ထိုင်း ဆိုက်ဘာရာဇဝတ်နှိမ်နင်းရေးသည် ပြဿနာရင်းမြစ်များကို ပစ်မှတ်ထားရမည်

04 March 2025

ထိုင်း ဆိုက်ဘာရာဇဝတ်နှိမ်နင်းရေးသည် ပြဿနာရင်းမြစ်များကို ပစ်မှတ်ထားရမည်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသည် ဆိုက်ဘာငွေလိမ်လုပ်ငန်းကြီးများရှိသည့် မြန်မာနယ်စပ်ဒေသများ သို့ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းသည် အရေးပါသည့် ခြေကုပ်လုပ်ငန်းတစ်ရပ် ဖြစ်ခဲ့သည်။ သို့ရာတွင် ထိုင်းနိုင်ငံ၏ ဆိုက်ဘာငွေလိမ်လုပ်ငန်းဖြိုခွင်းမှု အောင်မြင်နိုင်ရန်မှာမူ မြန်မာနိုင်ငံအတွင်း ယင်းရာဇဝတ်လုပ်ငန်းကြီးများ ကြီးထွားပျံ့နှံ့လာခဲ့ရသည့် ပြဿနာရင်းမြစ်များကို ဖြေရှင်းရန် လိုအပ်သည်။

ထိုင်းနိုင်ငံနှင့် အခြားအစိုးရများအနေဖြင့် မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်များအား ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီရင်းမြစ်အားလုံး ဖြတ်တောက်ရန်၊ ၎င်းတို့နှင့်အတူကြံရာပါများ ကျူးလွန်ခဲ့သည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူတာဝန်ခံစေရန် Justice For Myanmar က တောင်းဆိုပါသည်။

ဆိုက်ဘာငွေလိမ်လုပ်ငန်းကြီးများ၏ ပြဿနာရင်းမြစ်များအား ပစ်မှတ်ထားခြင်းမရှိဘဲ လျှပ်စစ်မီးယာယီ ဖြတ်တောက်ရုံလောက်က ငွေလိမ်လုပ်ငန်းကြီးများအား အခြားဒေသများသို့သာ ပြောင်းရွှေ့သွားစေပြီး ပိုမိုကျယ်ပြန့်သွားစေမည်သာ ဖြစ်သည်။

မြဝတီမြို့နယ်ရှိ ယင်းငွေလိမ်လုပ်ငန်းကြီးများရှိရာဒေသများသို့ ထိုင်းနိုင်ငံ၏ လျှပ်စစ်မီးဖြတ်တောက်မှုသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ၂၀၂၃ ခုနှစ်တွင် ငွေလိမ်ဇုံနှစ်ခုသို့ ထိုင်းနိုင်ငံက လျှပ်စစ်မီးဖြတ်တောက်သည့် အရေးယူဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် Justice For Myanmar ၏ သုတေသနအသစ် အရ လက်တွေ့တွင် အဆိုပါငွေလိမ်လုပ်ငန်းကြီးများသည် ထိုင်းနိုင်ငံပိုင်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ မြန်မာစစ်တပ်နှင့် ၎င်း၏ပြည်သူ့စစ်များ၊ မိတ်ဖက်များ၏ အားပေးကူညီမှုဖြင့် ပို၍တိုးချဲ့လာခဲ့သည်ကို တွေ့ရသည်။

Justice For Myanmar က ဂြိုလ်တုဓါတ်ပုံများအား ဆန်းစစ်သုံးသပ်ရာတွင် KK Park၊ Yatai New City၊ Yulong Bay Park၊ Apollo Park၊ Huanya နှင့် Dongmei Park တို့အပါအဝင် သိရှိထားသည့် ဆိုက်ဘာငွေလိမ်ခြံကြီးများ သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း သိသိသာသာ တိုးချဲ့ကြီးထွားလာကြောင်း တွေ့ရသည်။

မင်းလက်ပံဒေသတွင်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ အမှတ်လက္ခဏာအားလုံးရှိသော ခြံအသစ်ကြီး များလည်း ပေါ်ထွက်လာသည်။

မြန်မာစစ်တပ်သည် ရာဇဝတ်ဆင့်ပွားလုပ်ငန်းကွန်ရက်ကြီး၏ ဗဟိုချက်တွင် တည်ရှိပြီး၊ မြန်မာစစ်တပ်ကွပ်ကဲမှု အောက်ရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ကိုလည်း လက်သပ်မွေး လှုပ်ရှားစေခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာစစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြဝတီမြို့နယ်အတွင်း ဆိုက်ဘာငွေလိမ်လုပ်ငန်းများ တဟုန်တိုး တိုးပွားလာခဲ့သည်။

မြန်မာစစ်တပ်နှင့် ၎င်း၏ ပြည်သူ့စစ်များသည် မြန်မာနိုင်ငံရှိ ဆိုက်ဘာငွေလိမ်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေပြီး၊ ယင်းအကျိုးအမြတ်များက ၎င်းတို့၏ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာတွင် ဘဏ္ဍာငွေထောက်ပံ့ ခဲ့သည်။

ဆိုက်ဘာငွေလိမ်လုပ်ငန်းများ၏ ပြဿနာရင်းမြစ်များအား ပစ်မှတ်ထားရန် အစိုးရများအနေဖြင့် မြန်မာစစ်တပ်၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီရင်းမြစ်များအပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို တညီတညွတ်ထဲ တိုးချဲ့ချမှတ်သင့်သည်။ မြန်မာစစ်တပ်နှင့် ၎င်းတို့၏ ရာဇဝတ်စီးပွားဂိုဏ်းအား ဖျက်သိမ်းရမည် ဖြစ်သည်။

မြန်မာစစ်တပ်နှင့် ၎င်းတို့၏ ပြည်သူ့စစ်များသည် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကျူးလွန်ရာတွင် အပြစ်ပေး အရေးယူခံရမှုမှ ကင်းလွတ်ခွင့်ကို ဟိုယခင်ကတည်းက ရရှိခဲ့ကြခြင်းဖြစ်ပြီး၊ ယင်းကို အဆုံးသတ်ရန် လိုအပ်သည်။ ထိုင်းနိုင်ငံအနေဖြင့် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များ၊ ၎င်းတို့မိသားစုဝင်များနှင့် မြန်မာစစ်တပ်အပေါ် ရာဇဝတ်ကြောင်းအရစုံစမ်းစစ်ဆေးမှုများကို တိုးချဲ့လုပ်ဆောင်သင့်ပြီး၊ အဆိုပါဒေသများ အတွင်း ဆိုက်ဘာငွေလိမ်လုပ်ငန်းများ ကြီးထွားလာအောင် အားပေးကူညီခဲ့သည့် ထိုင်းအရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းများကိုလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးသင့်သည်။

ထိုင်းနိုင်ငံအနေဖြင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများအပေါ် လျှပ်စစ်မီးနှင့် လောင်စာဆီရောင်းချမှုအား ပိတ်ပင်သည့် အရေးယူဆောင်ရွက်မှုများကို ပိုမိုတိကျစွာ ပစ်မှတ်ထားဆောင်ရွက်သင့်ပြီး၊ ဒေသခံလူထု၏ ထိခိုက်မှုကို လျော့ပါးသက်သာအောင် ဆောင်ရွက်သင့်သည်။ ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် လောင်စာဆီနှင့် လျှပ်စစ်မီးပေးပို့မှုများနှင့် တည်ရှိပြီးစွမ်းအင်ရောင်းချမှုသဘောတူစာချုပ်များကို အရေးတကြီး ပြန်လည်သုံးသပ် သင့်ပြီး၊ မည်သည့်ရောင်းချမှုများက ရာဇဝတ်လုပ်ငန်းများအား အားပေးကူညီခဲ့ကြောင်း ကိုလည်း ပွင့်လင်းမြင်သာစွာ အစီရင်ခံတင်ပြသင့်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်အုပ်စုနဲ့ ကရင်နယ်ခြားစောင့်တပ်တွေဟာ သူတို့ငွေလိမ်လုပ်ငန်းတွေကို ထိုင်းနိုင်ငံက ရုတ်တရက်ဖြိုခွင်းလိုက်တဲ့အတွက် တုန်လှုပ်ခြောက်ခြား သွားခဲ့ရပါတယ်။ သူတို့က အပြစ်ကင်းလွတ်ဖို့ တောက်လျှောက် ကြိုးပမ်းရှောင်ရှားနေတဲ့ တစ်ပြိုင်နက်တည်းမှာ နောက်ထပ်အရေးယူမှုတွေ ရှိလာမှာကိုလည်း စိုးရိမ်မကင်း ရှိနေကြပါတယ်။

ဒါပေမယ့် ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေမှာ သူတို့ရဲ့ ပါဝင်မှုအတိုင်းအတာ၊ လက်တလောနှစ်တွေအတွင်း ငွေလိမ် လုပ်ငန်းခြံကြီးတွေ ကြီးထွားထွက်ပေါ်လာနှုန်းတွေ၊ သူတို့လုပ်ငန်းတွေအပေါ် ကာကွယ်စိတ်ပြင်းပြနေတာတွေကို ကြည့်တာနဲ့ လက်တလောရေတိုဖြေရှင်းမှုလောက်နဲ့ သူတို့ကို တရားမျှတမှုလုပ်ငန်းစဉ်ကနေ ကင်းလွတ်ခွင့် ပေးလို့ မရကြောင်း ဖော်ပြနေပါတယ်။

မြန်မာစစ်အုပ်စုက ငွေလိမ်လုပ်ငန်းကြီးတွေမှာ အဓိကပါဝင်ပတ်သက်သူနဲ့ အကျိုးခံစားခွင့်ရရှိသူ ဖြစ်ပါတယ်။ ရတဲ့အကျိုးအမြတ်တွေနဲ့ မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုလုပ်ငန်းတွေမှာ ငွေကြေး ထောက်ပံ့နေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံပိုင်ကုမ္ပဏီတွေရဲ့ ပါဝင်ပတ်သက်မှုတွေ၊ လျှပ်စစ်မီးနဲ့ လောင်စာဆီရောင်းချမှုတွေကနေ အကျိုးအမြတ် ရရှိကြတဲ့ အကျင့်ပျက်အရာရှိဝန်ထမ်းတွေကြောင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေ တိုးပွားလာမှုကို အကူအညီ ဖြစ်စေခဲ့ပါတယ်။

ဒီလုပ်ငန်းတွေ ကြီးထွားလာအောင် ခွင့်ပြုပေးခဲ့တဲ့ ပြဿနာတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စု၊ နယ်ခြား စောင့်တပ်တွေနဲ့ ကြံရာပါမိတ်ဖက်တွေကိစ္စကို ဖြေရှင်းခြင်းမရှိရင် ဘယ်လိုဖြိုခွင်းမှုပဲဖြစ်ဖြစ် ဒီငွေလိမ်လုပ်ငန်း တွေက နေရာပြောင်းလုပ်ဆောင်နေမှာဖြစ်ပြီး၊ အမြစ်ဖြတ်နိုင်မှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

ပိုမိုသိရှိရန်

မြဝတီရှိ ဆိုက်ဘာငွေလိမ်လုပ်ငန်းများ တိုးချဲ့မှုအပေါ် အားပေးကူညီခဲ့သူများအကြောင်း ကျွန်ုပ်တို့၏ အစီရင်ခံစာကို ဖတ်ရှုရန် https://shorturl.at/Y9sqs

ကရင်နယ်ခြားစောင့်တပ်၏ ရာဇဝတ်စီးပွားကွန်ရက်အကြောင်း ကျွန်ုပ်တို့၏ အစီရင်ခံစာကို ဖတ်ရှုရန် https://shorturl.at/n0enX


pdf ဖိုင် ရယူရန် in Myanmar | English

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia