20 February 2025
ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပါဝင်သည်ဟုစွပ်စွဲချက်ဖြင့် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံရှိ စစ်ဘက်နှင့်အစိုးရရာထူးများတွင် တာဝန်ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ် ၂၅ ဦးအတွက် အာဂျင်တီးနားတရားရုံးမှ ထုတ်ပြန်ထားသောနိုင်ငံတကာဖမ်းဝရမ်းများကို အဖွဲ့၀င်နိုင်ငံများက သက်ရောက်မှုရှိစေရန် လိုက်နာဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားလိုက်သည်။ ဝရမ်းထုတ်ခံရသူများတွင် မြန်မာစစ်တပ်၏ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ထိုစဉ်က ထမ်းဆောင်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်သည်။
SAC-M သည် အာဂျင်တီးနားအစိုးရအား ဤအရေးပါသောတိုးတက်မှုအပေါ်တွင်အခြေခံ၍ ဝရမ်းတွင် အမည်ပါရှိသူများအား အာဂျင်တီးနားသို့တရားရင်ဆိုင်ရန် လွှဲပြောင်းပေးရေးစတင်ရန်အတွက် အင်တာပိုလ် (Interpol) သို့ Red Notices များ ထုတ်ပြန်ပေးရန်တောင်းဆိုခြင်းဖြင့် ဆက်လက်တိုးချဲ့ဖော်ဆောင်သွားရန် တိုက်တွန်းပါသည်။
ရိုဟင်ဂျာ အသက်ရှင်ကျန်ရစ်သူများသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် မြန်မာနိုင်ငံ၌ မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက ၎င်းတို့အပေါ်ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှုရရှိရန် မဆုတ်မနစ်ကြိုးပမ်းခဲ့ကြသည်။ ပြီးခဲ့သည့်အပတ်က တရားရုံး၏ဆုံးဖြတ်ချက်သည် ကမ္ဘ့ာနေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်(Universal Jurisdiction) အောက်တွင် Burmese Rohingya Organisation UK (BROUK) က အာဂျင်တီးနားတွင် ၂၀၁၉ ခုနှစ်က တိုင်ကြားခဲ့သောတိုင်ကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ စွပ်စွဲခံရသူများကို တာဝန်ခံ/ယူမှုရှိစေရန် တရားရုံးများ၏လုပ်ဆောင်ခဲ့သမျှတွင် အပြင်းထန်ဆုံးသော လုပ်ဆောင်ချက်ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံတွင် အမြင့်ဆုံးသော အရပ်သားရာထူးများကိုရယူခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်တို့အား ဝရမ်းများတွင်ထည့်သွင်းခြင်းသည် အံ့အားသင့်ဖွယ်ရာမဟုတ်ပေ။ အာဂျင်တီးနားတရားရုံးသည် ရုရှားနှင့်အစ္စရေးတို့တွင် အမြင့်ဆုံးသော အရပ်သားအာဏာပိုင်များဖြစ်သော Vladimir Putin နှင့် Benjamin Netanyahu တို့အပေါ်နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်းများထုတ်ပြန်ခဲ့စဉ်က ကျင့်သုံးခဲ့ဖူးသော တူညီသည့် ဥပဒေစံနှုန်းများကိုကျင့်သုံးခဲ့ခြင်းဖြစ်သည်။
SAC-M သည် ဝရမ်းတွင်အမည်ပါရှိသော ပုဂ္ဂိုလ် ၂၅ ဦးစလုံးအား စုံစမ်းစစ်ဆေးရန် အာဂျင်တီးနားတရားရုံးသို့ လာရောက်အဖမ်းခံရန်တိုက်တွန်းပြီး တရားရုံးက စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် ထိုက်လျော်သည်ဟုယူဆပါက ထိုပုဂ္ဂိုလ်များကို တရားစွဲဆိုသွားမည်ဖြစ်သည်။ ဤရည်ရွယ်ချက်အတွက်အလို့ငှာ မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်အား အာဂျင်တီးနားသို့ သွားရောက်နိုင်စေရန် ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ ချက်ချင်းပြန်လွှတ်ပေးသင့်သည်။
မြန်မာစစ်တပ်မှရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အား အစိုးရနှင့် ပါလီမန်၏အရပ်ဘက်ပိုင်းမှ အကြွင်းမဲ့လုပ်ပိုင်ခွင့်အာဏာပေးအပ်ခဲ့ပြီး ယခင်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် စစ်ရေးစစ်ဆင်မှုများအပေါ် မည်သည့်ထိန်းချုပ်မှုမှမရှိစေရန် ဖယ်ထုတ်ခံထားသည်ကို တရားရုံးက သိရှိသွားမည်ဖြစ်သည်။ ယခင်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ဖြစ်နိုင်ခြေရှိသော ရာဇဝတ်မှုဆိုင်ရာတာဝန်မကင်းခြင်းကို ရှုမြင်ရာတွင်တရားရုံးသည် ထိုဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအခြေအနေကို စစ်ဆေးမည်ဟု SAC-M က ယုံကြည်ပါသည်။
ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအမည်ပါရှိသူ ၂၃ ဦးတို့သည် ၎င်းတို့၏ အခွင့်အရေးဖြစ်သည့်အတိုင်း မည်သည့်စွဲချက်ကိုမဆို ခုခံချေပရန် အခွင့်အလမ်း အပြည့်အဝရရှိမည်ဖြစ်ပြီး နိုင်ငံတကာတရားမျှတမှုစံနှုန်းများနှင့်အညီ ဆက်ဆံခံရမည်ကိုလည်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ဤမျှတသော တရားစီရင်ရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံရှိ မရေမတွက်နိုင်သော အရပ်သားများ စစ်ခုံရုံးများရှေ့မှောက်သို့ အတင်းအကျပ်ဆွဲခေါ်ခြင်းခံရပြီး၊ တရားမျှတမှုကင်းမဲ့စွာ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် စစ်တပ်မှသေဒဏ်ပေးခြင်းတို့ကို ခံနေရသည့်အခြေအနေနှင့် သိသိသာသာ ကွဲပြားခြားနားလျက်ရှိသည်။
နိုဝင်ဘာလတွင် ICC ၏ တရားလိုရှေ့နေရုံးသည် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သော လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများတွင် မင်းအောင်လှိုင်၏ အခန်းကဏ္ဍအတွက် ၎င်းအား ဖမ်းဝရမ်းထုတ်ပေးရန်လျှောက်ထားခဲ့သည်။ SAC-M သည် ICC တရားသူကြီးများအား မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းအား ထပ်မံနှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ထုတ်ပေးရန်အလို့ငှာ တိုက်တွန်းလိုက်ပါသည်။ ထို့ပြင် SAC-M သည် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) အား မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အပိုဒ် ၁၂(၃) အရ တင်သွင်းချက်ကို တရားဝင်လက်ခံရန်တိုက်တွန်းပြီး ICC အဖွဲ့ဝင်နိုင်ငံများအား ရောမဥပဒေ (Rome Statute) ပုဒ်မ ၁၄ ကို အသုံးပြု၍ မြန်မာနိုင်ငံ၏အမှုကို ICC တရားလိုရှေ့နေထံသို့ တရားဝင်လွှဲပြောင်းပေးပို့ရန် တောင်းဆိုလိုက်သည်။
တရားမျှတမှုရရှိစေရန်နှင့် အပြစ်ပေးအရေးယူခြင်းမှကင်းလွတ်နေမှုကို အပြီးတိုင်အဆုံးသတ်နိုင်စေရေးအတွက် သေချာခိုင်မာစေရန်အလို့ငှာ မြန်မာနိုင်ငံတွင် တာဝန်ခံ/ယူမှုရှိစေရေးအတွက် ခဲယဥ်းစွာကြိုးပမ်းတိုက်ပွဲ၀င်ထားရသောနိုင်ငံတကာ၏ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.