08 March 2025
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပေါ်လာရခြင်း၏ သမိုင်းဇစ်မြစ်မှာ အမျိုးသမီး အလုပ်သမားထုမှ လုပ်ငန်းခွင်တွင်း မညီမျှမှုများကိုဖော်ထုတ်ကာ တရားမျှတမှုနှင့် တန်းတူညီမျှအခွင့်အရေးကို ရဲဝံ့စွာဆန္ဒပြ တောင်းဆိုခြင်းအား ၁၈၅၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြလုပ်ခဲ့ရာမှစတင်ခဲ့ပါသည်။ ဖိုဝါဒကြီးစိုးသောလူ့အဖွဲ့အစည်းတွင် အမျိုးသမီးများ၏အရေးပါသောခန်းကဏ္ဍမှာ အသိမှတ်ပြုမခံရသည့် အပြင် ဖိနှိပ်ချုပ်ချယ်ခြင်း၊ နည်းမျိုးစုံဖြင့်အကြမ်းဖက်ခြင်းများကိုခံစားခဲ့ကြရသည်။ အမျိုးသမီးများမှ မိမိတို့၏လူ့အခွင့်အရေးအတွက် တိုက်ပွဲ၀င်ဆန္ဒပြခဲ့ရာမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကိုအသိအမှတ်ပြုသည့် အနေဖြင့် ၁၉၁၁ မှစတင်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နှစ်စဥ်နှစ်တိုင်း မတ်လ (၈) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ တန်းတူညီမျှမှုအတွက် လိုအပ်ချက်များကို ဖော်ထုတ်ကာ အမျိုးသမီးများ၏စွမ်းဆောင်နိုင်ရည်နှင့် စွမ်းဆောင်နိုင်ခွင့်တို့ကို အလေးထားလျှက် ဂုဏ်ပြုသောနေ့ဖြစ်ပါသည်။
လက်ရှိမြန်မာ့နိုင်ငံရေးတွင် ကျား-မအခြေပြုခွဲခြားဆက်ဆံမှုများနှင့် ဖယ်ချန်မှုများမှာ လက်ရှိအချိန်အထိ ကြုံတွေ့နေရဆဲ ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအ၀င် နည်းမျိုးစုံနှင့်အကြမ်းဖက်မှုများလည်း ထင်သာမြင်သာတွေ့ရှိနေရဆဲဖြစ်ပါသည်။ နွေဦးတော်လှန်ရေးကာလအတွင်းတွင် စစ်ကောင်စီဖက်မှ ကျူးလွန် မှုများ၊ ပြည်သူလူထုအချင်းချင်းမှ ကျူးလွန်မှုများအပြင် တော်လှန်ရေးအင်အားစုများမှ ကျူးလွန်မှု တိုင်ကြားချက်များကို အမျိုးသမီးအဖွဲ့များမှ စဥ်ဆက်မပြတ်လက်ခံရရှိနေပါသည်။ အဆိုပါ တိုင်ကြားချက် များအားစီစစ်၍ အကြမ်းဖက်ခံရသူအမျိုးသမီးများ၏ထွက်ဆိုချက်များအား ကြားနာပြီး သည့်နောက်တွင် အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် အောက်ပါအတိုင်း သဘောထားထုတ်ပြန်လိုက်သည်။
၁။ ပဋိပက္ခအတွင်း အမျိုးသမီးများပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျူးလွန်မှုများသည် စစ်ရာဇ၀တ်မှုဖြစ်သည်။
၂။ အမျိုးသမီးများပေါ် နည်းမျိုးစုံနှင့်အကြမ်းဖက်ခြင်း (ရုပ်ပိုင်း၊စိတ်ပိုင်း၊လိင်ပိုင်း၊ စီးပွားရေးပိုင်း၊ ထိခိုက်နစ်နာစေသောရိုးရာဓလေ့ထုံးစံများနှင့် နည်းပညာအရ အကြမ်းဖက်ခြင်း) တို့သည် မည်သို့မျှ သည်းခံခွင့်လွှတ်၍ မရသည့် လူသားအချင်းချင်းအပေါ် တန်ဖိုးမထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်သည်။
၃။ စစ်ကောင်စီ၏ လူမဆန်စွာ ကျူးလွန်မှုများအတွက် ကျူးလွန်သူများအား ပြစ်ဒါဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းမရှိအောင် နိုင်ငံ၏လွတ်လပ်ရေး၊ တရားမျှတမှုနှင့် တာ၀န်ယူမှုတာ၀န်ခံမှု တည်ဆောက်နေသည့် ကာလတွင် အမျိုးသမီးများသည် ဦးဆောင်ဦးရွက်ပြုကာအလေးပေးဆောင်ရွက်သွားကြမည်ဟု သံဓိဌာန်ပြုသည်။
၄။ ထို့အပြင် အမှန်တရားကို မြတ်နိုးပြီး တရားမျှတမှုကိုလိုလားသော အရပ်ဘက်လူ့ဘက်အဖွဲ့အစည်းများနှင့် တော်လှန်အစုအဖွဲ့များမှ အမျိုးသားများနှင့် တော်လှန်ရေးတပ်သားများကပါ တော်လှန်ရေးသွေးစည်းမှု အကြောင်းပြ၊ ချစ်ခြင်းမေတ္တာအကြောင်းပြ၊ လုပ်ပိုင်ခွင့်၊ အသက်အရွယ်၊ လူမှုရေးပါ၀ါ၊ အာဏာနှင့် ယုံကြည်မှုကိုအလွဲသုံးစားလုပ်ကာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားနှောက်ယှက်မှုနှင့် အကြမ်းဖက်မှုများကို ကျူးလွန်နေခြင်းသည် တော်လှန်ပြည်သူများ၏ လုံခြုံရေးကို အထူးထိခိုက်စေသည့်အပြင် ထိုလုပ်ရပ်များသည် လွန်စွာ စိတ်ပျက်ဖွယ်ရာလုပ်ရပ်များဖြစ်သည်ဟု မိမိတို့မှရှုမြင်သည်။
၅။ ပဋိပက္ခကာလအတွင်း တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆိုအပြစ်ပေးရန် စိန်ခေါ်မှုများစွာ ရှိနေသော်လည်း မိမိတို့အမျိုးသမီးများက နည်းလမ်းပေါင်းစုံဖြင့် တရားမျှတမှုအားရှာဖွေသွားမည်ဖြစ်သည်။
မည်သူက မည်သည့်အကြောင်းပြချက်ဖြင့် မည်သည့်နေရာ၊ဒေသ၊ဌာန များတွင် မည်သည့်အချိန်၌ ကျူးလွန်သည်ဖြစ်စေ ကျူးလွန်မှုအတိုင်းအပြစ်ပေးအရေးယူရမည်ဖြစ်သည်။
၆။ သက်ဆိုင်ရာတရားစီရင်ရေးစနစ်အသီးသီးနှင့်တရားဥပဒေလမ်းကြောင်းအရ ပြစ်မှုကျူးလွန်သူကို ပြစ်ဒါဏ်မှကင်းလွတ်ခွင့်မရှိစေရေးအတွက် တာ၀န်ယူမှုတာ၀န်ခံမှုများရှိလာစေရန် မိမိတို့မှ စဥ်ဆက်မပြတ် စောင့်ကြည့်တိုက်တွန်းသွားမည်ဖြစ်သည်။
၇။ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားနှောက်ယှက်မှုနှင့် အကြမ်းဖက်မှုကို ကျူးလွန်သောသူများသည် ၄င်းတို့၏အပြစ်ကို ၀န်မခံခြင်း၊ စိတ်ရင်းမှန်နှင့်တောင်းပန်မှုမပြုခြင်း (သို့) ၀န်ခံတောင်းပန်ပြီးနောက် တူညီသောကျူးလွန်မှုများကို ထပ်ခါထပ်ခါကျူးလွန်ခြင်းနှင့် တရားဥပဒေကြောင်းအရ ထိုက်သင့်သည့်ပြစ်ဒါဏ်အရေးယူခံရရန် စိန်ခေါ်မှုများစွာရှိနေပါက ကျူးလွန်ခံရသည့် အမျိုးသမီးများအား စာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ တာ၀န်ယူမှုတာ၀န်ခံမှု စနစ်ကောင်းကို တည်ဆောက်မှုအရသော်လည်းကောင်း လူမှုရေးပြစ်ဒါဏ်ပေးသည့်အနေဖြင့် ထိုသူများနှင့် မိမိတို့လုပ်ငန်းများတွင် အတူတွဲလုပ်ခြင်း၊ ဟောပြောပွဲများတွင်ဖိတ်ကြားခြင်း၊ နေရာပေးခြင်း၊ ဆက်သွယ်ဆက်ဆံခြင်းနှင့် အသိအမှတ်ပြုခြင်းများအား လုံး၀ မပြုလုပ်ကြပါရန် မိမိတို့မှ အလေးအနက် တိုက်တွန်းလိုက်သည်။
၈။ ပြည်သူများအနေဖြင့်လည်း အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်ခြင်းကို ကျူးလွန်သူ မည်သူ့ကိုမဆို ခြွင်းချက်မရှိ လူမှုရေးပြစ်ဒါဏ်ပေးခြင်းဖြင့် အမျိုးသမီးများတွက် တရားမျှတမှု ရှာဖွေခြင်းလမ်းကြောင်းကို ပူးပေါင်းပါ၀င်ကြပါရန် တိုက်တွန်းအပ်ပါသည်။
၉။ အမျိုးသမီးများအပေါ် ထိုလုပ်ရပ်များအား ကျူးလွန်နေသူများအနေဖြင့် ၄င်းတို့၏လုပ်ရပ်များအား ရပ်တန်းက ရပ်ရန် အောက်ပါအမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ပြင်းထန်စွာသတိပေးလိုက်သည်။
တော်လှန်ရေးသစ္စာဖြင့်
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.