05 February 2025
သို့
ကပ်စပါဗဲဒ်ကပ်၊ နိုင်ငံခြားရေးဝန်ကြီး
ဒစ်ခ်ဘဲလ်ယက်စ်၊ စီးပွားရေးဝန်ကြီး
အီလ်ကိုဟေနန်၊ ဘဏ္ဍာရေးဝန်ကြီး
၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလ ၅ရက်
အကြောင်းအရာ။။ Airbus နှင့် Aviation Industry Corporation of China (AVIC) တို့၏ စီးပွားဆက်ဆံရေးကိစ္စ
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းကြိုးပမ်းမှုနောက် အချိန် ၄ နှစ် အတွင်း စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် အခြားသောဆိုးရွားပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူ အပြစ်ပေးခံရခြင်း စိုးစဥ်းမျှမရှိဘဲ ဆက်လက်ကျူးလွန်လျက်ရှိသည်။ အဆိုပါအကြမ်းဖက် စစ်ဆင်ရေးကို လုပ်ဆောင်နေနိုင်ခြင်းမှာ စစ်အုပ်စုက တိုက်ခိုက်ရေးလေယာဉ်များနှင့် ဆက်စပ်ထိန်းသိမ်းပြုပြင် မွမ်းမံရေးဆိုင်ရာ နည်းပညာအကူအညီများအပါအဝင် စစ်လက်နက်များကို ဆက်လက်ရရှိနေခြင်းကြောင့်သာ ဖြစ်သည်။
Aviation Industry Corporation of China (AVIC) သည် စစ်အုပ်စုအတွက် စစ်လေယာဉ်များ အဓိကရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးများပြုလုပ်ပေးသည့် ကုမ္ပဏီဖြစ်သည်။
ဝန်ကြီးများ သိရှိပြီးဖြစ်သည့်အတိုင်း Airbus သည် AVIC ၏ အဓိကရင်းနှီးမြှုပ်နှံသူနှင့် မိတ်ဖက်ကုမ္ပဏီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအကျပ်အတည်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ ယုံကြည်ထိုက်သော စောင့်ကြည့်မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းများ ရှိနေသည်ဖြစ်ရာ စစ်အုပ်စုထံ လက်နက်ရောင်းချပေးနေသည့် AVIC ၏ အခန်းကဏ္ဍတို့အပေါ် Airbus အနေဖြင့် AVIC နှင့် ပူးပေါင်းဆောင်ရွက်မှုသည် ပြဿနာကြီးဖြစ်နိုင်ကြောင်း သိရှိရမည် ဖြစ်ပါသည်။ သို့ရာတွင် Airbus အနေဖြင့် AVIC နှင့် ဆက်ပြီးပူးပေါင်းဆောင်ရွက်သည့်အပြင် ဟောင်ကောင်စာရင်းဝင်ကုမ္ပဏီ AviChina Industry & Technology Company Limited မှတဆင့် AVIC ၏ ကုမ္ပဏီခွဲများစွာတို့တွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်ထားရှိခဲ့သည်။ Airbus သည် AviChina ၏ အကြီးဆုံးနိုင်ငံတကာရှယ်ယာရှင်ဖြစ်သည်။ သို့ဖြစ်ရာ Airbus အနေဖြင့် AviChina ၏ မဟာဗျူဟာဆုံးဖြတ်ချက်များအပေါ် ကြီးမားသည့် ဩဇာလွှမ်းမိုးမှု ရှိနေသည်။
၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် AviChina ၏ နောက်ဆုံးထုတ်အစီရင်ခံစာတွင် “ကုမ္ပဏီ သည် အခြေခံအားဖြင့် မိမိတို့ကုမ္ပဏီခွဲများမှတဆင့် လုပ်ငန်းများဆောင်ရွက်ကြောင်း”၊ AviChina အုပ်စုသည် “ပြည်တွင်းနှင့် ပြည်ပဝယ်ယူသူများအတွက် ဟယ်လီကော်ပတာများ၊ လေ့ကျင့်ရေး လေယာဉ်များ၊ ဘက်စုံသုံးလေယာဉ်များနှင့် ဒေသသုံးဂျက်လေယာဉ်များ ရောင်းချပေးအပ်ခြင်း၊ ပြည်ပလေကြောင်းထုတ်လုပ်ရေးကုမ္ပဏီများနှင့် လေကြောင်းဆိုင်ရာထုတ်ကုန်များ ပူးတွဲတီထွင် ထုတ်လုပ်ခြင်းများကဲ့သို့သော အရပ်ဘက်လေကြောင်းထုတ်ကုန်များနှင့် ကာကွယ်ရေးထုတ်ကုန် များကို တီထွင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် အဓိက လုပ်ဆောင်ကြောင်း” ဖော်ပြထားသည်။
ကုမ္ပဏီအုပ်စု၏ အဓိကထုတ်ကုန်များတွင် K8 လေ့ကျင့်ရေး လေယာဉ်နှင့် Y-12 ဘက်စုံသုံး လေယာဉ်များ ပါဝင်ကြောင်း အစီရင်ခံစာအရ သိရသည်။ အဆိုပါလေယာဉ်နှစ်မျိုးလုံးကို မြန်မာစစ်အုပ်စုက အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ဝယ်ယူ အသုံးပြုခဲ့ပြီး၊ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများတွင် ယင်းလေယာဉ် များကို ဆက်လက်အသုံးပြုကြောင်း မကြာခဏဆိုသလို မှတ်တမ်းများ ရရှိခဲ့သည်။
AviChina က မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်များ၊ ဆက်စပ် စစ်လက်နက်များနှင့် ပစ္စည်းများအား ရောင်းချပေးမှုသည် လက်ခံနိုင်ဖွယ်မရှိသည့် အန္တရာယ်ဖြစ်မှုအတွက် နယ်သာလန် ရင်းနှီးမြှုပ်နှံသူ အဖွဲ့အစည်းများသည် AviChina အား ၎င်းတို့၏ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများ စာရင်းမှ အတူတကွ ဖယ်ရှားခဲ့ကြသည်ကို ကျွန်ုပ်တို့ သိရှိရပါသည်။ နယ်သာလန်နိုင်ငံ အနေဖြင့်လည်း ကော်ပိုရိတ်များ လူ့အခွင့်အရေး လေးစားလိုက်နာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာထိခိုက်နစ်နာမှုများအတွက် ကော်ပိုရိတ် တာဝန်ယူတာဝန်ခံမှု မြှင့်တင်ရန် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD) တို့ အပါအဝင် နိုင်ငံတကာ ဆွေးနွေးမှုများတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေကြောင်းကိုလည်း ကျွန်ုပ်တို့ သိရှိရပါသည်။
ထို့အပြင် မြန်မာနိုင်ငံသည် အီးယူ၏ စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးပြဌာန်းချက် ချမှတ်ခံထား ရသည်ဖြစ်ရာ Airbus ကုမ္ပဏီအနေဖြင့် စစ်အုပ်စု၏လက်နက်ပွဲစားကုမ္ပဏီအား ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံမှုများ ပေးအပ်ခြင်းဖြင့် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်သည်။
အဖွဲ့ဝင်နိုင်ငံများမှ ၂၀၁၈ ခုနှစ်တွင် သက်တမ်းတိုးလိုက်သည့် ယင်းပိတ်ပင်ချက်တွင် အီးယူအတွင်းရှိ ကုမ္ပဏီအဖွဲ့အစည်း များအား “နိုင်ငံတွင်းဖိနှိပ်မှုများအတွက် အသုံးပြုနိုင်သည့် စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ ထောက်ပံ့ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် တင်ပို့ခြင်း တို့အတွက်လည်းကောင်း၊ မြန်မာ/ဗမာနိုင်ငံအတွင်းရှိ မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း သို့မဟုတ် အစုအဖွဲ့အတွက် သို့မဟုတ် မြန်မာ/ဗမာနိုင်ငံအတွင်း အသုံးပြုရန်အတွက် ဆက်စပ်နည်းပညာအကူ အညီ၊ ကြာခံဆောင်ရွက်မှုနှင့် အခြားဝန်ဆောင်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေးအပ်ခြင်းအတွက်လည်းကောင်း အထူးသဖြင့် ထောက်ပံ့ငွေများ၊ ချေးငွေများနှင့် ပို့ကုန်အကြွေး အာမခံမှုများ အပါအဝင် ဘဏ္ဍာငွေထောက်ပံ့ခြင်း သို့မဟုတ် စစ်ဘက်လုပ်ငန်းများနှင့် ဆက်စပ် သည့် ဘဏ္ဍာရေးဆိုင်ရာအကူအညီပေးအပ်ခြင်း” တို့ကို တားမြစ်ထားသည်။
တနည်းဆိုရသော် AviChina တွင် ရှယ်ယာများ ပိုင်ဆိုင်ထားခြင်းဖြင့် Airbus ကုမ္ပဏီသည် ဝန်ကြီးများ၏ အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိသည့် စစ်လက်နက် ရောင်းချမှုပိတ်ပင်ရေး ပြဌာန်းချက်ကို ချိုးဖောက်ရာ ရောက်နိုင်ပေသည်။
Airbus သည် ဝန်ကြီးများ၏ နိုင်ငံတွင် ဥပဒေအရ အခြေစိုက်တည်ရှိသည့်ကုမ္ပဏီ ဖြစ်ပါသည်။ ယင်းအချက်တစ်ခုတည်းအရဖြစ်စေ၊ လူ့အခွင့်အရေးကို စီးပွားရေးလုပ်ငန်းများက လေးစား လိုက်နာမှုမြှင့်တင်ရန် နယ်သာလန်နိုင်ငံ၏ ကတိကဝတ်များရှိထားခြင်းကြောင့်ဖြစ်စေ နယ်သာလန် အစိုးရအနေဖြင့် Airbus အား ၎င်းတို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်လုံးတွင် လူ့အခွင့်အရေး အား လေးစားလိုက်နာရန် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းကျေပွန်စေရေးအတွက် အဓိကအခန်းကဏ္ဍတွင် ရှိနေကြောင်း ကျွန်ုပ်တို့ မှတ်ယူပါသည်။
AVIC ကုမ္ပဏီခွဲများနှင့် မိတ်ဖက်များက စစ်အုပ်စုထံ ဆက်လက်ရောင်းချပေးအပ်နေသည့် စစ်ဘက် လေယာဉ်များ၊ အပိုပစ္စည်းအစိတ်အပိုင်းများနှင့် ဆက်စပ်သော ပြုပြင်ထိန်းသိမ်းမွမ်းမံရေးဝန်ဆောင်မှုများအား မြန်မာစစ်အုပ်စုရရှိနေမှုကို ပိတ်ပင်ဟန့်တားရန်အတွက် စစ်မှန်ပြီး၊ ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် ယခုအိတ်ဖွင့်ပေးစာတွင် လက်မှတ်ရေးထိုးထားသည့် ကျွန်ုပ်တို့အဖွဲ့အစည်းများမှ နယ်သာလန်အစိုးရကို တိုက်တွန်း တောင်းဆိုပါသည်။
အထူးသဖြင့်
၁)AVIC နှင့် မြန်မာစစ်တပ်တို့၏ စီးပွားရေးကို ရပ်တန့်ရန်အတွက် ၎င်းတို့၏ ဩဇာလွှမ်းမိုး နိုင်မှုကို အသုံးပြုခြင်းဖြင့် Airbus ကုမ္ပဏီအား နိုင်ငံတကာလူ့အခွင့်အရေးတာဝန်ဝတ္တရားများ နှင့်အညီ ဆောင်ရွက်စေရန်။
၂) မြန်မာနိုင်ငံသို့ AVIC လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများ ဆက်လက်ရှိနေပါက Airbus ကုမ္ပဏီအနေဖြင့်AviChina မှ ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းပြီး၊ AVIC နှင့် ၎င်းတို့၏ စီးပွားရေးဆက်ဆံမှုကို အဆုံးသတ်စေရန်။
တို့ကို တိုက်တွန်းတောင်းဆိုပါသည်။
လေးစားစွာဖြင့်
ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်း (၃၆၁)ဖွဲ့။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု – [email protected]
ယခုအိတ်ဖွင့်ပေးစာကို လုံခြုံရေးဆိုင်ရာအကြောင်းပြချက်များကြောင့် အမည်ဖော်ပြနိုင်ခြင်း မရှိသည့် အဖွဲ့အစည်း (၇၃) ဖွဲ့ အပါအဝင် အဖွဲ့အစည်းပေါင်း (၃၆၁) တို့က လက်မှတ်ရေးထိုးထားသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.