20 February 2025
သို့
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူနိုင်ငံများ
မိတ္တူ –
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်
ရက်စွဲ။ ။၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ ရက်
အိတ်ဖွင့်ပေးစာ။ ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေဖြင့် လူ့အခွင့်အရေးကို ကာကွယ်မည့် အနာဂတ်အား တည်ဆောက်နေသည့် မြန်မာပြည်သူလူထု၏ ကြိုးပမ်းအားထုတ်မှု များကို ပံ့ပိုးရန်အတွက် ခိုင်မာသောလုပ်ဆောင်ချက် ချမှတ်လုပ်ဆောင်ရမည်။
လေးစားရပါသော ဂုဏ်သရေရှိလူကြီးမင်းများရှင့်/ခင်ဗျား
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ(UN Human Rights Council – UNHRC) အနေဖြင့် ၎င်း၏ ၅၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးကို ကာကွယ်ပေးသော၊ ၎င်းတို့၏ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးသော၊ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့် အခြားရက်စက်ကြမ်းကြုတ်မှုများကို စစ်အုပ်စုအား ဆက်လက်ကျူးလွန် နိုင်စေသည်များကို ဟန့်တားပေးသော၊ ဖြစ်နိုင်သော လမ်းကြောင်းအားလုံး မှတစ်ဆင့် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေး မြှင့်တင်လုပ်ဆောင်သော အဓိပ္ပါယ်ပြည့်ဝ ခိုင်မာအားကောင်းသည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးရန် အောက်တွင်လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာအရပ်ဘက်လူထုအဖွဲ့အစည်း ၁၂၁ ဖွဲ့တို့က တောင်းဆိုလိုက်သည်။
စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ဆိုးရွားပြင်းထန်သော အကြမ်းဖက်မှုများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို အသိအမှတ်ပြုဖော်ပြထားသည့် ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အတည်ပြုချမှတ်လိုက်သော UNHRC ၏ ဆုံးဖြတ်ချက်ကို မိမိတို့မှ ကြိုဆိုပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏အကျပ်အတည်းကို UNHRC ဆွေးနွေးမှုအစီအစဉ်များ၏ ထိပ်ပိုင်း၌ ဆက်လက်ထားရှိခြင်းကိုလည်း မိမိတို့မှ ကြိုဆိုသည်။ သို့သော် တစ်ဘက်တွင် ငါးနှစ်တာကာလထဲသို့ ဝင်လာနေပြီဖြစ်သည့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၏ ဆိုးရွားပြင်းထန်မှု အတိုင်းအတာအပေါ်တွင်မူ ဤဆုံးဖြတ်ချက်က ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိနေသည်ကိုလည်း တွေ့ရသည်။
စိုးရိမ်စရာကောင်းသည့်အရာမှာ တရားဝင်မှု သို့မဟုတ် ကျင်းပနိုင်သည့် ဥပဒေအကြောင်းခံ တရားမရှိသည့်အပြင် မြန်မာနိုင်ငံ၏နယ်မြေများကိုလည်း ထိရောက်သော ထိန်းချုပ်နိုင်မှု မရှိနေဘဲ ယခုနှစ် သို့မဟုတ် လာမည့်နှစ်ထဲတွင် ရွေးကောက်ပွဲကို ကျင်းပမည်ဟုပြောသည့် မြန်မာစစ်အုပ်စု၏ အစီအစဉ် ပင်ဖြစ်သည်။ ယင်းအတုအယောင်ရွေးကောက်ပွဲသည် ဖက်ဒရယ်ဒီမိုကရေစီ လိုလားသည့် ပြည်သူများ၏ဆန္ဒကို ဆိတ်သုဉ်းသွားစေရန်၊ အာဏာရယူရန်နှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်ဆိုးကို နောက်ထပ်တစ်ကြိမ် တရားဝင်မှုပြုရန်နှင့် ပုံမှန်အခြေအနေပြန်ရောက်ပြီးသည့်ပုံစံအဖြစ် သွတ်သွင်းရန် ရည်ရွယ်ထားသည့် စစ်အုပ်စု၏ ကျရှုံးနေသော အာဏာသိမ်းရေးကြိုးပမ်းမှု ထွက်ပေါက်ဗျူဟာသာ ဖြစ်သည်။ စစ်အုပ်စုသည် ၎င်း၏ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် ပြီးခဲ့သောနှစ်ထဲတွင် ပြုလုပ်သည့် ၎င်းတို့၏ အတုအယောင် သန်းခေါင်စာရင်း ကောက်ယူမှု၌ ပြည်သူများပါဝင်စေရန် လက်နက်ကိုင်များကို အသုံးပြု၍ ခြိမ်းခြောက်ခြင်းများကဲ့သို့ အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ကျူးလွန်နေပြီးသားဖြစ်သည်။ UNHRC သည် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်သော အစီအစဉ်များမှန်သမျှကို ခြွင်းချက်မရှိ ငြင်းပယ်ရမည်။ ဤအဓိပ္ပာယ်မဲ့သော လုပ်ရပ်များတွင် အရပ်သားပြည်သူများကို အတင်းပါဝင်လာစေရန် စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် အတင်းအဓမ္မ နည်းလမ်းများ အသုံးပြုမှုကို တားဆီးကာကွယ်ရန် UNHRC အနေဖြင့် အလေးထားလုပ်ဆောင်ရမည် ဖြစ်သည်။
ယနေ့တွင် မြန်မာပြည်သူများသည် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (National Unity Consultative Council – NUCC)၊ နှင့် တိုင်းရင်းသားကောင်စီများအပါအဝင် ဖက်ဒရယ်ယူနစ်များမှတစ်ဆင့် ဒေသခံအုပ်ချုပ်ရေး အစိုးရများ တည်ထောင်ခြင်း၊ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု၊ ဂျန်ဒါတန်းတူညီမျှမှု၊ နှင့် လူနည်းစုအခွင့်အရေး ဆိုင်ရာမူဝါဒများ ရေးဆွဲခြင်း၊ နှင့် ပညာရေး၊ ကျန်းမာရေး အပါအဝင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီကို အောက်ခြေမှ အထက်သို့ ဦးတည်တည်ဆောက်လျက်ရှိသည်။ ဤကြိုးပမ်းအားထုတ်မှုများသည် ပြည်သူတစ်ရပ်လုံးနှင့် လူမှုအသိုင်းအဝိုင်းများအားလုံးအတွက် လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်းနှင့် တရားမျှတမှုကို လက်လှမ်းမီခြင်းတို့ အမှန်တကယ်ဖြစ်လာနိုင်သည့် အားလုံးပါဝင်သော ငြိမ်းချမ်းသည့် မြန်မာနိုင်ငံတစ်ခု ဖြစ်ပေါ်လာရေးကို ရှေးရှုနေသည်။ စစ်အုပ်စု၏ စဉ်ဆက်မပြတ် အကြမ်းဖက် တိုက်ခိုက်မှုများ ခံနေရချိန်၌ပင် အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်မည့် မြန်မာပြည်သူများ၏ မမောမပန်းအားထုတ်မှုနှင့် တိုင်းဆမရနိုင်သော စတေးမှုများကို UNHRC အနေဖြင့် ခိုင်ခိုင်မာမာ အားပေးထောက်ခံရန်နှင့် အသိအမှတ်ပြုမှုကိုဖော်ပြရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။ ထို့အပြင် မိမိတို့သည် မြန်မာပြည်သူများနှင့်အတူ အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ခု တည်ထောင်နိုင်ရေး လုပ်ဆောင်နေသည့် NUG အား မြန်မာနိုင်ငံ၏ တရားဝင်ကြားကာလအစိုးရအဖြစ် အသိအမှတ်ပြုပြီး ၎င်း၏ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ် ပြုရန်နှင့် ထောက်ခံပံ့ပိုးပေးရန် UNHRC အား ထပ်လောင်းတိုက်တွန်းလိုက်သည်။
လွန်ခဲ့သောလေးနှစ်တာကာလအတွင်းတွင် စစ်အုပ်စုသည် မြန်မာနိုင်ငံတစ်ဝန်း လေကြောင်း တိုက်ခိုက်မှု၊ ဥပဒေမဲ့သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အစုလိုက်အပြုံလိုက်ဥပဒေမဲ့ဖမ်းဆီးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို အရပ်သားပြည်သူများအပေါ်ရည်ရွယ်ချက်ရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်နေခဲ့သည်။ ကျရှုံးနေသောအာဏာသိမ်းရေးကြိုးပမ်းမှုနောက်ပိုင်းတွင် စစ်အုပ်စုသည် အနည်းဆုံးလူဦးရေ ၂၈,၆၀၀ ဦးကို တရားလက်လွှတ်ဖမ်းဆီးခြင်း၊ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂,၂၀၀ ကျော်အပါအဝင် လူဦးရေ ၆,၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၃၁၀ ကျော်ကို ကျူးလွန်ထားပြီဖြစ်သည်။ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် နေ့အထိတွင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၃.၅ သန်းကျော် ရှိပြီဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိတွင် လူဦးရေ ၁၄၂,၈၀၀ ဦးခန့်သည် မြန်မာနိုင်ငံမှ အာရှဖစိဖိတ်ဒေသတွင်းနိုင်ငံများတွင် ထွက်ပြေးတိမ်ရှောင်နေကြရပြီ ဖြစ်သည်။ အဆိုပါကိန်းဂဏန်း များသည် အမှန်တကယ် ဖြစ်ပေါ်နေသော နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရမှုပမာဏကို လျှော့ပေါ့တွက်ချက်ထားသည့် အရေအတွက်များ ဖြစ်နိုင်သည်။
လွန်ခဲ့သောနှစ်နှစ်အတွင်းတွင် စစ်အုပ်စုသည် အရပ်သားအသိုက်အမြုံများနှင့် အခြေခံ အဆောက်အအုံများအပေါ် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (Internally displaced person – IDP) စခန်းများ၊ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများနှင့် သာသနိကနယ်မြေများအပေါ် ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။ ၂၀၂၄ ခုနှစ်အတွင်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု ၂,၅၀၄ ကြိမ် ပြုလုပ်ခဲ့ရာ ယင်းသည် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်နှုန်းခန့်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၀၄ ရာခိုင်နှုန်း မြင့်တက်လာသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်အုပ်စုသည် ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်ရှိ IDP စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် လုပ်ဆောင်ခဲ့ရာ အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သားများ သေဆုံးခဲ့သည်။ စစ်အုပ်စုသည် ပြီးခဲ့သောနှစ်လအတွင်း အရပ်သားပြည်သူများကို တိုက်ခိုက်ရန်နှင့် သတ်ဖြတ်ရန် ပါရာမော်တာများ စတင်သုံးစွဲလာကာ ၎င်းတို့၏ရွာများနှင့် နေအိမ်များကို ရည် ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် သေဆုံးသူ တစ်ဒါဇင်ကျော် ရှိလာပြီ ဖြစ်သည်။
ယခုအခင်းအကျင်းအောက်တွင် UNHRC ၏ ယခင်နှစ်ဆုံးဖြတ်ချက်ထဲတွင်ပါရှိသော စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကြောင့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြင်းထန်သောသက်ရောက်မှုများအပေါ် မှန်ကန်သော အသိအမှတ်ပြုထောက်ပြခြင်းကို မိမိတို့မှ ထောက်ခံကြိုဆိုသည်။ သို့သော် စစ်အုပ်စုသည် ပြစ်ဒဏ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်စွာဖြင့် အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်ဆောင်ရွက်နေသည်ဖြစ်ရာ UNHRC အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ပင်ခြင်းနှင့် ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများကို လုပ်ဆောင်ခြင်းအားဖြင့် မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ရေးလိုအပ်သည့်ခြေလှမ်းတစ်ရပ်ကို လုပ်ဆောင်ရန် မိမိတို့မှ တိုက်တွန်းသည်။ စစ်အုပ်စုအား လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် အခြားသော စစ်ဘက်ဆိုင်ရာအသုံးအဆောင်များကို ပို့ဆောင်၊ ရောင်းချ သို့မဟုတ် လွှဲပြောင်းပေးနေခြင်းများက နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သောရာဇဝတ်မှုများနှင့် အခြားသောရာဇဝတ်မှုများကို အထောက်အပံ့ ပေးနေခြင်းနှင့် အားပေးကူညီနေခြင်းပင်ဖြစ်သည်။ မြန်မာပြည်သူများ အသက်အန္တရာယ်များနှင့် ဆက်လက်ရှင်သန်နေရသည့် အနေအထားတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နိုင်ငံတစ်ဝန်းရှိ အရပ်သားလူထုအသိုင်းအဝိုင်းများအပေါ် ဗုံးကြဲတိုက်ခိုက်မည့် စစ်အုပ်စု၏ လုပ်ဆောင်နိုင်စွမ်းကို လျှော့ချရန်အတွက် စစ်ရေးအရအသုံးပြုသည့် လေယာဉ်ဆီ ထောက်ပံ့ခြင်းကို ပိတ်ဆို့အရေးယူရန်နှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချခွင့် ပိတ်ဆို့မှုတစ်ရပ်ကို ချမှတ်ပေးရန် မိမိတို့မှ အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီဖြစ်သည်။ ပြီးခဲ့သောနှစ်အတွင်း ရုရှားနှင့် တရုတ်တို့က မြန်မာစစ်အုပ်စုကို တိုက်ခိုက်ရေးဒရုန်းများ ပံ့ပိုးကူညီခဲ့ကြောင်း မီဒီယာသတင်းများ ဖော်ပြထားပြီး မိမိတို့၏ တောင်းဆိုမှုများ ဆက်လက်လျစ်လျူရှုခံနေရဆဲဖြစ်နေခြင်းက အလွန်ပင်စိတ်မကောင်းဖွယ်ဖြစ်သည်။
လူ့အခွင့်အရေးအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ရာထူးနေရာ ဆက်လက်ထားရှိခြင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ “လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဒီမိုကရေစီနှင့် အရပ်သားအစိုးရအတွက် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များ အောင်မြင်ပြီးမြောက်မည့် လမ်းကြောင်းများ” နှင့်ပတ်သက်၍ လာမည့်အစီရင်ခံတင်ပြမှု အပါအဝင် UNHRC ၏ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ပုံမှန်စောင့်ကြည့်လေ့လာခြင်းနှင့် အစီရင်ခံတင်ပြခြင်း ဆက်လက်အလေးထားလုပ်ဆောင်မှုကို မိမိတို့မှ ထပ်မံကြိုဆိုလိုက်သည်။ ယင်းအချက်များသည် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာ၏ မီးမောင်းထိုးဖော်ပြမှုအောက်တွင် ဆက်ရှိနေစေရေးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပိုမိုခိုင်မာအားကောင်းသော အရေးယူဆောင်ရွက်မှု ရှိလာစေရေးအတွက် အလွန်ပင် အရေးကြီးသည်။
သို့ရာတွင် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး သေချာစေရန် UNHRC အနေဖြင့် ၎င်း၏ကြိုးပမ်းအားထုတ်မှုကို ပိုမိုအားကောင်းစေရေး နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်ရန် လိုအပ်သည်။ အရေးကြီးဆုံးအချက်အနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ သို့မဟုတ် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့မှ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (International Criminal Court – ICC) သို့ လွှဲပြောင်းရန် သို့မဟုတ် မြန်မာနှင့်ပတ်သက်သော ရာဇဝတ်ကြောင်းအရ တရားစွဲဆိုရေးဆိုင်ရာအဖွဲ့ တစ်ရပ်ကို ဖွဲ့စည်းရေး တောင်းဆိုရန်နှင့်ပတ်သက်၍ UNHRC က ဦးဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ရောမစာချုပ်အပိုဒ် ၁၂(၃) အရ ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်ကတည်းက မြန်မာနိုင်ငံအတွင်း ကျူးလွန်ထားသည့် နိုင်ငံတကာရာဇဝတ်မှုများအပေါ် ICC ၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည့် NUG ၏ ကြေညာချက်ကို UNHRC မှ ကြိုဆိုလက်ခံရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။
ထို့အပြင် အာဂျင်တီးနားအပါအဝင် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ဆိုင်ရာ ဆက်လက် အားထုတ်လုပ်ဆောင်မှုများအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အေဂျင်စီများနှင့် ယန္တရားများမှ ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူများ ပံ့ပိုးကူညီပေးရေးကို UNHRC မှ တောင်းဆိုပေးရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တောင်းဆိုထားသကဲ့သို့ ရောမစာချုပ်အပိုဒ် ၁၄ အရ၊ အတိအကျ ပြောရလျှင် ရောမစာချုပ်၏အဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ICC ကိုလွှဲပြောင်းပေးခြင်းအားဖြင့် တရားမျှတရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရေးကို ရှေးရှုသည့် ခိုင်မာသောလုပ်ဆောင်ချက်ကို ဆောင်ရွက်ရန် မိမိတို့ ထပ်မံတောင်းဆိုလိုက်သည်။
တာဝန်ယူမှု တာဝန်ခံမှုနှင့် မြန်မာနိုင်ငံအခြေအနေမှတ်တမ်းတင်ခြင်း ရည်ရွယ်ချက်အတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (Global Alliance of National Human Rights Institutions – GANHRI) က မြန်မာစစ်အုပ်စု လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ၏ အဆင့်သတ်မှတ်ချက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏ကွန်ရက်မှ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ MNHRC အား ဖယ်ရှားလိုက်ခြင်းသည် ပြည်တွင်း၊ ဒေသတွင်း၊ နိုင်ငံတကာ အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ လေးနှစ်နီးပါးကြာ တစိုက်မတ်မတ် ကြိုးပမ်းမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်းသည် ပါရီအခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းအားဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်နေသော စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အလိုတူအလိုပါ ရှိနေခြင်းကို ထင်ဟပ်နေသည်။ MNHRC နှင့်ပတ်သက်သည့် GANHRI ၏ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံရှိ အခွင့်အရေးများကိုကာကွယ်မည့် အနာဂတ်ဆီသို့ ဦးတည်နေသည့် အရေးပါသော တိုးတက်မှုတစ်ခုအဖြစ် ယင်းကို အသိအမှတ်ပြုရန် UNHRC အား တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂက မြန်မာနိုင်ငံ၏အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျရှုံးနေသော ဘုံသဘောတူညီချက်ငါးရပ် (5PC) အပါအဝင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ကသာ လက်တွေ့ကျသော လမ်းကြောင်းတစ်ခုအဖြစ် အလေးပေးလုပ်ဆောင်နေသည့်အပေါ် မိမိတို့မှ စိတ်ပျက်၊ စိုးရိမ်ပူပန်မိပါသည်။ စစ်အုပ်စုက ဗြောင်ကျကျ အရေးမစိုက်ဘဲနေနေသည့်တိုင် 5PC အပေါ် အာဆီယံ၏ ရေလိုက်လွဲနေသော မှီခိုအားထားနေမှုသည် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏အကြမ်းဖက်မှုများကို အရှိန်မြှင့်ပေးကာ၊ ယင်းသည် ပြည်သူများအပေါ် စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို ဟန့်တားရေးနှင့် ပြည်သူများ၏ လူ့အခွင့်အရေးကို ကာကွယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ ပေးရေးနှင့် အသက်များကယ်တင်ရေးတွင် အာဆီယံအပေါ် ယုံကြည်မှုကို လုံးဝပျက်စီးသွားစေမည် ဖြစ်သည်။ အာဆီယံက စစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံနေခြင်းနှင့် အထောက်အကူပေးနေခြင်းကလည်း မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်များတစ်လျှောက်တွင် အကွက်ချကျူးလွန်သော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို အလျင်အမြန်ပျံ့နှံ့ဖြစ်ပွားခွင့်ပြုနေသကဲ့သို့ ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေပြီး ကမ္ဘာတစ်ဝန်းပြည်သူများအတွက်လည်း အန္တရာယ်ကျရောက်နိုင်ခြေ ရှိနေသည်။ ကုလသမဂ္ဂသည် အာဆီယံနောက်ကွယ်တွင် ပုန်းကွယ်မနေသင့်ဘဲ မြန်မာပြည်သူများကို အကာအကွယ်ပေးရေးအတွက် ခိုင်မာသောလုပ်ဆောင်ချက်များကို တိုက်ရိုက်လုပ်ဆောင်သွားရမည် ဖြစ်သည်။ UNHRC သည် အကျပ်အတည်းကို ဖြေရှင်းရန်အတွက် မြန်မာပြည်သူများ ဦးဆောင်ပြီး ပြည်သူကိုဗဟိုပြုသည့် ဖြေရှင်းချက်တစ်ရပ် ရရှိရန် အာဆီယံမှ ၎င်း၏ 5PC ကို ကျော်လွန်၍ ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းပြီး ပံ့ပိုးကူညီပေးရမည်ဖြစ်သည်။
UNHRC သည် အောက်မှအထက်သို့ဦးတည်သည့် ဖက်ဒရယ်ဒီမိုကရေစီကို အုတ်မြစ်ချရန် မြန်မာပြည်သူများ၏ အားထုတ်ကြိုးပမ်းမှုများနှင့် ၎င်းတို့၏ “လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု၊ အားလုံးပါဝင်မှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ ဒီမိုကရေစီနှင့် အရပ်သားအစိုးရတစ်ရပ် ပေါ်ထွန်းလာရေး မျှော်မှန်းချက်များ” ကို အပြည့်အဝ ထောက်ခံပံ့ပိုးပေးရမည် ဖြစ်သည်။ UNHRC အနေဖြင့် မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုနိုင်မည့် အထူးခုံရုံးတစ်ခုဖွဲ့စည်းရေးအတွက် ဖြစ်နိုင်ခြေရှိသည့်လမ်းကြောင်းအားလုံး ရှာဖွေပေးရေးအပါအဝင် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းစဉ်များ အတွက် အကူအညီများ တိုးမြှင့်ပေးရန်လည်း မိမိတို့မှ တောင်းဆိုသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ယခုအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသည့်အဖွဲ့အစည်း ၂ ဖွဲ့ အပါအဝင် အဖွဲ့အစည်းစုစုပေါင်း ၁၂၁ ဖွဲ့ တို့က လက်မှတ်ရေးထိုးထားသည်။
Additional endorsement
PDF ဖိုင်ဖြင့် ရယူရန်။ မြန်မာဘာသာ ၊ English
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.