ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်းလျှောက်ထားရန် ထိုင်းအစိုးရအား တိုက်တွန်း

25 February 2025

ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်းလျှောက်ထားရန် ထိုင်းအစိုးရအား တိုက်တွန်း

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်သော စောချစ်သူ (အမည်ရင်း စံမြင့်)၊ တင်ဝင်းနှင့် မုတ်သုန်တို့ သုံးဦးအား လူကုန်ကူးမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ဖမ်းဝရမ်းထုတ်နိုင်ရန် လုပ်ဆောင်နေကြောင်း သတင်းများကို Justice For Myanmar က ကြိုဆိုပါသည်။

ထိုင်းအစိုးရအနေဖြင့် ယင်းလုပ်ငန်းစဉ်ကို အမြန်လုပ်ဆောင်ရန်နှင့် တရားရုံးတွင် အဆိုပါ ဖမ်းဝရမ်းများကို လျှောက်ထားရန် ကျွန်ုပ်တို့ တိုက်တွန်းအပ်သည်။ ယင်းဖမ်းဝရမ်းများ ထုတ်ပေးမှုသည် ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင်များ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဖြေရှင်းရာတွင် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်လာမည် ဖြစ်သည်။

နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းလုပ်ငန်းများအား အလျင်အမြန်နှိပ်ကွပ်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ ဖိအားများ မြင့်တက်လာနေပြီဖြစ်ရာ ဖမ်းဝရမ်းလျှောက်ထားမှုကိုလည်း လိုက်ပါလုပ်ဆောင်ရမည် ဖြစ်သည်။ ထိုင်းနိုင်ငံသည် ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးများတည်ရှိရာ မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်ဖြတ်တောက်မှုများကို မကြာသေးမီက လုပ်ဆောင်ထားသည်။

မကြာမီရက်ပိုင်းအတွင်းက ငွေလိမ်ခြံကြီးများအတွင်း ပိတ်မိနေခဲ့ကြသည့် ရာနှင့်ချီသော အလုပ်သမား များကို ထိုင်းနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ထိုင်းနိုင်ငံက ကြိုဆိုလက်ခံပေးခဲ့သည်။ သို့ရာတွင် စိုးရိမ် ပူပန်နေကြသည့် သက်ဆိုင်သူများအနေဖြင့် ယင်းလုပ်ငန်းတစ်ရပ်လုံးကို အပြီးတိုင် ဖျက်သိမ်းနိုင်ရေး အတွက် ဆက်လက်တွန်းအားပေးနေဆဲ ဖြစ်ပါသည်။ အပြစ်ရှိသူများအား တရားစွဲဆိုခြင်းသည် အဓိက လုပ်ဆောင်ရမည့်အခန်းကဏ္ဍဖြစ်ပြီး၊ ယင်းအတွက် ဖမ်းဝရမ်းများသည် နောက်တစ်ဆင့် အနေဖြင့် ယခုလုပ်ဆောင်ရမည့် ခြေလှမ်းဖြစ်ပါသည်။

ဆိုက်ဘာငွေလိမ်လုပ်ငန်းနယ်ပယ်တွင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့၏ ပါဝင်ပတ်သက်မှု အတိမ်အနက်ထုထည်သည် အခြေအနေများငြိမ်သက်သွားရုံ ရေတိုလုပ်ဆောင်ပြမှုလောက်ဖြင့် ၎င်းတို့အား တရားစီရင်မှုမှ လွတ်မြောက်ခွင့်မပေးသင့်ကြောင်း ပြသနေပါသည်။

၂၀၂၄ ခုနှစ် Justice For Myanmar ၏ အစီရင်ခံစာတစ်စောင်တွင် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်များနှင့် မိသားစုဝင်များအနေဖြင့် မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းများတွင် တိုက်ရိုက် ပိုင်ဆိုင်မှု၊ အခွန်၊ လုံခြုံရေး၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှုနှင့် လူသုံးကုန်ရောင်းချမှုများမှတဆင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းမှ အကျိုးအမြတ်များ ရရှိနေပုံကို ဖော်ထုတ်ထားသည်။

ချစ်သူနှင့် သားသမီးများသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီ ၉ ခုတွင် စုပေါင်းပိုင်ဆိုင်ထားကြပြီး၊ ရာဇဝတ်လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေသည်။ ယင်းမိသားစု၏ ပိုင်ဆိုင်မှုများတွင် Myanmar Apolo International Investment Company Limited (Apollo Park) နှင့် Yulong Bay Resort Tourism Development Company Limited (Yulong Bay Park) တို့မှတဆင့် အနည်းဆုံးအနေဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံကြီးနှစ်ခုတွင် ရှယ်ယာများလည်း ပါဝင်သည်။

တင်ဝင်းသည် ကရင်နယ်ခြားစောင့်တပ်ကုမ္ပဏီများဖြစ်ကြသည့် Shwe Myint Thaung Yinn Holdings Limited နှင့် Shwe Myint Thaung Yinn Industry & Manufacturing Company Limited တို့ကို ၎င်း၏ ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်းနှင့် ပူးတွဲထိန်းချုပ်ထားသည်။ Shwe Myint Thaung Yinn Industry & Manufacturing Company Limited သည် ထိုင်းနိုင်ငံပိုင် ခရိုင်လျှပ်စစ်အာဏာပိုင် အဖွဲ့ (PEA) ထံမှ စွမ်းအင်တင်သွင်းရန် စာချုပ်ချုပ်ဆိုထားပြီး၊ မြဝတီမြို့နယ်အတွင်းရှိ ဆိုက်ဘာငွေလိမ်စင်တာများနှင့် အွန်လိုင်းကာစီနို လုပ်ငန်းများကို လျှပ်စစ်စွမ်းအင် ပေးအပ်လျက်ရှိသည်။

ရွှေမြစ်သောင်ရင်းကုမ္ပဏီသည် PTT ထံမှ ရေနံများကိုလည်း ဝယ်ယူရောင်းချမှု လုပ်သည်။ ယင်းက ထိုင်းနိုင်ငံပိုင်လုပ်ငန်းစုကြီးအား ၎င်းတို့၏ ရာဇဝတ်လုပ်ငန်းများတွင် ကြံရာပါ ပတ်သက်စေသည်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင်သုံးဦးအား ဖမ်းဝရမ်းထုတ်ခြင်းအပြင် ထိုင်းအာဏာပိုင်များ အနေဖြင့် ၎င်းတို့၏ မိသားစုဝင်များ၊ စီးပွားမိတ်ဖက်များ၊ နယ်ခြားစောင့်တပ်ဖွဲ့၏ မြန်မာစစ်တပ်မှ တပ်မှူးများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများကို အားပေးကူညီပြီး အကျိုးအမြတ်ရရှိနေကြသည့် ထိုင်းကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ရာဇဝတ်ဆိုင်ရာတရားစွဲဆိုမှုများ တိုးချဲ့လုပ်ဆောင်သင့် သည်။

မြန်မာစစ်တပ်အား ဖျက်သိမ်းရန်လိုအပ်

မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုကို လုပ်ဆောင်ခဲ့သည်။ ယင်းစစ်တပ်သည် ဒေသတွင်း ဆိုက်ဘာငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှု များကို အဓိကအားပေးကူညီနေသူဖြစ်သည်။ မြန်မာစစ်တပ်နှင့် ယင်း၏ ရာဇဝတ်စီးပွားဂိုဏ်းအား ဖျက်သိမ်းခြင်း မရှိသ၍ ရာဇဝတ်ဂိုဏ်းလုပ်ငန်းများကို အမြစ်ဖြတ်နိုင်မည် မဟုတ်ပေ။

မြန်မာစစ်တပ်သည် ရာဇဝတ်စီးပွားလုပ်ငန်းကွန်ရက်ကြီးတစ်ခုကို လည်ပတ်လုပ်ကိုင်နေပြီး၊ ကရင်နယ်ခြားစောင့်တပ်နှင့် ယင်း၏ ရာဇဝတ်လုပ်ငန်းကြီးများကို လက်သပ်မွေးထားသည်။ ကရင်နယ်ခြားစောင့်တပ်သည် မြန်မာစစ်တပ်၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် ရှိသည်။ ယင်းတို့ ပူးပေါင်း၍ ၎င်းတို့ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် ဘဏ္ဍငွေ ရှာဖွေပေးသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်း ကွန်ရက်တစ်ခုအဖြစ် လည်ပတ်လျှက်ရှိသည်။

ထို့ကြောင့် ဆိုက်ဘာငွေလိမ်လုပ်ငန်းများအား ဖြေရှင်းရန် နိုင်ငံတကာအရေးယူဆောင်ရွက်ချက်များက ပိုမိုဖြန့်ကြက်စဉ်းစားပြီး မြန်မာစစ်တပ်အား ပစ်မှတ်ထားရမည်ဖြစ်သည်။ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆိုထားသည့်အတိုင်း မြန်မာစစ်တပ်၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီ ရရှိနေမှုများအား ဖြတ်တောက်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံစေခြင်းတို့ကို လုပ်ဆောင်ရမည်။

စစ်တပ်သည် မြန်မာဥပဒေအရသာမက နိုင်ငံတကာဥပဒေတွင် ဖွင့်ဆိုချက်များအရပါ အကြမ်းဖက်အဖွဲ့ တစ်ရပ် ဖြစ်သည်။

စစ်တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အာဆီယံသည် စစ်အုပ်စုအတွက် မှားယွင်းသော နိုင်ငံရေးတရားဝင်မှု ပေးအပ်ခဲ့ပြီး၊ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က နိုင်ငံတကာ ရာဇဝတ်မှုများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို အပြစ်ကင်းလွတ်စွာ ကျူးလွန်နေကြချိန် ၎င်းတို့အား ထောက်လှမ်းရေးအချက်အလက်နှင့် လေ့ကျင့်သင်ကြားမှုများကို လုပ်ဆောင်ပေးခဲ့သည်။

စစ်အုပ်စုအား အာဆီယံ၏ နိုင်ငံရေးတရားဝင်မှုပေးအပ်ခြင်းသည် ယင်းရာဇဝတ်စီးပွားဂိုဏ်းအား ပိုမိုရဲတင်းစေရုံသာမက၊ နိုင်ငံတကာဥပဒေသက်ရောက်မှုများအား ကျော်လွှားရှောင်တိမ်းနိုင်သည့် နည်းလမ်းများပေးအပ်ခြင်းဖြင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများအပေါ် နိုင်ငံတကာတုန့်ပြန်မှုများ ကိုလည်း ထိခိုက်စေခဲ့သည်။

ထို့ကြောင့် အရေးယူဆောင်ရွက်မှုများတွင် စစ်အုပ်စုအား အင်တာပိုနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဖယ်ထုတ်ရေးလည်း ပါဝင်ရမည် ဖြစ်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေအပေါ် DSI က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေခြင်းက အပေါင်းလက္ခဏာ ဆောင်ပါတယ်။ အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှုပေးနိုင်ဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေ၊ လူကုန်ကူးမှုတွေရဲ့ အကြောင်းရင်းမြစ် ဖြစ်တဲ့ မြန်မာစစ်တပ်ကိစ္စကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုပါတယ်။ မြန်မာစစ်တပ်က မြန်မာပြည်သူတွေအပေါ် သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်ပြီးကျူးလွန်ဖို့ ဘဏ္ဍာငွေ လိုအပ်နေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု ဆက်လက်ပေးအပ်နေသ၍၊ သဘာဝဓါတ်ငွေ့ ဝယ်ယူမှုကနေတဆင့် စစ်အုပ်စုကို ဘဏ္ဍာငွေအသက်သွေးကြော ပေးအပ်နေသ၍ ဆိုက်ဘာငွေလိမ်မှု တွေနဲ့ လူကုန်ကူးမှုတွေ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။

မြန်မာ့အိမ်နီးချင်းဖြစ်တဲ့အပြင် အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ စစ်အုပ်စုအပေါ် ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ဖို့၊ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ လေယာဉ်ဆီ ရရှိနေတာတွေကို ဖြတ်တောက်ပစ်ပြီး မြန်မာနိုင်ငံတွင်း အကျပ်အတည်းနဲ့ ဆိုက်ဘာငွေလိမ်မှု ဘေးဆိုးတွေကို တုန့်ပြန်ဖြေရှင်းဖို့ ရှင်းလင်းတဲ့ တာဝန်ဝတ္တရားတစ်ရပ် ရှိပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ကရင်နယ်ခြားစောင့်တပ်မိသားစုဝင်တွေ၊ သူတို့ရဲ့ စစ်အုပ်စုတပ်မှူးတွေ၊ မြန်မာနဲ့ထိုင်းနိုင်ငံအတွင်း သူတို့မိတ်ဖက်တွေကို ဖမ်းဝရမ်းတွေထုတ်ပြီး လူကုန်ကူးမှုတွေအပေါ် အရေးယူဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပိုမိုသိရှိရန်

ကရင်နယ်ခြားစောင့်တပ်၏ ရာဇဝတ်စီးပွားကွန်ရက်အကြောင်း ကျွန်ုပ်တို့၏ အစီရင်ခံစာကို ဖတ်ရှုရန် https://shorturl.at/KsM7a


pdf ဖိုင် ရယူရန် in English | Myanmar

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia