စစ်တပ်မှအာဏာသိမ်းပြီး လေးနှစ်အကြာ မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှုမရှိသေး

စစ်တပ်မှအာဏာသိမ်းပြီး လေးနှစ်အကြာ မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှုမရှိသေး

လွန်ခဲ့သည့် လေးနှစ်က မြန်မာနိုင်ငံ၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းဖယ်ရှားခဲ့သည်။  ထိုအချိန်မှစ၍ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားမှ စုဆောင်း ဆန်းစစ်ခဲ့သည့် အထောက်အထားများအရ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများစွာ နိုင်ငံအနှံ့တွင် ကျူးလွန်မှုများ ရှိခဲ့သည်။

စစ်အစိုးရကို ဆန့်ကျင်သော ဆန္ဒပြပွဲများကို သေစေလောက်သည့် အကြမ်းဖက်နှိမ်နင်းမှုများဖြင့် ဖြိုခွင်းခဲ့သည်။  ထောင်ပေါင်းများစွာသော ဆန့်ကျင်သူများအား ဥပဒေမဲ့ထောင်သွင်းအကျဥ်းချခဲ့ပြီး ၎င်းတို့အနေဖြင့် နှိပ်စက်ညှဥ်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် အခြား အကြမ်းဖက်ခြင်းများကိုလည်းခံစားခဲ့ရသည်။  လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက် လက်နက်ကြီးများနှင့် ဒရုန်းများမှတဆင့် ခွဲခြားမှုမရှိဘဲမကြာခဏတိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ၎င်းတို့နေအိမ်များမှထွက်ပြေးရကာ  ဆေးရုံများ၊ ကျောင်းများနှင့် ဆုတောင်းဝတ်ပြုရာနေရာများလည်း ပျက်စီးခဲ့ရသည်။

ယန္တရားမှ ကောက်ယူစုဆောင်းထားသည့် အထောက်အထားအများစုမှာ မြန်မာစစ်တပ်က ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် သက်ဆိုင်သော်လည်း မုဒိမ်းမှု၊ သတ်ဖြတ်မှုနှင့် ညှဥ်းပန်းနှိပ်စက်မှုများအပါအဝင် အခြားသောလက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် စပ်လျဥ်းသည့် အစီရင်ခံစာများကိုလည်း ကျွန်ုပ်တို့အနေဖြင့် စစ်ဆေးလျက် ရှိပါသည်။ ယန္တရားအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ကျူးလွန်ထားသည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများနှင့် ပတ်သက်သည့် အထောက်အထားများကို ကျူးလွန်သူ (သို့မဟုတ်) ကျူးလွန်ခံရသူများ၏ လူမျိုး၊ ဘာသာ (သို့မဟုတ်) နိုင်ငံရေးခံယူချက် ကိုမကြည့်ဘဲ ကောက်ယူစုဆောင်းလျက်ရှိပါသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေးလုပ်ငန်းများအတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ဥပဒေအရာရှိမှ တောင်းဆိုထားပါသည်။  သို့ရာတွင် စစ်အာဏာသိမ်းပြီးချိန်မှစပြီး လတ်တလော ကျူးလွန်ထားသည့် ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တရားစွဲဆိုစီရင်ခြင်းများ မရှိသေးပါ။ ကျူးလွန်ထားသော ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်နေခြင်းသည် ကျူးလွန်သူများအား အကြမ်းဖက်မှုများ ပိုမိုကျူးလွန်ရန် ပိုမိုရဲတင်းလာစေသည့်အတွက် မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားအားအားလုံးအတွက် ငြိမ်းချမ်းသော အနာဂတ်ကို တည်ဆောက်ရန် ၎င်း ပြစ်ဒဏ်ကင်းလွတ်နေခြင်းကို အဆုံးသတ်ရန်လိုအပ်သည်ဟု ယုံကြည်ပါသည်။

ယန္တရားအနေဖြင့် ၎င်းအမှုများကို စုံစမ်းဖော်ထုတ်တရားစွဲဆိုလိုသည့် အာဏာပိုင်များကို ကူညီရန်အသင့်ရှိပါသည်။  ကျူးလွန်သူများ တရားဥပဒေရှေ့မှောက် မရောက်မချင်း အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေမည်ဖြစ်ပြီး မြန်မာပြည်သူပြည်သားများအနေဖြင့် ဆင်းရဲဒုက္ခပိုမိုခံစားရမည်သာဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ တရားရုံးများတွင် လူပုဂ္ဂိုလ်များကို တရားစွဲဆိုရာတွင် အသုံးပြုနိုင်မည့် အထောက်အထားများကို ထိန်းသိမ်းစုစည်းကာ အမှုတွဲများကိုပြင်ဆင်ခြင်းဖြင့် တရားမျှတမှုနှင့် တာဝန်ခံမှုများ ဖြစ်ထွန်းလာရေးကူညီရန် ရည်ရွယ်ပါသည်။

ပိုမို သိရှိရန် iimm.un.org  ကို ကြည့်နိုင်သလို iimm@un.org ကို ဆက်သွယ်နိုင်ပါသည်။


Original post 

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia