Press Release 154 Views

မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့ရန် ဆွစ်ဇာလန်ကို Justice For Myanmar တောင်းဆို

March 7th, 2025  •  Author:   Justice For Myanmar  •  1 minute read
Featured image

စစ်အုပ်စုထိန်းချုပ်ထားသည့် အလွန့်အလွန်အမြတ်အစွန်းများသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာမြင့်လာသည့်အချိန်အထိ ဆွစ်ဇာလန်နိုင်ငံသည် MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရန် ပျက်ကွက်ခဲ့သည်။

ဆွစ်ဇာလန်သည် MOGE နှင့် ယင်း၏ မိတ်ဖက်များ ဆွစ်ဘဏ္ဍာရေးစနစ်ကို အသုံးပြုနိုင်ရန် ခွင့်ပြုပေးသည့်၊ ဆွစ်ကုမ္ပဏီများအား မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ပါဝင်လုပ်ကိုင်ခွင့်ရှိသည့် ကယ်ပေါက်တစ်ခုကို ဖန်တီးပေးလိုက်ခြင်းအားဖြင့် ၎င်းသည် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ထိခိုက်ပျက်ပြားစေပါသည်။

ဆွစ်ဇာလန်သည် ကိုယ်တိုင်ဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ်ခြင်းထက် အီးယူ၊ ကုလသမဂ္ဂနှင့် ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (OSCE) တို့က ချမှတ်သည့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကုန်သွယ်မှု ပိတ်ပင်ရေးအက်ဥပဒေအရ လိုက်နာအကောင်အထည်ဖော်ခြင်း ဖြစ်သည်။

ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍသည် စစ်အုပ်စုအတွက် အကြီးဆုံးသောနိုင်ငံခြားဝင်ငွေရင်းမြစ် ဖြစ်သည်။ ရေနံနှင့်သဘာဝဓါတ်ငွေ့ဝင်ငွေများကို စစ်အုပ်စု ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် လိုအပ်သည့် စစ်လက်နက်များ၊ လေယာဉ်ဆီများနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို ဝယ်ယူရာတွင် အသုံးပြုသည်။

စစ်အုပ်စု၏ အချက်အလက်များအရ မြန်မာ့သဘာဝဓါတ်ငွေ့တင်ပို့မှုများသည် ၂၀၂၃ ခုနှစ် ပထမသုံးလမှ ဇွန်လအတွင်း အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်းရှိခဲ့သည်။

ဆွစ်ဘဏ်များသည် မြန်မာ့နိုင်ငံပိုင်ဘဏ်များနှင့် သမိုင်းစဉ်လာဆက်နွှယ်မှုများ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်အစီရင်ခံစာတွင် MOGE က နိုင်ငံတကာငွေလွှဲမှုများအတွက် အသုံးပြုသည့် လက်ရှိစစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်သည် ဆွစ်ဇာလန်နိုင်ငံတွင် အပြန်အလှန် ငွေလွှဲဘဏ်စနစ်ဆက်ဆံရေးများ ရှိထားကြောင်း ရေးသားထားသည်။

မြန်မာ့ရေနံ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ဆွစ်ဇာလန်အာမခံလုပ်ငန်းတို့ ချိတ်ဆက်မှုများလည်း ရှိခဲ့သည်။ ဆွစ်ဇာလန်အခြေစိုက် Infrassure ကုမ္ပဏီသည် တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းအတွက် ပြန်လည်အာမခံသူအဖြစ် ၂၀၁၁ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရကြောင်း Justice For Myanmar နှင့် မျှဝေထားသည့် ပေါက်ကြားလာသော စာရွက်စာတမ်းတစ်ခုအရ သိရသည်။ Infrassure ကုမ္ပဏီအား မှတ်ချက်အတွက် ဆက်သွယ်၍ မရခဲ့သလို ၎င်း၏ စာရင်းစစ် အဖွဲ့ PwC သည် မြန်မာနိုင်ငံရှိ Infrassure ၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ Justice For Myanmar မှ မေးမြန်းချက်များကိုလည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

လွတ်လပ်စွာသတင်းအချက်အလက်တောင်းဆိုခွင့်မှတဆင့် ရရှိသည့် အကြောင်းပြချက်အရ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုမချမှတ်ရန် ဆွစ်ဇာလန်၏ ဆုံးဖြတ်ချက်သည် ရေနံနှင့်သဘာဝဓါတ်ငွေ့တွင်းများ ပိတ်သိမ်းခြင်းအတွက် အီးယူဒဏ်ခတ်ပိတ်ဆို့မှုများရှိ အခွင့်အာဏာရုပ်သိမ်းမှုအား အကောင်အထည်ဖော်ရန် ဆွစ်ဥပဒေအား ပြင်ဆင်ရန်လိုအပ်မှုကို ရှောင်ရှားရန်ဖြစ်သည်ဟု ဆိုထားသည်။

Justice For Myanmar အနေဖြင့် ယင်းအချက်ကို ယခုလိုနှစ်ရှည်လများ နှောင့်နှေးကြန့်ကြာမှုအတွက် လက်ခံနိုင်ဖွယ်ရာ အကြောင်းပြချက်တစ်ခုအဖြစ်မှ ငြင်းဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဆွစ်အစိုးရအနေဖြင့် ရေနံနှင့်သဘာဝဓါတ်ငွေ့တွင်းများ ပိတ်သိမ်းခြင်းအတွက် အခွင့်အာဏာ ရုပ်သိမ်းရန် MOGE အား ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရန် ဥပဒေအား ပြင်ဆင်နိုင်ခြင်း၊ သို့မဟုတ်လျှင်လည်း ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၈၄ အရ MOGE အား အလုံးစုံဒဏ်ခတ်ပိတ်ဆို့ခြင်းဖြင့် အီးယူဒဏ်ခတ်ပိတ်ဆို့မှုများအား ကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်သည်။

စီးပွားရေးရာအစိုးရအတွင်းဝန်ရုံး (SECO) သည် ဒဏ်ခတ်ပိတ်ဆို့မှုများ အကောင်အထည်ဖော် အရေးယူလုပ်ဆောင်ရန်အတွက် တာဝန်ရှိပြီး၊ မြန်မာနိုင်ငံဆိုင်ရာ အီးယူဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို အကောင်အထည်ဖော်ခဲ့သော်လည်း MOGE အပေါ် အီးယူအရေးယူမှုကိုသာ တစ်ခုတည်းသော ချွင်းချက်အဖြစ် ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် Justice For Myanmar သည် သတင်းအချက်အလက်သိရှိပိုင်ခွင့် ဥပဒေအရ “ဆွစ်ဇာလန်အနေဖြင့် MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအား အကောင်အထည် ဖော်သင့်ကြောင်း ဖက်ဒရယ်ထံ အကြံပြုရန် ပြင်ဆင်ထားသည့် စာရွက်စာတမ်းအားလုံး” ပြသပေးပါရန် SECO အား တောင်းဆိုလွှာတစ်စောင် တင်သွင်းခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် SECO က ကျွန်ုပ်တို့၏ တောင်းဆိုလွှာကို ငြင်းပယ်စာဖြင့် တုန့်ပြန်ခဲ့ပြီး၊ ယင်းစာတွင် သက်ဆိုင်ရာသတင်းအချက်အလက်များသည် “ပုဂ္ဂိုလ်ရေးအသုံးပြုမှု” အတွက်ဖြစ်ပြီး၊ တရားဝင်ရုံး စာရွက်စာတမ်းများမဟုတ်ကြောင်း ဖော်ပြခဲ့သည်။

Justice For Myanmar သည် SECO ၏ ငြင်းပယ်စာနှင့်ပတ်သက်၍ ဖက်ဒရယ်အချက်အလက် ကာကွယ်မှုနှင့် သတင်းအချက်အလက်ကော်မရှင်နာရုံး (FDPIC) ထံ အယူခံတင်ပြခဲ့ပြီး၊ ကြားဝင်စေ့စပ်ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။ အယူခံတင်ပြမှုတွင် အဆိုပါ သက်ဆိုင်ရာ သတင်းအချက်အလက်များကို တရားဝင်ရုံးစာရွက်စာတမ်းများအဖြစ် မှတ်ယူသင့်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုများတွင် ဆွစ်ဇာလန်၏ ရပ်တည်ချက် အပေါ် လူထုစိတ်ဝင်စားမှုကို အလေးထားသင့်ကြောင်း ခုခံပြောဆိုခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် FDPIC သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်း တွင် SECO အနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူမှုများဆိုင်ရာအမိန့်ပြန်တမ်း၏ နောက်ဆက်တွဲကို ထုတ်ပြန်ရန် အကြံပြုခဲ့သည်။ အဆိုပါနောက်ဆက်တွဲကို Justice For Myanmar ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားပါသည်။ https://buff.ly/4JHomxW (PDF)

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဆွစ်ဇာလန်အနေနဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်သင့်ပြီး၊ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီး ချမှတ်သင့်ပါတယ်။

စစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု လေးနှစ်ကျော်ကြာမြင့်လာခဲ့ပြီးတဲ့နောက် သူတို့ရဲ့ အကြမ်းဖက် စစ်ဆင်ရေးကလည်း ပိုလို့သာ ပြင်းထန်လာခဲ့ပြီး၊ ဒီအကြမ်းဖက်စစ်ဆင်ရေးတွေကို ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍက ငွေကြေး ဖြည့်ဆည်းထောက်ပံ့နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုက လူတွေအစုလိုက်အပြုံလိုက်သတ်ဖို့၊ လူပေါင်း ၃.၅ သန်းကျော် နေရပ်စွန့်ခွာစေခဲ့တဲ့ သူ့တို့ရဲ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်ဖို့၊ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ပြီးကျူးလွန်ဖို့ လိုအပ်တဲ့ စစ်လက်နက်တွေနဲ့ လေယာဉ်ဆီတွေ ဝယ်ယူဖို့ ဓါတ်ငွေ့ဝင်ငွေတွေကို အသုံးပြုနေပါတယ်။

သုံးနှစ်ကျော်ကြာတဲ့အထိ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်ခဲ့ခြင်းဟာ ဆွစ်ဇာလန်နိုင်ငံအနေနဲ့ အန္တရာယ်ရှိတဲ့ ကယ်ပေါက်တစ်ခုကို ဖန်တီးပေးလိုက်တာပါ။ ဒီကယ်ပေါက်က အီးယူနဲ့ အမေရိကန်ပြည်ထောင်စု တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထိခိုက်ပျက်ပြားစေရုံသာမက ဆွစ်ကုမ္ပဏီတွေကို မြန်မာနိုင်ငံရဲ့ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှာ ပုံမှန်အတိုင်း စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ကြောင်း မီးစိမ်းပြလိုက်တာ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံအနေနဲ့ အီးယူဒဏ်ခတ်ပတ်ဆို့မှုတွေကို အပြည့်အဝအကောင်အထည်ဖော်ြခင်းနဲ့အတူ အဲ့ဒီ ကယ်ပေါက်ကို ပိတ်လိုက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။



pdf ဖိုင် ရယူရန်  in English | Myanmar