ခင်ဘုန်းမို့
အညာဒေသရဲ့တစ်နေရာမှာ သပြေပန်းတွေခေါင်းမှာပန်ပြီး သပိတ်ထွက်လာကြတဲ့ အမျိုးသမီးတွေဟာ အားမာန် အပြည့်နဲ့ ကြွေးကြော်သံတွေဟစ်ကြွေးနေကြပါတယ်။
သပိတ်စစ်ကြောင်းရဲ့ လမ်းကြောင်းအတိုင်း ခပ်သွက်သွက်လျှောက်ကာ အနောက်ဘက် ခပ်လှမ်းလှမ်းကနေ အမျိုးသမီးငယ်တစ်ဦးဟာ သပိတ်စစ်ကြောင်းရဲ့ ပုံရိပ်တွေကို ဖုန်းတစ်လုံးနဲ့ မှတ်တမ်းယူနေခဲ့ပါတယ်။
အဲဒီအမျိုးသမီးကတော့ အသက် (၂၄) နှစ်အရွယ် မငြိမ်းချမ်းစုကြည်ဖြစ်ပါတယ်။ လက်ရှိမှာ အညာဒေသရဲ့ သတင်းတွေ အဓိကတင်ဆက်နေတဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ မြေလတ်အသံသတင်းဌာနမှာ သတင်းထောက် ငြိမ်းချမ်းမေ(ကလောင်)နဲ့ လုပ်ကိုင်နေပါတယ်။
သူဟာ သတင်းထောက်အဖြစ် မလုပ်ကိုင်ခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လုပ်ငန်းအဖွဲ့မှာ ပါဝင်လုပ် ကိုင်ခဲ့သူဖြစ်ပါတယ်။
စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်ပွားတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို တိမ်းရှောင်ကာ လွတ်မြောက်နယ်မြေကို ထွက်ခွာခဲ့ရပါတယ်။ အဲဒီနောက် အညာကိုရောက်ရှိလာပြီး ၂၀၂၂ ခုနှစ်လောက်ကစတင်ကာ သတင်းထောက် အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။
သူဟာစစ်အာဏာသိမ်းပြီးနောက် အညာဒေသမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကိုရေးသား ထုတ်ဖော်ချင် တဲ့စိတ်ကြောင့် သတင်းသမားအလုပ်ကို ရွေးချယ်ဖြစ်ခဲ့တာလို့ဆက်ပြောပါတယ်။
ပဋိပက္ခဖြစ်တဲ့ဒေသမှာ သတင်းသမားအဖြစ်လုပ်ကိုင်ရတာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ သတင်းသမားဖြစ်ကြောင်း သိသာထင်ရှားစွာနေထိုင်လို့ မရသလို လုံခြုံရေးကိုလည်းဂရုစိုက်ရပါတယ်။
“ဒေသတွင်းတွေမှာ မီဒီယာကဏ္ဍရဲ့ အရေးပါမှု မီဒီယာသမားတွေရဲ့ အသုံးဝင်မှုတွေ အဲ့ဒါတွေကို သူတို့မသိ ကြဘူး။ မသိကြတာဖြစ်တဲ့အတွက် တချို့အရာတွေမှာ မီဒီယာသမားတယောက်အနေနဲ့ မေးမြန်းတဲ့ မေးခွန်းတွေ ကို သူတို့နားလည်မှုလွဲပြီး sensitive (အထိမခံနိုင်) ဖြစ်သွားတဲ့ အနေအထားမျိုးတွေလည်း ကြုံဖူးတယ်”လို့ မငြိမ်းချမ်းစုကြည်က သူ့အတွေ့အကြုံကိုပြောပြပါတယ်။
အန္တရာယ်များတဲ့ အလုပ်ဖြစ်ပေမယ့်လည်း အမှန်တရားကို ထုတ်ဖော်ခွင့်ဆိုတဲ့ အချက်ကြောင့် ဒီအလုပ်ကို ဆက် လုပ်ဖြစ်နေတာဖြစ်သလို အညာဒေသမှာဖြစ်နေတဲ့အကြောင်းအရာတွေ၊ အခင်းအကျင်းတွေကို အညာဒေသက လူတွေတင်မကဘဲ တခြားဒေသကလူတွေကို သိစေချင်တဲ့အတွက် ထုတ်ဖော်ရေးသားဖြစ်နေတာလို့ဆိုပါတယ်။
“စစ်ရာဇဝတ်မှုတွေ ကြုံတွေ့နေရတာအများကြီး ဒါပေမယ့် မီဒီယာပေါ်မှာ ဖော်ပြခံရတာတော့နည်းတယ်။ နည်းပါးတာဖြစ်တဲ့အတွက် အညာမှာဖြစ်နေတာတွေကို အကုန်လုံးလည်းသိစေချင်တယ်။ အဲဒီအရာတွေကတွန်း အားပါ”လို့ မငြိမ်းချမ်းစုကြည်ကပြောပါတယ်။
လက်ရှိမှာတော့ စစ်ရေးသတင်းတွေ အဓိကရေးသားနေသလို သတင်းဆောင်းပါးတွေ၊ သတင်းဓာတ်ပုံတွေလည်း ရိုက်ကူးနေပါတယ်။
“ကိုယ်ပြောချင်တာတွေ၊ သိစေချင်တာတွေကို သတင်းတပုဒ်ကနေ ပြည်သူတွေသိသွားတယ်။ ဒီသတင်းတပုဒ်ကို ဖတ်ပြီး ဒီမှာတော့ ဒီလိုဖြစ်နေပါလားဆိုပြီး အကြောင်းအရာတစ်ခုကို သေသေချာချာသိသွားတာမျိုးတွေက စိတ်ကျေနပ်မှုရရှိပါတယ်”လို့သူကပြောပါတယ်။
စစ်ရေးသတင်းတွေ၊ သေကြေပျက်စီးမှုသတင်းတွေနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ အစောပိုင်းကာလတွေတုန်းကဆို ဆိုးဝါးတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
စစ်ပဋိပက္ခဒေသဖြစ်တဲ့အတွက် ပုံမှန်အခြေအနေတွေထက်ဆိုးတဲ့ သေကြေပျက်စီးမှုသတင်းတွေနဲ့ ထိတွေ့ရတာ ဖြစ်ပါတယ်။
အစပိုင်းကာလတွေမှာ ဒီသတင်းဖြစ်ရပ်တွေနဲ့ နေ့စဉ်ထိတွေ့ရတဲ့အတွက် ညဘက်တွေအိပ်မပျော်တာ၊ မျက်လုံး ထဲ ခဏခဏပြန်မြင်နေတာမျိုး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
“နောက်ပိုင်းကာလတော့ မျက်လုံးထဲရိုးသွားတဲ့ အနေအထားပေါ့။ တခါတလေ စိတ်အရမ်း အဆင်မပြေနေတဲ့ အခြေအနေတွေ စိတ်ဓာတ်အောက်ဆုံးကျခဲ့တဲ့ အခြေအနေတွေမှာ အဲဒီအရာတွေက ခြောက်လှန့်နေတုန်းပါ ပဲ”လို့ သူ့ခံစားချက်ကိုပြောပြခဲ့ပါတယ်။
တော်လှန်ရေးမှာမီဒီယာရဲ့ အခန်းကဏ္ဍကရှိကိုရှိနေတယ်လို့ မငြိမ်းချမ်းမေက ယုံကြည်ထားပါတယ်။
“ဘာလို့လဲဆို ၈၈ နဲ့ အခုဖြစ်နေတဲ့ လက်ရှိအခြေအနေနဲ့ယှဉ်ကြည့်ရင်တောင် ၈၈မှာ မီဒီယာရဲ့ အခန်းကဏ္ဍကအခု လောက် အားမကောင်းခဲ့သေးတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခံရတဲ့ဟာတွေဆို သေချာမသိရဘူး။ ဒါပေမယ့် အခုမီဒီယာရဲ့အခန်းကဏ္ဍတွေရော တခြားသောဖြစ်စဉ်တွေကို ထုတ်ဖော်ပြသတဲ့နေရာမှာ မျိုးစုံတဲ့ ထုတ်ဖော် ပြသမှုတွေ ပိုပြီးကျယ်ပြန့်လာတော့ ပြည်သူတွေဆီကို တိုက်ရိုက်ရောက်လာတယ်”လို့ သုံးသပ်ခဲ့ပါတယ်။
သူကိုယ်တိုင်လည်း LGBT တစ်ဦးဖြစ်တဲ့အတွက် ရှေးရိုးစွဲအယူအဆတွေနဲ့ ရင်ဆိုင်နေရပါတယ်။
LGBT တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုတဲ့အခါ မေးခွန်းတွေအများကြီးမေးတာမျိုးတွေ၊ ကိုယ့်ဖြစ်တည်မှုကို လက်မခံနိုင်သူတွေက ဖယ်ကြဉ်တာမျိုးတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
လက်ရှိမှာ အညာဒေသကိုရောက်နေတာဖြစ်တဲ့အတွက် LGBT ဖြစ်တည်မှုနဲ့ ပတ်သက်ပြီးအမြင်တွေ ပွင့်လင်းမှု မရှိသေးပါဘူး။
အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ ဖြစ်တည်မှုကြောင့် လုပ်ငန်းခွင်ထဲမှာတော့ ခွဲခြားဆက်ဆံမှုတွေ မကြုံရပေမယ့်ပြင်ပ အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါ ခွဲခြားဆက်ဆံမှုတချို့နဲ့ ကြုံတွေ့ရတာတွေရှိတယ်လို့ဆိုပါတယ်။
“အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါမှာနည်းနည်းတော့ သူတို့အမြင်ကတမျိုးပေါ့။ သူတို့ထုတ်မပြောပေမယ့် ခံစား မိတဲ့ ခံစားချက်တွေတော့ရှိတယ်။ အမျိုးသမီးမို့လို့ လုပ်နိုင်ပါ့မလား။ ဟုတ်ရောဟုတ်ရဲ့လား။ တချို့တွေကမိန်းမ ဆိုရင်သူတို့ထက် တဆင့်နိမ့်ပြီလို့ အတွေးအခေါ်ရှိတဲ့လူတွေနဲ့ဆို အဲ့လိုကြုံရပါတယ်”လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ခွဲခြားဆက်ဆံခံရတဲ့အခါ အရင်တုန်းကတော့ ဒေါသထွက်ပေမယ့် နောက်ပိုင်းမှာတော့ သည်းခံပြီးကျော်ဖြတ် နေတယ်လို့ဆိုပါတယ်။
“သူတို့ရဲ့တွေးခေါ်နိုင်မှုတွေ၊ သူတို့ရဲ့အမြင်တွေ၊ သူတို့ရဲ့အတွေးတွေက ဘောင်လေးတစ်ခုထဲမှာပဲရှိနေတယ်။ ဘောင်လေးတစ်ခုထဲက ကျော်ဖြတ်ပြီးတော့ တွေးနိုင်မှာမဟုတ်ဘူး။ ကိုယ့်ဟာကိုပဲ သည်းခံပြီးနေလိုက်တာများ တယ်။ အရမ်းတရားလွန်ကြီး ကိုယ့်ကိုပစ်မှတ်ထားပြီး ပြဿနာရှာလာရင်တော့ သည်းမခံဘူး” လို့ပြောပါတယ်။
အာဏာသိမ်းမှုပြီးနောက်ပိုင်းမှာ အမျိုးသမီးနဲ့ LGBT တွေအပေါ်ခွဲခြားမှုတွေ တချို့နေရာတွေမှာ ပြောင်းလဲသွား တာမျိုးရှိပေမယ့် တချို့နေရာတွေမှာကတော့ ရှေးရိုးစွဲတဲ့ အတွေးတွေကျန်ရှိနေတုန်းပါပဲ။
အမျိုးသမီးတွေအပေါ် အမျိုးသမီးတွေကိုယ်တိုင်က ဖိနှိပ်တဲ့အနေအထားတွေကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့ရ တာတွေလည်းရှိပါတယ်။
“အဲဒီလိုအရာတွေကို အမျိုးသမီးတွေကိုယ်တိုင်မတွန်းလှန်နိုင်တဲ့အနေအထား၊ကျနော်လည်း အတတ်နိုင်ဆုံးတော့ အသိပညာပေးနိုင်ဖို့တွေ ကြိုးစားပါတယ်။ ဒါပေမယ့် ကြိုးစားလွန်ပြီး နောက်ပိုင်းကျ ရွာပြင်ထုတ်ခံရတဲ့အနေ အထားမျိုးတွေရှိလာတယ်”လို့ သူ့အတွေ့အကြုံကိုပြောပြပါတယ်။
ရန်ကုန်မှာမွေးပြီး မိသားစုက နိုင်ငံရေးပါတီအသိုင်းအဝိုင်းနဲ့ ဆက်စပ်နေသူတွေဖြစ်တဲ့အတွက် ငယ်စဉ်ကတည်း ကပါတီရုံးတွေမှာပဲ ကြီးပြင်းခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ပါတီကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေကို အမြဲ လာရောက်သတင်းယူကြတဲ့ သတင်းသမားတွေကို ကြည့်ပြီး ငယ်စဉ်ကတည်းက သတင်းထောက်တစ်ဦး ဖြစ်ချင် ခဲ့တာလို့ဆိုပါတယ်။
လက်ရှိမှာလည်း မတရားမှုတွေကို ကလောင်တလက်နဲ့ ဖော်ထုတ်ကာ ဖိနှိပ်မှုတွေမရှိမယ့် အနာဂတ်အတွက် ကြိုးစားနေပါတယ်။
“ကျနော်တို့ လက်ရှိတိုက်နေမှုတွေက အနာဂတ်မျိုးဆက်တွေအတွက် သမိုင်းတစ်ခုပေါ့။ အခုလုပ်ကိုင်နေတာတွေ ကသမိုင်းတစ်ခုပါပဲ။ နောင်တချိန်ကျရင် ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုတွေ အဲဒီအရာတွေ မရှိနိုင်တော့ဘူးလို့ မျှော် လင့်ပါတယ်”လို့မငြိမ်းချမ်းမေကဆိုပါတယ်။
တော်လှန်ရေးကြီးပြီးတဲ့ အချိန်မှာတော့ ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံတွေရိုက်၊ ခရီးတွေထွက်ချင်တာက သူ့ရဲ့ ဆန္ဒ ပါပဲ။