ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု အတွက် မြန်မာစစ်တပ် ခေါင်းဆောင်များအား ဖမ်းဝရမ်း ထုတ်ပြန်မှုအပေါ် သဘောထားကြေညာချက်

19 February 2025

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု အတွက် မြန်မာစစ်တပ် ခေါင်းဆောင်များအား  ဖမ်းဝရမ်း ထုတ်ပြန်မှုအပေါ် သဘောထားကြေညာချက်

ဖေဖေါ်ဝါရီ ၁၄ရက် ၂၀၂၅ ခုနှစ်တွင် အာဂျင်တီးနား နိုင်ငံ Buenos Aires မြို့ တရားရုံး တရုံးမှ မင်းအောင်လှိုင်၊ စိုးဝင်းတို့ အပါအဝင်မြန်မာ စစ်ခေါင်းဆောင် ၂၃ဦး နှင့် အရပ်သား အစိုးရ ခေါင်းဆောင် ၂ဦး ဖြစ်သည့် သမ္မတဟောင်း ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှု အတွက် တရားရုံးတင် စစ်ဆေးရန် ဖမ်းဆီးမိန့် ဝရမ်းတရပ် ထုတ်ပြန်ခဲ့သည်။

ကျွန်ုပ်တို့ အနေဖြင့် ရိုဟင်ဂျာလူမျိုးများ အပေါ် လူမျိုးတုန်းသတ်ဖြတ်မှု အတွက် တရားမျှတမှု ဖော်ထုတ်ရန် ကြိုးပမ်းမှုတရပ် ဖြစ်သည့် အဆိုပါဖြစ်စဉ်ကို တရားမျှတမှု ဖော်ထုတ်ရေးနှင့် ပြစ်ဒဏ် ကင်းလွတ်ခွင့် အဆုံးသတ်ရေး အခြေခံမူအရ ထောက်ခံကြိုဆို အပ်သည်။

သို့ရာတွင် စစ်တပ်မှ တဖက်သတ် ရေးဆွဲခဲ့သော ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အရ –

(၁) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးသည် ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်ပေး ညွှန်ကြားမှု အောက်တွင် ရှိခြင်း၊

(၂) ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို လက်တွေ့ကျူးလွန်ခဲ့ကြသည့် စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်တပ် စသည့် တပ်ဖွဲ့များကို ဦးဆောင်ရသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်လုံခြုံရေး ဝန်ကြီးဌာန ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ဝန်ကြီးများကို ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ် အမိန့်ပေးခြင်း၊

(၃) နယ်မြေရှင်းလင်းရေးစီမံချက် ကဲ့သို့ စစ်ရေးလှုပ်ရှားမှုများသည် စစ်တပ်၏ သီးခြားဖြစ်၍ တိုက်ရိုက် ကွပ်ကဲမှုဖြင့်သာ ဆောင်ရွက်နိုင်ခြင်းတို့ အပါအဝင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ရွေးကောက်ခံ အရပ်သား အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာများသည် အကန့်အသတ်များစွာရှိခြင်း စသည့် အချက်များအရ

သမ္မတဟောင်း ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့သည် ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိစွာ ဦးဆောင်ညွှန်ကြား၍ ကျူးလွန်မှု ပြုလုပ်နိုင်သည့် အခြေအနေမျိုးတွင် ဖြစ်စေ  စစ်တပ်မှ ကျူးလွန်နေမှုများ အပေါ် တားဆီးနိုင်သည့် လုပ်ပိုင်ခွင့် အာဏာ ဖြစ်စေ ရှိခဲ့သည် သို့မဟုတ် မရှိခဲ့ဟု ယခုအချိန်တွင် ကောက်ချက်ချရန် ခက်ခဲသည်ကို တွေ့ရသည်။

ထို့ပြင် လက်ရှိကာလတွင် စစ်တပ်မှ အာဏာသိမ်း၍ မတရားအမှုများဆင်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ် ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား ယခုကဲ့သို့ ဖမ်းဝရမ်း ထုတ်ခြင်းအပေါ် ရင်ဆိုင် ဖြေရှင်းရန်နှင့် ပြန်လည် ခုခံချေပရန် ဆောင်ရွက်နိုင်သည့် အခြေအနေတွင် ရှိမနေပေ။

မြန်မာနိုင်ငံတွင် လက်ရှိ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ် အမျိုးမျိုး အမြစ်ပြတ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တို့အပြင် ခေတ်အဆက်ဆက် အာဏာပိုင်များမှ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ဖိနှိပ်မှုများအတွက် တရားမျှတမှု ပြန်လည် ဖော်ထုတ်၍ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိနေသည့် အလေ့အထကိုလည်း အဆုံးသတ်စေမည်ဖြစ်သည်။

ယင်းသို့ တရားမျှတမှုကို ရှာဖွေရန် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ တရားမျှတမှုဖော်ထုတ်ရေး မူဝါဒများ၊ အစီအမံများ ယန္တရားများ ချမှတ်ရေးဆွဲ ဖွဲ့စည်းသွားရန်လည်း နိုင်ငံရေးဦးဆောင် အဖွဲ့အစည်းများမှ ဆောင်ရွက်နေကြပြီ ဖြစ်သည်။

ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သော လူမျိုးတုန်း သတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှု အမျိုးမျိုး အတွက် တရားမျှတမှု ဖော်ထုတ်ရာတွင်လည်း လိုအပ်ပါက ထိုအချိန်က တာဝန်ယူခဲ့သည့် ရွေးကောက်ခံ အရပ်သား အစိုးရ ခေါင်းဆောင်များ အနေဖြင့် ပါဝင်ခဲ့ခြင်း၊ ထောက်ခံအားပေးခဲ့ခြင်း၊ ကာကွယ်တားဆီးမှု မပြုခဲ့ခြင်း စသည့် ကျူးလွန်မှုများ တစုံတရာ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိကို စုံစမ်းဖော်ထုတ် သွားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ရက်စက်ကြမ်းကြုတ်မှုများ နေ့စဉ်ကျူးလွန်နေသည့် စစ်အာဏာရှင်စနစ်အောက်မှ ရိုဟင်ဂျာ လူမျိုးများ အပါအဝင် မြန်မာပြည်သူများ အမြန်ဆုံး လွတ်မြောက်ခွင့် ရနိုင်ပြီး မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသည့် အခင်းအကျင်းများ ပေါ်ပေါက်လာရေးအတွက် အာဂျင်တီးနား နိုင်ငံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ကျူးလွန်သူ စစ်ခေါင်းဆောင်များ အပေါ် အရေးယူခြင်းကို ပိုမိုတိုးမြှင့် လုပ်ဆောင်ရန်နှင့် စစ်အာဏာရှင် စနစ်အမြန်ဆုံး ချုပ်ငြိမ်းစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကူညီပံ့ပိုးပေးရန်လည်း တိုက်တွန်း နှိုးဆော်အပ်သည်။


pdf ဖိုင် ရယူရန် in English | Myanmar

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia