31 January 2025
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်အုပ်စုမှ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု တစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။ လေးနှစ်တာကာလတခုလုံး မြန်မာပြည်သူများသည် အကြမ်းဖက် စစ်အုပ်စုအား ရဲရင့်စွာ ခုခံတော်လှန်ခဲ့ကြပြီး၊ တိုင်းပြည်အပေါ် စစ်အုပ်စုလွှမ်းမိုးအုပ်ချုပ်နိုင်မှု မရှိစေရေးအလို့ငှာ ကျားကုတ်ကျားခဲ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့ကြသည်။
လက်တုံ့ပြန်သည့်အနေဖြင့် မြန်မာစစ်အုပ်စုသည် ပြည်သူလူထုအပေါ် စုပေါင်းဒဏ်ခတ်မှုကို ကျင့်သုံးခဲ့ပြီး၊ နိုင်ငံတဝန်းလုံးအကြမ်းဖက်စစ်ဆင်ရေးကို စတင်ကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်းစိုးစဥ်းမျှမရှိဘဲ ဆက်လက်ကျူးလွန်လျက်ရှိသည်။ ခုခံတော်လှန်မှုများ မြင့်တက်လာသည်နှင့်အမျှ စစ်အုပ်စုသည် သွေးထွက်သံယို အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများအပြင် ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘုရားကျောင်းများအား ပြာပုံဖြစ်အောင် သွေးရူးသွေးတန်းနှင့် တိုးမြှင့်လုပ်ဆောင်ခဲ့မှုကြောင့် လူပေါင်း ၃.၃ သန်းကျော် နေရပ်စွန့်ခွာစေခဲ့ သည့် လူသားစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။
ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် မြန်မာစစ်အုပ်စု၏ ဆယ်စုနှစ်များစွာကြာ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုကြီးများ ကျူးလွန်နိုင်ရန် အာဆီယံ၏ ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီကွန်ရက်များချိတ်ဆက်ပေးမှု၊ အရပ်သားပြည်သူများအပေါ် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် လေယာဉ်ဆီနှင့် စစ်လက်နက်များ ဆက်လက်ရောင်းချ ထောက်ပံ့နေမှုစသည့် သံတမန်ရေး၊ စစ်ရေး၊ နည်းပညာ၊ ဘဏ္ဍာရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ အကူအညီများက အားပေးကူညီခဲ့ခြင်း ဖြစ်သည်။
မြန်မာ့အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုအားလုံးအား အဆုံးသတ်ရန် အာဆီယံကို အကြိမ်ကြိမ်တောင်းဆိုမှုများ ရှိခဲ့သော်လည်း အာဆီယံနှင့် ၎င်းတို့၏ အရေးပါသော အဖွဲ့ဝင်နိုင်ငံများသည် စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်လက်အားပေး ကူညီခဲ့ကြပြီး၊ မြန်မာပြည်သူများအပေါ် သစ္စာဖောက်ဖျက်ရုံသာမက “ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးကို ဦးတည်သည့် တန်ဖိုးများပိုမိုခိုင်မာစေရေး” ဟူသည့် ၎င်းတို့၏ ကိုယ်ပိုင်ကတိကဝတ်များကိုပါ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြသည်။
အာဆီယံသည် စစ်အုပ်စုအတွက် နိုင်ငံရေးတရားဝင်မှုကို အကြိမ်ကြိမ် ပေးအပ်ခဲ့ပြီး၊ မြန်မာစစ်တပ်ကို အရပ်သားပြည်သူများအား သတ်ဖြတ်နိုင်ရန် လေ့ကျင့်သင်ကြားမှု ပေးအပ်ခဲ့သည်။ စစ်အုပ်စု၏ လေတပ်ချုပ်နှင့် ရေတပ်ချုပ်တို့ကဲ့သို့သော စစ်ရာဇဝတ်ကောင်များကို အစည်းအဝေးများ၏ ဥက္ကဌများ အဖြစ်ပါ ခွင့်ပြုပေးခဲ့သည်။
အာဆီယံမိတ်ဖက်များဖြစ်ကြသည့် အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ အီးယူ၊ ယူကေနှင့် ကနေဒါတို့သည် စစ်အုပ်စုနှင့် ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်းများ၊ ၎င်းတို့မိတ်ဖက်များ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သည့်အချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့နှင့် ပုံမှန်အတိုင်း စီးပွားရေးဆက်လက်လုပ်ဆောင်ခဲ့သည်။
ထိုင်းနိုင်ငံပိုင် ရေနံစီးပွားရေးလုပ်ငန်းစုကြီး PTT Exploration and Production Public Company Limited (PTTEP) သည် စစ်အုပ်စုနှင့် ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းနှစ်ခုဖြစ်သော ရတနာနှင့် ဇောတိက၊ ဆက်စပ်ဓါတ်ငွေ့ပိုက်လိုင်းများကို ကြီးကြပ်လုပ်ကိုင်လျက်ရှိပြီး၊ ရက်စက်ကြမ်းကြုတ်မှုကြီးများအတွက် ဘဏ္ဍာငွေထောက်ပံ့ပေးလျက်ရှိသည်။ PTTEP သည် စစ်အုပ်စုထံ အကျိုးအမြတ်များ ဆက်လက်စီးဝင်ရောက်ရှိစေမည့် သဘာဝဓါတ်ငွေ့တွင်းများကို ဆက်လက်တူးဖော်ခဲ့သည်။
ဗီယက်နမ်နိုင်ငံသည် မြန်မာစစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မိတ်ဖက်ပြု၍ Mytel ၏ နောက်ခံကုမ္ပဏီ Telecom International Myanmar တွင် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင်ကုမ္ပဏီ Viettel ၏ ရင်းနှီးမြှုပ်နှံမှုမှတဆင့် စစ်အုပ်စု၏ အရေးပါသောစီးပွားရေးမိတ်ဖက်အဖြစ် ရှိနေသည်။ Mytel ၏ အကျိုးအမြတ်ခန့်မှန်းတွက်ချက်မှုအား ဆန်းစစ်လေ့လာရာတွင် မြန်မာစစ်အုပ်စုအနေဖြင့် လာမည့်နှစ်များအတွင်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ဝင်ငွေရရှိနိုင်ကြောင်း တွေ့ရှိရသည်။ စစ်အုပ်စုသည် Viettel ၏ ပံ့ပိုးကူညီမှုဖြင့် Mytel အား ပြည်သူများအပေါ် စောင့်ကြည့်ထောက်လှမ်းရာတွင်လည်း အသုံးပြုနေသည်။
မလေးရှား၏ အချမ်းသာဆုံးသူဌေးကြီး Robert Kuok သည် မြန်မာစစ်အုပ်စုထံမှ ငှားရမ်းထားသည့် မြေနေရာပေါ်တွင် တည်ဆောက်ထားသော Sule Square အိမ်ခြံမြေဖော်ဆောင်မှုကို လုပ်ကိုင်သည့် Shangri-La Group ၏ တည်ထောင်သူ ဖြစ်သည်။ အဆိုပါလုပ်ငန်းသဘောတူညီမှုကို မြန်မာစစ်အုပ်စုက ဒီမိုကရေစီကျောင်းသားလှုပ်ရှားမှုအား အကြမ်းဖက်ဖြိုးခွဲခဲ့သည့် ၁၉၉၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ Kuok မိသားစုသည် စစ်အုပ်စု၏ ၂၀၂၁ ခုနှစ် အာဏာသိမ်း ကြိုးပမ်းမှုတွင်လည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
လက်ရှိအာဆီယံဥက္ကဌ မလေးရှားနိုင်ငံသည် ၎င်းတို့၏ နိုင်ငံသားများနှင့် ကုမ္ပဏီများအား မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ဆောင်မှုကို တားဆီးရန် ပျက်ကွက်ခဲ့သည်။
မြန်မာစစ်အုပ်စု၏ နိုင်ငံတကာစီးပွားရေးဗဟိုချက်ဖြစ်ခဲ့သည့် စင်ကာပူနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၊ ယူကေ၊ အီးယူနှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် တေဇ ကဲ့သို့သော စစ်အုပ်စုခရိုနီများနှင့် မိတ်ဖက်အပေါင်းအပါတို့ကို ၎င်းတို့နိုင်ငံအတွင်း စီးပွားရေး လုပ်ဆောင်ရန် ဆက်လက်ခွင့်ပြုထားသည်။
စင်ကာပူကုမ္ပဏီ Interra Resources အတွက် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုသည် အကျိုးအမြတ်ပင် ဖြစ်စေခဲ့ပြီး၊ ၎င်းတို့သည် စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးအတွက် စွမ်းအင်ဖြည့်ရန် အသုံးပြုသည့် ရေနံစိမ်းများကို ဆက်လက်ထုတ်ယူခွင့် ရရှိနေသည်။
စင်ကာပူအခြေစိုက်ကုမ္ပဏီများသည် မြန်မာစစ်အုပ်စုအတွက် တတိယအကြီးဆုံး စစ်လက်နက် ပစ္စည်းရင်းမြစ်ဖြစ်ကြောင်း ထုတ်ဖော်သည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာ၊ စင်ကာပူနိုင်ငံအတွင်းရှိ မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ ၃၈ ခု စာရင်းအား Justice For Myanmar ၏ ထုတ်ဖော်မှုများ နောက်ပိုင်း စင်ကာပူနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ စစ်လက်နက်နှင့် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများ စီးဝင်မှုကို ကာကွယ်ရန် လုပ်ဆောင်ထားကြောင်း အများပြည်သူသို့ထုတ်ပြန်ကြေညာချက်နှင့်အညီ ပိုမိုအားစိုက်၍ လိုက်နာကျင့်သုံးဆောင်ရွက်ရမည် ဖြစ်သည်။
စင်ကာပူအနေဖြင့် ဘဏ္ဍာငွေများ နှင့် လေယာဥ်ဆီများကို စစ်အုပ်စုရရှိနေမှုအား မဖြစ်မနေ ပိတ်ဆို့ ရမည် ဖြစ်သည်။
ဘရူနိုင်းနှင့် အင်ဒိုနီးရှားတို့ကဲ့သို့သော အခြားသောအာဆီယံအစိုးရများနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံရှိတရားမဝင်စစ်အုပ်စု၊ ၎င်းတို့၏ ခရိုနီများနှင့် စီးပွားရေး သဘောတူညီချက်အသစ်များ လက်မှတ်ရေးထိုးခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်းအားဖြင့် မြန်မာပြည်သူတို့၏ ဒုက္ခဝေဒနာများကို ပိုမို ဆိုးရွားစေလျက် ရှိသည်။
အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှုပေးအပ်ခြင်းအားလုံး ရပ်တန့်ခြင်း၊ စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးပစ္စည်းများ၊ နည်းပညာနှင့် လေယာဉ်ဆီ ရရှိနေမှုအား ဖြတ်တောက်ခြင်းဖြင့် မြန်မာပြည်သူများအပေါ် စစ်အုပ်စုကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများတွင် ၎င်းတို့၏ ကြံရာပါပတ်သက်နေမှုကို ချက်ချင်းအဆုံးသတ်ရမည် ဖြစ်သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်အုပ်စုရဲ့တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု၊ အကြမ်းဖက်မှုတွေကို လေးနှစ်တိုင်တိုင် မြန်မာပြည်သူတွေက စစ်အုပ်စုအပေါ် ကြံ့ကြံ့ခံခုခံတွန်းလှန်မှုကို မလျှော့တမ်း ဆက်လက်လုပ်ဆောင်နေကြပါတယ်။
ပြည်သူတွေဆီက အာဏာကို အကြမ်းဖက်ရယူဖို့ စစ်အုပ်စုရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို လေးနှစ်ကြာတဲ့အထိ အရာမထင်အောင် စွန့်လွှတ်ပေးဆပ်ခဲ့ကြသူတွေကို အလေးအမြတ် ဂုဏ်ပြုအပ်ပါတယ်။ ဒီစစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖျက်သိမ်းနိုင်ဖို့ အတူတကွ ဆက်လက်လုပ်ဆောင်သွားပါ့မယ်။
အာဆီယံအနေနဲ့ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုရပ်တန့်ဖို့၊ သူတို့ရဲ့ ခရိုနီစီးပွားရေးသမားတွေ၊ စစ်လက်နက်ပွဲစားတွေ၊ မိတ်ဖက်တွေအပေါ် ပူးပေါင်းချမှတ်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ထောက်ခံပံ့ပိုးဖို့၊ စစ်ရာဇဝတ်ဂိုဏ်းကို တစ်ခါတည်းအပြီးတိုင် ဖျက်သိမ်းရေးအတွက် ထောက်ခံပံ့ပိုးဖို့ အလွန်ကို အချိန်နှောင်းနေပြီ ဖြစ်ပါတယ်။
အာဆီယံအနေနဲ့ အစည်းအဝေးအားလုံးကနေ စစ်အုပ်စုနဲ့ သူရဲ့ကိုယ်စားလှယ်တွေကို ဖယ်ထုတ်တာ၊ သူတို့ရဲ့ စစ်ရေး၊ နည်းပညာ၊ ဘဏ္ဍာရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာအကူအညီတွေ အဆုံးသတ်ရပ်တန့်တာတွေလုပ်ပြီး စစ်အုပ်စုကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သတ်နေမှုကို အဆုံးသတ်ရပါမယ်။ ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ လူမျိုးစုခုခံတွန်းလှန်ရေး အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တရားဝင် ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ရပါမယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တရားမဝင်စစ်အုပ်စုဆီ ငွေပေးချေနေတာတွေ ဖြတ်တောက်ပြီး၊ စစ်လက်နက်၊ စက်ပစ္စည်း၊ နည်းပညာနဲ့ လေယာဉ်ဆီ ရောက်ရှိနေတဲ့ လမ်းကြောင်းတွေကို ရပ်တန့်ပေးပါ။
ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ ပြဌာန်းချက်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာပြည်သူတွေကသာ ပိုင်ဆိုင်ပြီး၊ ဦးဆောင်ရမှာ ဖြစ်ပါတယ်။
အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပြီး၊ ပြည်သူတွေ ဦးဆောင်တဲ့ နိုင်ငံတော်တစ်ရပ်တည်ဆောက်ရေးအတွက် ပြည်သူတို့ရဲ့ စုပေါင်းအားထုတ်မှုတွေကို အသိအမှတ် ပြုရပါမယ်။ လူသားဆန်မှုနဲ့ မှန်တဲ့ဘက်ကရပ်တည်ဖို့ ရွေးချယ်ရမယ့်အချိန် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
pdf ဖိုင် ရယူရန် မြန်မာဘာသာဖြင့် | အင်္ဂလိပ်ဘာသာဖြင့်
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.