လူ့အခွင့်အရေးကော်မရှင် အသစ်တရပ်ပေါ်ရန် NUG , CRPH , NUCC နှင့် အရပ်ဘက်အဖွဲ့များ ကြိုးပမ်း

February 18th, 2025  •  Author:   Mizzima  •  1 minute read
Featured image

လူ့အခွင့်အရေးကိစ္စရပ်များ ဆောင်ရွက်မည့် ကော်မရှင် အသစ်တရပ်ပေါ်ပေါက်ရေး NUG , CRPH, NUCC နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပူးပေါင်းဆောက်ရွက်နေကြောင်း သိရသည်။

‘ မြန်မာစစ်အုပ်စုထိန်းချုပ်ထားသော MNHRC ကို ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကွန်ရက်မှဖယ်ရှား’ ခေါင်းစဥ်ဖြင့် ယနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်)တွင် အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။

ကော်မရှင်အသစ်ပေါ်ပေါက်ရေးကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသား အစုအဖွဲ့များနှင့် ဆွေးနွေးမှုများရှိပြီး ကျန်ရှိနေသည့် တခြားအဖွဲ့အစည်းများ ဆက်လက်ပါဝင်ဆွေးနွေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း အသံ – လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် စည်းရုံးလှုပ်ရှားမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မZee Pe က မဇ္ဈိမ၏ မေးမြန်းမှု ကိုပြန်လည် ဖြေကြားသည်။

“ လူ့အခွင့်အရေးအဖွဲ့ အသစ်အတွဥက် ဥပဒေကြမ်းလည်း ကျွန်တော်တို့ ဝိုင်းပြီး အကြမ်း လုပ်တဲ့ဟာတွေရှိတယ်။ ဒါအခုလည်း အပြန်ပြန်အလှန်လှန် ဆွေးနွေးတာတွေလည်း အကုန်လုပ်ပြီးသားဖြစ်တယ်ပေါ့နော်” ဟု မျိုးဆက်လှိုင်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုဘိုဘိုက ထိုဆွေနွေးပွဲတွင် ပြောသည်။

NUG အနေဖြင့် ၎င်းတို့ ရေးဆွဲထားသည့် ဥပဒေကြမ်းကို အတည်ပြုရန် ရှိ၊ မရှိကိုမူ မပြောနိုင်သေးကြောင်း ၎င်းကဆိုသည်။ ထိုဥပဒေကြမ်းကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ရေးဆွဲထားပြီး NUG,NUCCနှင့် CRPH ထံ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်တွင် ပထမအကြိမ်တင်သွင်းခဲ့ပြီး အစည်းအဝေးကြီးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားကြောင်း အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ (GANHRI) က ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်တွင် ကြေညာထားသည်။ ထို့ပြင် ဖေဖော်ဝါရီလ ၁၃ ရက်ကလည်း စစ်ကောင်စီ၏ MNHRC အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အသိအမှတ်မပြုကြောင်းနှင့် ဖျက်သိမ်းကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးအရ(NUG) အနေဖြင့် လွတ်လပ်အမှီအခိုကင်းသည့် လူ့အခွင့်အရေးကော်မရှင်အသစ်တရပ်ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် မိမိတို့အလုပ်အဖွဲ့မှ ဆက်လက်၍ တိုက်တွန်းတောင်းဆိုသွားပါမည်ဟု ထိုဆွေးနွေးပွဲတွင်ပါဝင်သည့် ရှေ့ပြေးအသံအဖွဲ့၏အမှုဆောင်ဒါရိုက်တာ နန်းဇွန်မိုး ထပ်လောင်းပြောကြားသည်။

စစ်အာဏာသိမ်းစဉ်ကစပြီး လက်ရှိအချိန်အထိ စစ်ကောင်စီနှင့် ပတ်သက်နေပြီး စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် နှုတ်ဆိတ်နေသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ယုံကြည်စိတ်ချရသော၊ လွတ်လပ် အမှီအခိုကင်းသော၊ ထိရောက်သော စသည့် နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနကြီး (NHRI) များတွက် စံနှုန်းသတ်မှတ်ထားသည့် ပါရီအခြေခံမူတွေကို ချိုးဖောက်ခဲ့ကြောင်း သိရသည်။

ယခုသတင်းစာရှင်းလင်းပွဲကို လွတ်လပ်သောနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက် လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (အလုပ်အဖွဲ့) က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအလုပ်အဖွဲ့သည် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀ ခန့် ပါဝင်ဖွဲ့စည်းထားသည့် ကွန်ရက်ဖြစ်သည်။ ထိုကွန်ရက်သည် MNHRC အစား သီးခြားလွတ်လပ်သည့် နိုင်ငံအဆင့် လူ့အခွင့်ကော်မရှင်တရပ်ပေါ်ပေါက်လာရန် ၂၀၁၉ ခုနှစ်ကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

ပုံအညွှန်း – ၂၀၂၅၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က မြန်မာစစ်အုပ်စုထိန်းချုပ်ထားသော MNHRC ကို ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကွန်ရက်မှဖယ်ရှား အွန်လိုင်းသတင်းစာရှင်းလင်းပွဲကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – လွတ်လပ်သောနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက် လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ )


Original post