ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘိရှော့သည် Energy Transition Minerals (ETM) အပါအဝင် စီးပွားရေးလုပ်ငန်းများတွင် ပတ်သက်ဆက်နွှယ် နေသည်။ မကြာသေးမီက ၎င်းအား ETM ကုမ္ပဏီတွင် မဟာဗျူဟာအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ ယင်းခန့်အပ်မှုသည် မြန်မာနိုင်ငံတွင် ပါဝင်ပတ်သက်မှုရှိသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် ဆက်နွှယ်သည့် ဂရင်းလန်းဒေသရှိ အငြင်းပွားဖွယ် ယူရေနီယမ်နှင့် မြေရှားသတ္တုတူးဖော်ရေးစီမံကိန်း အတွက် အကြံပေးရန် ဖြစ်သည်။
ဂျူလီဘိရှော့အား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ခန့်အပ်ခဲ့သည်။ ယင်းရာထူးတာဝန်သည် မြန်မာနိုင်ငံတွင်း အကျပ်အတည်းများအား ဖြေရှင်းဆောင်ရွက် ရမည်ဖြစ်၍ သူမအနေဖြင့် ဒီမိုကရေစီဘက်သားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ထိခိုက်နစ်နာသည့် ရပ်ရွာလူထုများနှင့် ထိတွေ့ဆက်ဆံရာတွင် ယုံကြည်မှုနှင့် သမာသမတ်ရှိမှုတို့က လွန်စွာ အရေးပါလှသည်။
သို့ရာတွင် သတ္တုတူးဖော်ရေးကဏ္ဍတွင် ဂျူလီဘိရှော့၏ ပါဝင်ပတ်သက်မှု၊ တရုတ်ကုမ္ပဏီများနှင့် ဆက်နွှယ်မှုများသည် သူမ၏ ကျင့်ဝတ်ပိုင်းဆိုင်ရာစောင့်ထိန်းလိုက်နာမှုနှင့် တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မှုတို့အပေါ် စိုးရိမ်ဖွယ် မေးခွန်းများကို ဖြစ်ပေါ်စေသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီရိုဂူတာရက်စ့်အနေဖြင့် ဂျူလီဘိရှော့၏ စီးပွားရေးလုပ်ငန်းများမှ အကျိုးစီးပွားပဋိပက္ခများကို စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပေးရန် Justice For Myanmar က တောင်းဆိုသည်။
ဩစတြေးလျစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ETM မှတဆင့် ဂျူလီဘိရှော့၏ တရုတ်နိုင်ငံပိုင် ကုမ္ပဏီများနှင့် ဆက်နွှယ်မှုများကို Saturday Paper သတင်းစာက ပထမဆုံး သတင်းရေးသား ဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဂျူလီဘိရှော့အား သူမ၏ စီးပွားရေးအကြံပေးလုပ်ငန်း Julie Bishop and Partners မှတဆင့် ETM ကုမ္ပဏီ၏ မဟာဗျူဟာအကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ ဂျူလီဘိရှော့၏ အခန်းကဏ္ဍသည် “လက်ရှိဆောင်ရွက်နေသည့် ဥပဒေကြောင်းအရလုပ်ငန်းစဉ်နှင့်အပြိုင် Kvanefjeld စီမံကိန်း ဖော်ဆောင်ရေးကို ဆက်လက်လုပ်ဆောင်နိုင်ရေး” အတွက် ဘုတ်အဖွဲ့သို့ အကြံပေးရန် ဖြစ်ကြောင်း သိရသည်။
ဂရင်းလန်းအနောက်တောင်ဒေသရှိ ETM ကုမ္ပဏီ၏ Kvanefjeld သတ္တုတူးဖော်ရေးစီမံကိန်းအား သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာစိုးရိမ်ဖွယ်ရာများကြောင့် ဒေသခံလူထုက ဆန့်ကျင်ထားပြီး၊ ၂၀၂၁ ခုနှစ်တွင် ဂရင်းလန်းအစိုးရက ယူရေနီယံတူးဖော်မှုအား ပိတ်ပင်ချက်ကို ပြဌာန်းလိုက်ပြီးနောက် ယင်းစီမံကိန်း ကိုလည်း ရပ်ဆိုင်းထားခဲ့သည်။
ETM ကုမ္ပဏီသည် ဒိန်းမတ်နိုင်ငံတွင် တရားစွဲဆိုမှုမှတဆင့် လျော်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၁.၅ ဘီလီယံကို တောင်းဆိုထားပြီး၊ ယင်းဆုံးဖြတ်ချက်အပေါ် ကျယ်ကျယ်လောင်လောင် ဝေဖန်မှုများ ရှိခဲ့သည်။ ယင်း လျော်ကြေးပမာဏသည် ဂရင်းလန်းဒေသ ဂျီဒီပီ၏ ၄ ဆနီးပါး ရှိသည်။
Kvenfjeld စီမံကိန်းတွင် အဓိကမိတ်ဖက်ကုမ္ပဏီတစ်ခုမှာ Shenghe Resources ဖြစ်သည်။ ယင်းကုမ္ပဏီသည် တရုတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်း နိုင်ငံပိုင်ကုမ္ပဏီဖြစ်ပြီး၊ မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီလုပ်ငန်းစုကြီး ဖြစ်သည်။ Shenghe Resources သည် ETM ၏ အဓိကရှယ်ယာရှင်ဖြစ်ပြီး၊ ကုမ္ပဏီ၏ ၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။ သို့ဖြစ်ရာ ကုမ္ပဏီသည် ဂျူလီဘိရှော့ အကြံပေးသည့် ETM ဘုတ်အဖွဲ့တွင် နေရာတစ်နေရာ ထားရှိသည်။ Shenghe Resources သည် ETM ကုမ္ပဏီတွင် ပိုင်ဆိုင်မှု ၁၉.၉ ရာခိုင်နှုန်းအထိ ၎င်းတို့၏ ရှယ်ယာတန်ဖိုးယုတ်လျော့မှုအား ကာကွယ်ခွင့် (anti-dilution rights) ကို ပိုင်ဆိုင်ထားသည်။
၂၀၁၈ ခုနှစ်တွင် Shenghe Resources နှင့် ETM တို့သည် Kvanefjeld မှ တရုတ်နိုင်ငံသို့ ယူရေနီယမ်ပါဝင်သော မြေရှားသတ္တုရိုင်းများတင်ပို့ရေးနှင့် အဆိုပါစီမံကိန်းအတွက် မဟာဗျူဟာ အစီအစဉ်တစ်ရပ်ရေးဆွဲရေး တို့အတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ နောက်နှစ်တွင် Shenghe Resources သည် အဆိုပါတင်ပို့မှုများကို ဥပဒေနှင့်ညီသော တင်ပို့မှုအဖြစ် ဖန်တီးရန် တရုတ်အမျိုးသားနျူကလီးယား ကော်ပိုရေးရှင်း (China National Nuclear Corporation) ၏ ကုမ္ပဏီခွဲတစ်ခုနှင့် ဖက်စပ်ကုမ္ပဏီတစ်ခုကို ဖွဲ့စည်းခဲ့သည်။
ETM ၏ နောက်ထပ်မိတ်ဖက်ကုမ္ပဏီတစ်ခုသည် China Communications Construction Company (CCCC) ဖြစ်ပြီး၊ ယင်းကုမ္ပဏီသည် နိုင်ငံပိုင်ဆောက်လုပ်ရေးလုပ်ငန်းစုကြီး ဖြစ်သည်။ ယင်းကုမ္ပဏီသည် Kvanefjeld စီမံကိန်းအတွက် ဒီဇိုင်းရေးဆွဲရေးအဖွဲ့တွင် ပါဝင်သည်။
ETM ၏ တရုတ်မိတ်ဖက်များနှင့် မြန်မာနိုင်ငံ ဆက်နွှယ်မှုများ
Shenghe Resources သည် မြေရှားသတ္တုကို တူးဖော်သူ၊ သန့်စင်ချက်လုပ်သူနှင့် ရောင်းချသူ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး၊ ဈေးကွက်အရင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံကျော်ဖိုး ရှိသည်။ မြန်မာနိုင်ငံသည် အကြီးမားဆုံး မြေရှားသတ္တုရောင်းချသည့်နိုင်ငံဖြစ်ကြောင်း ကချင်ပြည်နယ်ရှိ ဂေဟစနစ်၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဒေသရေအရင်းအမြစ်များအပေါ် မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများ၏ ဆိုးကျိုးသက်ရောက်မှုများကို လေ့လာမှတ်တမ်းပြုထားသည့် ၂၀၂၂ ခုနှစ် Global Witness အစီရင်ခံစာတွင် ဖော်ပြထားသည်။ Global Witness က မြေရှားသတ္တုတူးဖော်ရေးမှ အခွန်ငွေများသည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် ဘဏ္ဍာငွေထောက်ပံ့နိုင်သည့် အန္တရာယ်မြင့်မားကြောင်း တွေ့ရှိခဲ့သည်။
မြန်မာနိုင်ငံရှိ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို ယူနန်ပြည်နယ်နှင့် ကချင်ပြည်နယ် နယ်စပ်တွင် လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီများက လက်ဝါးကြီးအုပ်ထားသည်။ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အလျင်အမြန် တိုးချဲ့လာခဲ့သည်။ အထူးသဖြင့် မကြာသေးမီ ကာလများအထိ ထိန်းချုပ်ထားသည့် မြန်မာစစ်တပ်ကွပ်ကဲမှုအောက်ရှိ စခုန်တိန့်ယိန်း ခေါင်းဆောင်သော ကချင်နယ်ခြားစောင့်တပ် ဒေသများတွင် ဖြစ်သည်။
ကချင်လွတ်လပ်ရေးတပ်မတော်သည် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကချင်နယ်ခြားစောင့်တပ်အား တိုက်ခိုက်ချေမှုန်းခဲ့ပြီး၊ အဆိုပါဒေသများကို ထိန်းချုပ်ရယူခဲ့သည်။ ယင်းကြောင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို ဟန့်တားထားနိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်း ယင်းလုပ်ငန်း၏ အနာဂတ်လားရာမှာ မရေမရာဖြစ်လာခဲ့သည်။
Shenghe Resources ၏ ကော်ပိုရိတ်ထုတ်ပြန်ချက်များတွင် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံမှ မြေရှားသတ္တုများကို ရယူနိုင်ကြောင်း ဖော်ပြထားသည်။ Shenghe Resources သည် Justice For Myanmar ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း မရှိပေ။
CCCC ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အသက်ဝင်ဆဲဖြစ်ပြီး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံကိန်းများနှင့် ဆက်နွှယ်နေသည်။ ၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီသည် အငြင်းပွားဖွယ် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ စစ်အုပ်စုသည် ယင်းစီမံကိန်းကို ပြန်လည်စတင်ရန် စီစဉ်နေကြောင်း သတင်းများက ဆိုသည်။
မြန်မာကုမ္ပဏီမှတ်ပုံတင်ဌာနတွင် မြန်မာနိုင်ငံ၌ CCCC ရုံးခွဲ တစ်ခုအပြင် အနည်းဆုံး နောက်ထပ် CCCC ကုမ္ပဏီခွဲ နှစ်ခုရှိသည်ကို တွေ့ရသည်။ ယင်းကုမ္ပဏီများမှာ Myanmar China Harbor Engineering Company Limited နှင့် China Road and Bridge (Myanmar) Company Limited တို့ ဖြစ်ကြသည်။
China Harbor Engineering ကုမ္ပဏီသည် စစ်ကောင်စီက ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းနေသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း လုပ်ငန်းစုတွင် ပါဝင်သည်။ ဇန်နဝါရီလတွင် ကုမ္ပဏီသည် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းအဆောက်အဦများဖွံ့ဖြိုးရေးစီမံကိန်းအတွက် နားလည်မှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ယင်းအခမ်းအနားကို ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် စစ်အုပ်စုဝန်ကြီးတစ်ဦးက ဦးဆောင်တာဝန်ယူခဲ့သည်။
၂၀၁၆ ခုနှစ်တွင် China Road and Bridge ကုမ္ပဏီအား ကရင်ပြည်နယ်ရှိ အိန္ဒု-ကော့ကရိတ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအတွက် စာချုပ်ပေးအပ်ခဲ့သည်။ ထိုလမ်းပိုင်းသည် မြန်မာစစ်တပ်၏ မဟာဗျူဟာ အကျိုးစီးပွားအဖြစ် ဖြည့်ဆည်းပေးမည်ဖြစ်ပြီး ပဋိပက္ခ ပိုမိုတိုးပွားစေနိုင်ခြင်းကြောင့် အရပ်ဘက် အဖွဲ့အစည်းများက ကန့်ကွက်ခဲ့သည်။
စစ်အုပ်စုသည် တရုတ်အမျိုးသားနျူကလီးယားကော်ပိုရေးရှင်းနှင့်လည်း ပြီးခဲ့သည်နှစ်တွင် ထိတွေ့ဆက်ဆံခဲ့ပြီး၊ နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးရေးအတွက် အကူအညီများ တောင်းခံခဲ့သည်။
ဂျူလီဘိရှော့၏ အခြားစီးပွားရေးဆက်နွှယ်မှုများ
ဂျူလီဘိရှော့သည် ဩစတြေးလျပုဂ္ဂလိ ရေနံနှင့်သဘာဝဓါတ်ငွေ့ကုမ္ပဏီ Twinza Oil Limited အတွက် မဲဆွယ်စည်းရုံးသူ (Lobbyist) အဖြစ် မှတ်ပုံတင်ထားသည်။ ယင်းကုမ္ပဏီသည် ပါပူဝါနယူးဂွာနီရာ နိုင်ငံတွင် ပိုင်ဆိုင်မှုများရှိပြီး၊ စင်ကာပူနိုင်ငံတွင် ရုံးခန်း ဖွင့်လှစ်ထားသည်။
Twinza Oil ကုမ္ပဏီ၏ အများစုပိုင်ဆိုင်သူများသည် ကလောက်ဂျ်မိသားစု (Clough family) နှင့် ဟောင်ကောင်နှင့် လန်ဒန်အခြေစိုက် Kerogen Capital ကုမ္ပဏီတို့ ဖြစ်ကြသည်။
ယင်းကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နက်ရှိုင်းသော သမိုင်းကြောင်းပြဿနာ ရှိနေပြီး၊ တနင်္သာရီကမ်းလွန်ရှိ ရဲတံခွန် အရှေ့လုပ်ကွက်အတွက် ၂၀၀၆ ခုနှစ်တွင် ယခင်စစ်အစိုးရနှင့် ထုတ်လုပ်မှုခွဲဝေရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသည့် Twinza တည်ထောင်သူ Bill Clough သည် ယခုအခါ ရပ်နားလိုက်ပြီဖြစ်သည့် မြန်မာတိုင်းမ်သတင်းစာတွင် အဓိကရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ ယင်းသတင်းစာသည် စစ်ထောက်လှမ်းရေးနှင့် ဆက်နွှယ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဂျူလီဘိရှော့သည် နောက်ထပ် ဩစတြေးလျသဘာဝရင်းမြစ် ထုတ်လုပ်ရေးကုမ္ပဏီ Summit Gold Limited နှင့် ပါပူဝါနယူးဂွာနီယာရှိ ရွှေတူးဖော်ရေးစီမံကိန်း အတွက် အကြံပေးရန် သဘောတူ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
ဂျူလီဘိရှော့သည် ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သော Mineral Resources (MinRes) အတွက်လည်း အလုပ်လုပ် ပေးခဲ့သည်။ ယင်းကုမ္ပဏီသည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China Baowu Steel Group ၏ မိတ်ဖက် ဖြစ်သည်။
China Baowu Steel Group ၏ ကုမ္ပဏီခွဲတစ်ခုသည် စစ်အုပ်စုအတွက် ငွေကြေးထောက်ပံ့နေသည့် မြန်မာနိုင်ငံရှိ တကောင်းတောင် နီကယ်သန့်စင်စက်ရုံကို လုပ်ကိုင်သည်။
တရုတ်အစိုးရပိုင်ကုမ္ပဏီများနှင့် မြန်မာနိုင်ငံတွင် အကျိုးစီးပွားရှိနေသည့် ကုမ္ပဏီများအပါအဝင် ကုမ္ပဏီများစွာတို့တွင် ဂျူလီဘိရှော့၏ ဆက်နွှယ်မှုများသည် လက်ခံနိုင်ဖွယ်မရှိသည့် အကျိုးစီးပွား ပဋိပက္ခများကို ဖြစ်စေပြီး၊ ယင်းအကျိုးစီးပွားပဋိပက္ခများကို အလုံးစုံ စုံစမ်းစစ်ဆေးရမည် ဖြစ်သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဂရင်းလန်းက ဒေသခံ တိုင်းရင်းသားလူထုတွေ တရားသဖြင့် ဆန့်ကျင်ကန့်ကွက်ထားတဲ့ တရုတ်ကျောထောက်နောက်ခံပြု သတ္တုတူးဖော်ရေးစီမံကိန်းအတွက် အကြံပေးအဖြစ် ခန့်အပ်တာအပါအဝင် ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ဂျူလီဘိရှော့ရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်မိပါတယ်။
တရုတ်နိုင်ငံက မြန်မာစစ်အုပ်စုရဲ့ အကြီးဆုံးစစ်လက်နက်ရောင်းချတဲ့နိုင်ငံတစ်ခုဖြစ်ပြီး၊ မြန်မာစစ်အုပ်စုအတွက် သတ္တုတူးဖော်ရေးကဏ္ဍကအပါအဝင် အရေးပါတဲ့ အခွန်ဝင်ငွေရင်းမြစ်တွေ ကိုလည်း ပေးနေပါတယ်။
မြန်မာစစ်အုပ်စုဆီ စစ်လက်နက်နဲ့ ဘဏ္ဍာငွေတွေ ပေးနေရာကနေ တရုတ်အစိုးရက လက်ရှိကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ အားပေးအားမြှောက်လုပ်နေပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ တရုတ်အစိုးရတို့ကြား စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုမှန်သမျှကို စိုးရိမ်မကင်း ရှိနေမှာဖြစ်ပြီး၊ အထူးကိုယ်စားလှယ်တာဝန်ကို ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်စွမ်းအပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ဂျီလီဘိရှော့ ပတ်သက်ဆက်နွှယ်နေတဲ့ ကုမ္ပဏီက မြန်မာစစ်တပ်နဲ့ မသမာတဲ့စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ သမိုင်းကြောင်းရှိခဲ့တယ်ဆိုတဲ့အချက်က သူမရဲ့ အလုပ်တွေအတွက် ပိုပြီး မေးခွန်းထုတ်စရာ ဖြစ်စေပါတယ်။
ဂရင်းလန်းသားတွေရဲ့ အခွင့်အရေးတွေအပေါ် ဂျူလီဘိရှော့ရဲ့ ပေါ်ပေါ်ထင်ထင် လျစ်လျူရှုမှုက မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ထိန်းပေးနိုင်မယ့် အတိုင်းအဆပေါ်မှာလည်း နောက်ထပ် စိုးရိမ်စရာ ဖြစ်စေပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးအနေနဲ့ ဂျူလီဘိရှော့ရဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေ အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အရေးတကြီး လုပ်ဆောင်ဖို့၊ ကုလသမဂ္ဂလုပ်ငန်းတာဝန်တွေ ဆက်ပြီးထမ်းဆောင်ဖို့ သင့်လျော်မှန်ကန်ရဲ့လားဆိုတာ ပြန်လည်သုံးသပ်ဖို့နဲ့ တွေ့ရှိချက်တွေကို အများပြည်သူဆီ ထုတ်ပြန်ဖို့ တိုက်တွန်း တောင်းဆိုပါတယ်” ဟု ပြောကြားခဲ့သည်။