21 February 2025
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UN Human Rights Council – UNHRC) အနေနဲ့ မြန်မာ့အရေးမှာ စစ်ကောင်စီကို အရေးယူမှုတွေအတွက် အဓိပ္ပါယ်ပြည့်ဝ ခိုင်မာအားကောင်းတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးဖို့ ဒေသတွင်းနဲ့ နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၂၁ ဖွဲ့က အိတ်ဖွင့်ပေးစာတစ်ရပ်နဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC) အနေနဲ့ အဓိက အချက်ကြီး ၄ချက်နဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ အပါအဝင် အသိအမှတ်မပြုရေးကိစ္စရပ်တွေကို ကုလနဲ့ နိုင်ငံတကာထံ မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပြီး တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ မှန်သမျှကို ခြွင်းချက်မရှိ ငြင်းပယ်ရန်၊ မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံအားပေးရန် နဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့်ပိတ်ပင်ခြင်းနဲ့ လောင်စာဆီအား ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရရှိစေရေး ဖြစ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ တရားမျှတမှု ဖော်ဆောင်ပေးဖို့ တိုက်တွန်းတောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာမှာ အလေးပေး ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ နယ်မြေအများစုကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ အခုနှစ် (သို့) လာမယ့် နှစ်တွေမှာ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ဖက်ဒရယ်ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ဆိတ်သုဉ်းသွားစေဖို့၊ ဆက်လက် အာဏာရယူဖို့၊ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆိုးကို နောက်ထပ်တစ်ကြိမ် တရားဝင်မှုပြုလုပ်ဖို့နဲ့ ပုံမှန်အခြေအနေပြန်ရောက်ပြီးတဲ့ ပုံစံအဖြစ် သွတ်သွင်းရဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် ပြီးခဲ့တဲ့နှစ်အတွင်း ပြုလုပ်တဲ့ အတုအယောင် သန်းခေါင်စာရင်း ကောက်ယူမှုမှာ ပြည်သူတွေပါဝင်အောင် လက်နက်ကိုင်တွေကို အသုံးပြု ခြိမ်းခြောက်ခြင်းကဲ့သို့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကိုလည်း ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် UNHRC အနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေမှန်သမျှကို ခြွင်းချက်မရှိ ငြင်းပယ်ကန့်ကွက်ရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာပြည်သူတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ တိုင်းရင်းသားကောင်စီတွေ အပါအဝင် ဖက်ဒရယ်ယူနစ်တွေကတစ်ဆင့် ဒေသခံအုပ်ချုပ်ရေး အစိုးရတွေ တည်ထောင်ခြင်း၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၊ ကျားမတန်းတူညီမျှမှု၊ လူနည်းစုအခွင့်အရေးဆိုင်ရာမူဝါဒတွေရေးဆွဲခြင်းနဲ့ ပညာရေး၊ ကျန်းမာရေး အပါအဝင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေကို ဆက်တိုက်လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုထားပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေဟာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီကို အောက်ခြေကနေ အထက်သို့ ဦးတည်လုပ်ဆောင်နေတာဖြစ်ပြီး တည်ငြိမ်အေးချမ်းတဲ့နိုင်ငံတစ်ခု ဖြစ်ပေါ်လာဖို့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကြားထဲကနေ အားစိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ စဉ်ဆက်မပြတ် အကြမ်းဖက် တိုက်ခိုက်မှုတွေ ခံနေရချိန်မှာတောင် အားလုံးပါဝင်မှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ဖို့ ပြည်သူတွေ မမောမပန်း အားထုတ်မှုနဲ့ တိုင်းဆမရနိုင်တဲ့ စတေးမှုတွေကို UNHRC အနေနဲ့ ခိုင်ခိုင်မာမာ အားပေးထောက်ခံ အသိအမှတ်ပြုဖို့ အရေးတကြီးလိုအပ်တယ်လို့လည်း ဆိုပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခု တည်ထောင်နိုင်ရေး လုပ်ဆောင်နေစဉ် NUG ကို မြန်မာနိုင်ငံရဲ့ လတ်တလော တရားဝင်ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုပြီး NUG ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုဖို့နဲ့ ထောက်ခံပံ့ပိုးပေးရဖို့ UNHRC ကို ထပ်လောင်းတိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။
စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်အုပ်စုဟာ မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု၊ ဥပဒေမဲ့သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမ အခြေပြု အကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အစုလိုက်အပြုံလိုက် ဥပဒေမဲ့ဖမ်းဆီးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုတွေကို အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ လူဦးရေ ၂၈,၆၀၀ ယောက်ကို တရားလက်လွှတ်ဖမ်းဆီးခြင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂,၂၀၀ ကျော်အပါအဝင် လူဦးရေ ၆,၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၃၁၀ ကျော်ကို ကျူးလွန်ထားတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့အထိ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၃.၅ သန်းကျော် ရှိပြီဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ လူဦးရေ ၁၄၂,၈၀၀ ဟာ မြန်မာနိုင်ငံကနေ အာရှပစိဖိတ်ဒေသတွင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ (၂) နှစ်တာကာလအတွင်း စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေနဲ့ အခြေခံအဆောက်အအုံတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (Internally displaced person – IDP) စခန်းတွေ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေနဲ့ သာသနိကနယ်မြေတွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှု ၂,၅၀၄ ကြိမ် ပြုလုပ်ခဲ့ပြီ ပျမ်းမျှအားဖြင့် တစ်ရက်ကို လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်နှုန်းခန့် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ၂၀၂၃ ခုနှစ်ကစတင်ကာ အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ပြစ်ဒဏ်ပေး အရေးယူခံရခြင်းကနေ လက်ရှိအချိန်အထိ ကင်းလွတ်နေပြီး အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်ဆောင်ရွက်နေတာကြောင့် UNHRC အနေနဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင်မှုနဲ့ ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုတွေကို လုပ်ဆောင်ခြင်းအားဖြင့် မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တင်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုကို လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနဲ့ အခြားသော စစ်ဘက်ဆိုင်ရာအသုံးအဆောင်တွေကို ပို့ဆောင်၊ ရောင်းချ သို့မဟုတ် လွှဲပြောင်းပေးနေခြင်းတွေဟာ နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သောရာဇဝတ်မှုတွေနဲ့ အခြားသောရာဇဝတ်မှုတွေကို အထောက်အပံ့ ပေးနေခြင်းနဲ့ အားပေးကူညီနေခြင်းလည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာအနေနဲ့ နိုင်ငံတစ်ဝန်းက အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်အုပ်စုရဲ့ လုပ်ဆောင်နိုင်စွမ်းကို လျှော့ချဖို့အတွက် စစ်ရေးအရအသုံးပြုတဲ့ လေယာဉ်ဆီ ထောက်ပံ့ခြင်းကို ပိတ်ဆို့အရေးယူဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ဆို့မှုတစ်ရပ်ကို ချမှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။
ဒါ့ကြောင့် UNHRC အနေနဲ့ အောက်မှအထက်သို့ဦးတည်ကာ ဖက်ဒရယ်ဒီမိုကရေစီကို အုတ်မြစ်ချဖို့ ပြည်သူတွေရဲ့ အားထုတ်ကြိုးပမ်းမှုနဲ့အတူ “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ အားလုံးပါဝင်မှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဒီမိုကရေစီနှင့် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းလာရေး မျှော်မှန်းချက်များ” ကို အပြည့်အဝ ထောက်ခံပံ့ပိုးပေးသွားဖို့ အလေးအနက်တိုက်တွန်းကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.