်းဆိုလွှာတစ်စောင် တင်သွင်းခဲ့သည်။
သတင်းအချက်အလက်သိရှိပိုင်ခွင့်အရ တောင်းဆိုမှုမှရရှိလာသည့် စာရွက်စာတမ်းများအရ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု မချမှတ်ရန် ဆွစ်ဇာလန်၏ ဆုံးဖြတ်ချက်သည် ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ကွက်များကို ပိတ်သိမ်းရေးအတွက် အီးယူဒဏ်ခတ်ပိတ်ဆို့မှုများရှိ လုပ်ပိုင်ခွင့်ရုပ်သိမ်းမှုများအား အကောင်အထည်ဖော်ဖို့ရာ ဆွစ်ဥပဒေများအား ပြင်ဆင်ရန် လိုအပ်မည်ဖြစ်ခြင်းကြောင့်၊ ယင်းကို ရှောင်ရှားရန်အတွက် ဖြစ်ကြောင်း သိရသည်။
ဆွစ်ဘဏ်များသည် မြန်မာ့နိုင်ငံပိုင်ဘဏ်များနှင့် သမိုင်းစဉ်လာဆက်နွှယ်မှုများ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် အစီရင်ခံစာတွင် MOGE က နိုင်ငံတကာငွေလွှဲမှုများအတွက် အသုံးပြုသည့်၊ လက်ရှိစစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်သည် ဆွစ်ဇာလန်နိုင်ငံတွင် အပြန်အလှန် ငွေလွှဲဘဏ်စနစ် ဆက်ဆံရေးများ ရှိထားကြောင်း ရေးသားထားသည်။
ဆွစ်အာမခံလုပ်ငန်းများသည်လည်း မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် ဆက်နွှယ်မှုများရှိသည်။ ဆွစ်အခြေစိုက်ကုမ္ပဏီ Infrassure သည် ၂၀၂၁ ခုနှစ်တွင် တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းအတွက် ထပ်ဆင့်အာမခံကုမ္ပဏီအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း Justice For Myanmar သို့ မျှဝေသည့် လျှို့ဝှက်ပေါက်ကြားလာသော စာရွက်စာတမ်းတစ်ခုအရ သိရသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ကိုက်ညီနေတဲ့ မြန်မာနိုင်ငံက MOGE ကို နောက်ဆုံးမှာ ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။
ဒီလိုချမှတ်လိုက်ခြင်းက အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေထဲက အရေးကြီးတဲ့ ကယ်ပေါက်တစ်ခုကို ပိတ်လိုက်နိုင်ပြီး၊ လေးနှစ်ကျော်ကြာ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိကြောင်း သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်စုက ဓါတ်ငွေ့ဝင်ငွေတွေကို နိုင်ငံတကာရာဇဝတ်မှုတွေမြောက်တဲ့ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ စစ်လက်နက်တွေနဲ့ လေယာဉ်ဆီတွေ ဝယ်ယူရာမှာ အသုံးပြုနေပါတယ်။
ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျနိုင်ငံတို့ကလည်း ဆွစ်ဇာလန်ရဲ့လမ်းကြောင်းအတိုင်း လိုက်ပါပြီး၊ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလျင်အမြန် လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.