အကြမ်းဖက်မြန်မာစစ်အုပ်စုအပေါ် ကနေဒါ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို JFM ကြိုဆို စစ်အုပ်စုအပေါ် ပထမဆုံးသော ဒဏ်ခတ်ပိတ်ဆို့မှုဖြစ်

08 March 2025

အကြမ်းဖက်မြန်မာစစ်အုပ်စုအပေါ် ကနေဒါ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို JFM ကြိုဆို စစ်အုပ်စုအပေါ် ပထမဆုံးသော ဒဏ်ခတ်ပိတ်ဆို့မှုဖြစ်

ယမန်နေ့က ကြေညာခဲ့သည့် မြန်မာစစ်အုပ်စုအပေါ် ကနေဒါနိုင်ငံ၏ နောက်ဆုံးအသုတ် ဒဏ်ခတ်ပိတ်ဆို့မှုများကို Justice For Myanmar က ကြိုဆိုပါသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယခုနှစ်တွင် ပထမဆုံးအကြိမ် ချမှတ်လိုက်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများသည် “စစ်အုပ်စု၏ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မြန်မာနိုင်ငံအတွင်း အမြစ်တွယ်နေသည့် အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ မတည်ငြိမ်မှုနှင့် ပိုမိုဆိုးရွားလာသည့် အကျပ်အတည်းများအား တုန့်ပြန်ဆောင်ရွက်လိုက်ခြင်း” ဖြစ်သည်။

ကနေဒါနိုင်ငံသည် စစ်အုပ်စု၊ ယင်းထိန်းချုပ်ထားသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်အုပ်စု၏ အဓိက လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားချမှတ်ခဲ့သည်။ မြန်မာစစ်အုပ်စုအပေါ် အစိုးရများမှ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။

ကနေဒါ၏ ဒဏ်ခတ်ပိတ်ဆို့မှုက ဒဏ်ခတ်ပိတ်ဆို့သည့်အဖွဲ့အစည်းများ၏ ထိန်းချုပ်မှုအောက် ရှိသူများကိုလည်း သက်ရောက်သည်။ ဆိုလိုသည်မှာ မြန်မာစစ်အုပ်စုအပေါ် ယခုဒဏ်ခတ်ပိတ်ဆို့မှုများသည် မိုဘိုင်းအော်ပရေတာ များနှင့် ထိတွေ့လုပ်ဆောင်ရသည့် အချက်ပြဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၊ ရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနှင့် သတင်းစာများကို ကြီးကြပ်လုပ်ကိုင်ရသည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး အစရှိသော အဖွဲ့အစည်းများအပေါ်တွင်လည်း သက်ရောက်သည်။

ကနေဒါနိုင်ငံသည် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်အား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့သည်။ ယင်းတပ်မသည် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအား ကျူးလွန်ခဲ့သူ ဖြစ်သည်။ စစ်အုပ်စု၏ ၂၀၂၁ ခုနှစ် ဖြိုခွင်းမှုများတွင်လည်း ယင်းတပ်မကို အသုံးပြုခဲ့ပြီး၊ ငြိမ်းချမ်းစွာဆန္ဒပြသူများအား သတ်ဖြတ်ခဲ့သည်။

တပ်မ ၃၃ သည် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင်လည်း ရှယ်ယာရှင်တစ်ဦး ဖြစ်ကြောင်း Justice For Myanmar ထံ လျှို့ဝှက်ပေါက်ကြားလာသည့် ရှယ်ယာရှင်အချက်အလက်များအရ သိရ သည်။

ကနေဒါနိုင်ငံမှ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်လိုက်သည့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အဖွဲ့ဝင်များ၊ စစ်အုပ်စုဝန်ကြီးများနှင့် ဒုဝန်ကြီးများ ဖြစ်ကြသည်။

ယင်းတို့တွင် စစ်အုပ်စု၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးကံဇော် ပါဝင်သည်။ ၎င်းသည် ယခုမတ်လအတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်တွင် လိုက်ပါသွားသူဖြစ်ပြီး၊ စစ်အုပ်စု၏ ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်ဆင်ရေးကို ဘဏ္ဍာငွေထောက်ပံမည့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်လုပ်ဆောင်ပေးခဲ့သူ ဖြစ်သည်။

ဖေဖော်ဝါရီလတွင် ကံဇော်က ထားဝယ်မြို့တွင် တည်ဆောက်ရန် ဆိပ်ကမ်းတစ်ခု၊ ကျောက်မီးသွေးသုံး စွမ်းအင်စက်ရုံတစ်ခုနှင့် ရေနံချက်စက်ရုံတစ်ခုတို့အတွက် ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးနှင့် နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

စစ်အုပ်စု၏ သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုဝန်ကြီးသုံးဦးကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ၎င်းတို့သည် စစ်အုပ်စုအတွက် အီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းရေး၊ ဆင်ဆာဖြတ်တောက်ရေးနှင့် အင်တာနက်ဖြတ်တောက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ပေးရသူများ ဖြစ်ကြသည်။

နောက်တစ်ဦးသည် မင်းအောင်လှိုင်၏ နိုင်ငံတော်လုံခြုံရေးအကြံပေးနှင့် ယခင်ရေတပ်ခေါင်းဆောင်ဖြစ်သူ မိုးအောင် ဖြစ်သည်။ မိုးအောင်သည် ကနေဒါနိုင်ငံကပင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသူ မြန်မာစစ်တပ်ခရိုနီ နေအောင်၏ ညီဖြစ်သူ ဖြစ်သည်။ မိုးအောင်နှင့် နေအောင်တို့သည် ယခုအခါ ကွယ်လွန်သွားပြီဖြစ်သည့် အောင်သောင်း၏ သားများဖြစ်သည်။ အောင်သောင်းသည် ယခင်စစ်အစိုးရလက်ထက်တွင် ဝန်ကြီးဟောင်း တစ်ဦးဖြစ်ပြီး၊ ၎င်းအား “အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် အကျင့်ပျက်ခြစားမှုများ ကျူးလွန်သည့်အတွက်” အမေရိကန်ပြည်ထောင်စုက ၂၀၁၄ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ကနေဒါနိုင်ငံသည် ၎င်းတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုကြေညာချက်တွင် “မိမိတို့အနေဖြင့် အလားတူ အရေးယူ ဆောင်ရွက်မှုများချမှတ်ရန် နိုင်ငံအားလုံးကို ဆက်လက်တိုက်တွန်းအပ်ပါသည်။ နိုင်ငံတကာအသိုင်းအဝန်း အနေဖြင့် မြန်မာစစ်အစိုးရအား လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာပံ့ပိုးမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုအားလုံးကို ရပ်ဆိုင်းရန်၊ စစ်အစိုးရနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံ စစ်လက်နက်၊ စက်ပစ္စည်း၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများနှင့် နည်းပညာအကူအညီများ လွှဲပြောင်းရောင်းချမှုများကို ရပ်ဆိုင်းရန် တောင်းဆိုပါသည်” ဟု ဖော်ပြခဲ့သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အခု ကနေဒါဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်အုပ်စုကို ခိုင်မာတဲ့သတင်းစကားပါးလိုက်တာဖြစ်ပေမယ့်လည်း စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ရပ်တန့်ဖို့အတွက် လုပ်ဆောင်စရာအများကြီး လိုအပ်နေပါတယ်။

စစ်အုပ်စု တရားမဝင်အာဏာသိမ်းကြိုးပမ်းခဲ့တာ ၄ နှစ်ကျော် ရှိလာပြီး၊ စစ်အုပ်စုက အကြမ်းဖက်စစ်ဆင်ရေးကို အပြစ်ပေးအရေးယူခံရခြင်းအလျဥ်းမရှိ ဆက်ပြီးကျူးလွန်နေဆဲပါပဲ။ မြန်မာလူထုကလည်း သတ္တိပြောင်စွာနဲ့ ခုခံဆန့်ကျင်နေဆဲပါ။

ခုခံတော်လှန်မှုတွေအနေနဲ့ ထိရောက်တဲ့ ထိန်းချုပ်ကွပ်ကဲမှု ရနိုင်ဖို့အတွက် ဒေသန္တရစီမံအုပ်ချုပ်မှုတွေကို အောင်အောင်မြင်မြင် တည်ဆောက်ပြီး တိုးချဲ့လုပ်ဆောင်လာနိုင်တာကြောင့် စစ်အုပ်စုရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုက ကျရှုံးခဲ့ခြင်း ဖြစ်ပါတယ်။

အစိုးရများအနေနဲ့ မြန်မာလူထုနှင့်အတူ ရပ်တည်ဖို့၊ မြန်မာလူထုရဲ့အသံကို နားထောင်ဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ပိတ်ဆို့ဖို့ လိုအပ်ပါတယ်။

ကနေဒါနဲ့ သူရဲ့မိတ်ဖက်များကလည်း စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာများနဲ့ လေယာဉ်ဆီ ရင်းမြစ်တွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးချဲ့ချမှတ်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထိရောက်ဖို့ဆိုရင် စုပေါင်းညှိနှိုင်းချမှတ်တာမျိုး၊ စစ်အုပ်စုရဲ့ ကွန်ရက်တစ်ခုလုံးကို ပစ်မှတ်ထားတာမျိုး လုပ်ဆောင်သင့်ပါတယ်။

မြန်မာစစ်အုပ်စုနဲ့ သူတို့ရဲ့ ရာဇဝတ်စီးပွားဂိုဏ်းကို မဖြစ်မနေ ဖျက်သိမ်းရပါမယ်” ဟု ပြောကြားခဲ့သည်။

ပိုမိုသိရှိရန်

သတင်းထုတ်ပြန်ချက် အပြည့်အစုံကို https://shorturl.at/zLyEu

ကနေဒါနိုင်ငံ၏ ကြေညာချက်ကို ဖတ်ရှုရန် https://shorturl.at/CLyxW

မတ်လ ၇ ရက်နေ့တွင် ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သူများတွင်

မတ်လ ၇ ရက်နေ့တွင် ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သူများတွင်

အဖွဲ့အစည်းများ

(၁) မြန်မာစစ်တပ်

(၂) စစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဌာန

(၃) အမှတ် (၃၃) တပ်မဌာနချုပ်

လူပုဂ္ဂိုလ်များ

(၄) စစ်ကောင်စီအဖွဲ့ဝင် ဘရွှေ

(၅) စစ်အုပ်စု၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်ဆံရေးပြည်ထောင်စုဝန်ကြီး ကံဇော်

(၆) စစ်ကောင်စီဥက္ကဌရုံးဝန်ကြီး (၂) ကိုကိုလှိုင်

(၇) စစ်အုပ်စု ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဒုဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်

(၈) စစ်အုပ်စု ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဒုဝန်ကြီး အောင်ကျော်ထွန်း

(၉) စစ်အုပ်စု ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဒုဝန်ကြီး အောင်မြိုင်

(၁၀) စစ်အုပ်စုကာကွယ်ရေးဝန်ကြီးဌာနဒုဝန်ကြီး ဗိုလ်ချုပ်ကိုလေး

(၁၁) စစ်အုပ်စုစီမံကိန်းနှင့်ဘဏ္ဍာရေးဒုဝန်ကြီး သန်းသန်းလင်း

(၁၂) စစ်အုပ်စုစီမံကိန်းနှင့်ဘဏ္ဍာရေးဒုဝန်ကြီး မင်းထွဋ်

(၁၃) စစ်အုပ်စုတိုင်းရင်းသားရေးရာဝန်ကြီး ခွန်သန့်ဇော်ထူး

(၁၄) စစ်ကောင်စီဥက္ကဌရုံးဝန်ကြီး (၁) ဗိုလ်ချုပ်မိုးအောင်

(၁၅) စစ်ကောင်စီဥက္ကဌရုံးဒုဝန်ကြီး (၃) ထင်ကျော်သူ

(၁၆) စစ်ကောင်စီဥက္ကဌရုံးဝန်ကြီး (၄) အောင်ကျော်ဟိုး


pdf ဖိုင် ရယူရန်  in English | Myanmar

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia