04 March 2025
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံလာသော မြန်မာစစ်ပြေးဒုက္ခသည်များသည် ၄ နှစ်ကျော်ကြာလာချိန်တွင် အကူအညီမဲ့နေမှုမှ ပိုမိုကြပ်တည်းသော အခြေအနေသို့ ရောက်ရှိနေသည့် အနေအထားနှင့် ရင်ဆိုင်နေကြရပါသည်။
အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသူများထဲမှ ၂၅၀ ကျော်သည် မဏိပူရ်နှင့် အာသံပြည်နယ်များတွင် ဖမ်းဆီးထောင်ချခံရပြီး ထိုအထဲမှ ၁၁၅ ဦးခန့်ကို မဏိပူရ်ပြည်နယ်အစိုးရမှ လုံခြုံရေးအာမခံချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီထံ ပြန်ပို့ခဲ့သည်။ ထို့အပြင် ဖမ်းဆီးခံရသူ ၁ ဦးသည် ထောင်ထဲတွင် အသက်ဆုံးရှုံး ခဲ့သော်လည်း ယနေ့အထိ တရားမျှတမှု မရရှိသေးပါ။
လက်ရှိတွင် မဏိပူရ်ပြည်နယ်၌ ထိန်းသိမ်းခံရသူ ဦးအောင်မြင့် (အသက် ၅၀ ကျော်) သည် ကျန်းမာရေး ဆိုးရွားနေပြီး၊ ထောင်အာဏာပိုင်များက ၎င်း၏ပစ္စည်းများကို ထုတ်ယူကာ အရေးပေါ်ဆေးကုသမှု ခံယူစေပြီး ၎င်း၏ ကျန်းမာရေးသည် စိုးရိမ်ရသည့် အနေအထားဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် ဖမ်းဆီးခံရသူများထဲတွင် ဦးအောင်မြင့်ကဲ့သို့ နာတာရှည်ရောဂါခံစားနေရသူ ၁၀ ဦးထက်မနည်း ရှိနေပြီး ၎င်းတို့၏ ကျန်းမာရေးအတွက်လည်း လွန်စွာ စိုးရိမ်စရာဖြစ်နေသည်။
အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံ စစ်ပြေးဒုက္ခသည်များသည် ထောင်ဒဏ်နှင့် ငွေဒဏ်များ ကျခံကြပြီဖြစ်သော်လည်း နှစ်ချီ ဆက်လက်ထိန်းသိမ်းခံနေရပြီး၊ လွတ်မြောက်ခွင့်မရသလို အသက်မလုံခြုံသည့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မဏိပူရ်နှင့် အာသံပြည်နယ်အစိုးရများက မကြာခဏ ခြိမ်းခြောက်မှု ရင်ဆိုင်နေကြရပါသည်။
၎င်းအပြင် နယူးဒေလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းတွင် ဝတ်ပြုနေကြသော မြန်မာစစ်ပြေး ဒုက္ခသည်များအား နယူးဒေလီရဲတပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ အိန္ဒိယနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထား သို့မဟုတ် UNHCR မှ ထောက်ပေးသော ဒုက္ခသည်ကဒ် မရှိသူများကို ဖမ်းဆီး၊ ထောင်ချ သို့မဟုတ် မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ဝတ်ပြုအစီအစဉ်များကိုလည်း ရပ်တန့်စေခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် အိန္ဒိယနိုင်ငံတွင် မြန်မာနိုင်ငံ စစ်ပြေးဒုက္ခသည်များအား မီဇိုရမ်ပြည်နယ်အစိုးရနှင့် ပြည်သူများ၏ ကူညီစောင့်ရှောက်မှုများမှလွဲ၍၊ အခြားအိန္ဒိယပြည်နယ်များရှိ မြန်မာစစ်ပြေး ဒုက္ခသည်များသည် ဖမ်းဆီးခံရမှုနှင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ခြိမ်းခြောက်ခံနေရသည်။
သို့ဖြစ်ရာ India for Myanmar အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု မရှိသေးချိန်တွင်၊ မြန်မာစစ်ပြေး ဒုက္ခသည်များကို စစ်ကောင်စီလက်ထဲသို့ ပြန်ပို့ခြင်း၊ ပြန်ပို့ရန် ခြိမ်းခြောက်ခြင်းများ ရပ်တန့်ပြီး၊ အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံ ကောင်းပီသစွာဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို အပြည့်အဝ မကူညီနိုင်သည့်တိုင်၊ စစ်ပြေးဒုက္ခသည်များအပေါ် စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်စေမည့် ခြိမ်းခြောက်မှုနှင့် လုပ်ရပ်များ ရပ်တန့်ပေးရန် အလေးအနက် တောင်းဆိုပါသည်။
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.