မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကော်မရှင်အသစ်တစ်ရပ် ထူထောင်နိုင်ရေး ကြိုးပမ်းနေပြီး NUG ကို ဆက်လက်တိုက်တွန်း တောင်းဆိုသွားမည်

18 February 2025

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကော်မရှင်အသစ်တစ်ရပ် ထူထောင်နိုင်ရေး ကြိုးပမ်းနေပြီး NUG ကို ဆက်လက်တိုက်တွန်း တောင်းဆိုသွားမည်

မြန်မာနိုင်ငံတွင် ပါရီအခြေခံမူများနှင့် ကိုက်ညီသော နိုင်ငံအဆင့် လူ့အခွင့်အရေး ကော်မရှင် အသစ်တစ်ရပ် ထူထောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ဆက်လက်တိုက်တွန်း တောင်းဆိုသွားမည်ဖြစ်ကြောင်း အလုပ်အဖွဲ့ထံက သိရသည်။

“အလုပ်အဖွဲ့” ဟု အတိုကောက်ခေါ်သော လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ)သည် ယင်းကိစ္စနှင့် ပတ်သက်၍ ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင် အွန်လိုင်းမှတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“ဘာကြောင့်လဲဆိုရင် သီးခြားလွတ်လပ်တဲ့ နိုင်ငံအဆင့် လူ့အခွင့်အရေး ကော်မရှင်တစ်ရပ် လိုအပ် နေသလိုပဲ နိုင်ငံတကာမှာ စစ်အုပ်စု ချိုးဖောက်နေတဲ့ ကိစ္စတွေကို ကိုယ်စားပြုမှု ပြောဆိုတာတွေ လိုအပ်ပါတယ်” ဟု အလုပ်အဖွဲ့မှ မ Zee Pe၊ က မီဒီယာများကို ပြောသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် ယခုနှစ်အတွင်း ရှေ့လေးနှစ်တာ ကာလများအတိုင်း ဒေသတွင်းနှင့် နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းစဉ်များ၊ ကမ်ပိန်းများ၊ ဆွေးနွေးပွဲများ စသည်တို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်ပေးရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

အလားတူ ကျန်ရှိနေသေးသည့် နိုင်ငံတကာ လူ့အခွင့်အရေး ကွန်ရက်များကလည်း စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC)ကို ကိုယ်စားပြုမှုမှ ရုပ်သိမ်းဖယ်ရှားပေးရန် အရေးတကြီး လိုအပ်နေပြီး ဆက်လက်တွန်းသွားမည်ဟု အလုပ်အဖွဲ့ထံက သိရသည်။

“နောက်တစ်ခုက ပြည်သူလူထုအားလုံးရဲ့ လူ့အခွင့်အရေးတွေကို ကျောသားရင်သား မခွဲခြားဘဲ ဘယ်အစိုးရတက်တက်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် သူတို့ရဲ့ ထိန်းချုပ်မှုမပါဘဲ လွတ်လပ်ပြီး တရားမျှတမှုတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ လိုအပ်တယ်” ဟု အလုပ်အဖွဲ့မှ မ Zee Pe၊ က ဆိုသည်။

ထို့ကြောင့် အလုပ်အဖွဲ့အနေဖြင့် သီးခြားလွတ်လပ်သည့် နိုင်ငံအဆင့် လူ့အခွင့်အရေး ကော်မရှင်တစ်ရပ် ဖြစ်ပေါ်လာရန် ဥပဒေကြမ်းအား နိုင်ငံတကာ အကြံပေးအဖွဲ့များနှင့်အတူ အချိန်ယူ ရေးဆွဲထားပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လျန်ရေး အဖွဲ့အစည်းများ (EROs) စသည်တို့နှင့်လည်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအလုပ်အဖွဲ့ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက နောက်ခံမတူကွဲပြားသော နိုင်ငံဒေသအနှံ့ရှိ လူ့အခွင့်အရေး ကိစ္စရပ်မျိုးစုံဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသည့် CSO များဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ Progressive Voice အပါအဝင် အရပ်ဘက်လူထုအဖွဲ့အစည်း ၂၀ ဖွဲ့ရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ MNHRC ကို ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေး ကွန်ရက် များတွင် အကြီးမားဆုံး ကွန်ရက်တစ်ခုဖြစ်သော ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်၌ ၎င်း၏ကွန်ရက်မှ ဖယ်ရှားလိုက်ကြောင်း သိရသည်။

ထို့အတူ NUG ကလည်း စစ်ကောင်စီ လက်အောက်ခံ MNHRC ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းကြောင်း ယခုရက်အတွင်း ထုတ်ပြန်ထားပြီး နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများအား လက်ခံတွေ့ဆုံခြင်း၊ အစည်းအဝေးများ ဖိတ်ကြားခြင်း မပြုလုပ်ရန် တိုက်တွန်းထားသည်။

စစ်ကောင်စီကမူ အာဏာသိမ်းပြီးနောက် MNHRC ကို ၎င်းတို့သက်တမ်းနှင့်အတူ တိုးမြှင့်၍ လက်ကိုင်တုတ်အဖြစ် အသုံးချကာ ယခုနှစ် ဇန်နဝါရီ ၃၁ ရက်ကလည်း စစ်အုပ်စုအလိုကျ ရပ်တည်ဆောင်ရွက်ခဲ့သော အဖွဲ့ဝင်ဟောင်းအများစုဖြင့် ထပ်မံဖွဲ့စည်းလိုက်ကြောင်း သိရသည်။


Original post 

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia